Politics

လိုအင်တွေကြားက မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ကို မြောက်ကိုရီးယား နိုင်ငံသားတွေရောက်ရှိနေကြောင်းကို သိနိုင်ဖို့ အတွက် ဝေးဝေး လိုက်ရှာစရာ မလိုပါ။ ဗဟန်းမြို့နယ် ဆရာစံလမ်းမှာ ဖွင့်လှစ်ထားသည့် Pyongyang Koryo စားသောက်ဆိုင်သည် ငွေကြေးမလုံမလောက် ဖြစ် နေသည့် ပြုံယမ်းမြို့က အစိုးရအတွက် အသည်းအသန် လိုအပ်နေသည့် နိုင်ငံခြားငွေများကို ဒေသတွင်းမှာ ရှာဖွေပေး နေသည့် မြောက်ကိုရီးယား စားသောက်ဆိုင် လုပ်ငန်းတွေထဲက တခုဖြစ်သည်။ တရုတ်နိုင်ငံက မြို့ကြီးတွေမှာ၊ လာအို နိုင်ငံက ဗီယန်ကျင်းမြို့မှာ၊ ကမ္ဘောဒီးယား နိုင်ငံက ဖနွမ်းပင်နှင့် ဆီယမ်ယိ မြို့တွေမှာ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ပတ္တယားမှာ အလားတူဆိုင်တွေ ရှိနေပါသည်။

သို့သော်လည်း မြောက်ကိုရီးယားများ မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းတွင် ဟော့ပေါ့၊ ခေါက်ဆွဲအေး နှင့် ကင်မ်ချီများ ရောင်းချရန်ထက် ပိုသော သံသယဖြစ်ဖွယ်ရာ အကြောင်းများရှိနေသည်။ မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ စစ်လက် နက်ပစ္စည်းများ အဓိက ထောက်ပံ့ပေးနေသော နိုင်ငံအဖြစ် ဆယ်စုနှစ်တခုကျော် ရပ်တည်ခဲ့သည့် နိုင်ငံဖြစ်သည်။ မြောက်ကိုရီးယားမှ ဥမင်လိုဏ်ခေါင်းတူးဖော်ရေး ကျွမ်းကျင်သူများက မြန်မာအာဏာပိုင်များကို ဗုံးခိုကျင်းများနှင့် အခြား မြေအောက် အဆောက်အဦးများ တည်ဆောက်ရန် ကူညီပေးခဲ့ကြသည်။

နှစ်ပေါင်းများစွာ အသံတိတ်ပြုလုပ်ခဲ့သော မြန်မာနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ယခုပြည်ထောင်စုလွှတ်တော် နာယက) ပြုံယမ်းမြို့သို့ လျှို့ဝှက်စွာ သွားရောက်လည်ပတ်ခဲ့ပြီး မြောက်ကိုရီးယား စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Kim Kyok-sik နှင့် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးခဲ့သည့် အချိန်မှစ၍ တရားဝင် ဖြစ်လာခဲ့သည်။

ထိုသဘောတူညီချက်နှင့် မြောက်ကိုရီးယား နှင့် မြန်မာတို့၏ အထွေထွေဆက်ဆံရေးကြောင့်ပင်  အမေရိကန်က မြန်မာ နိုင်ငံနှင့် ပတ်သက်သော ၎င်းတို့၏ မူဝါဒကို အထီးကျန်နိုင်ငံတခုဖြစ်အောင် ကြဉ်ထားခြင်း၊ ပြင်းပြင်းထန်ထန်ဝေဖန် ပြစ် တင်ခြင်းနှင့် ဒဏ်ခတ်ပိတ်ဆို့ခြင်းများ အစား ပြန်လည် အဆက်အဆံပြုလုပ်ပြီး စစ်ဖက်ဆိုင်ရာ နယ်ပယ် အပါအဝင် ပြည်သူ လူထုအတွက်လိုအပ်သော အကူအညီအားလုံးကို ပေးအပ်ဖို့ ကတိပြုသည့် နည်းလမ်းဆီသို့ ပြောင်းလဲ စေခဲ့သည်။

အမေရိကန်က မြန်မာနိုင်ငံကို ချဉ်းကပ်ရခြင်း၏ ရေရှည် ရည်ရွယ်ချက်တွင် တရုတ်နိုင်ငံ ပါဝင်နေသော်လည်း လတ်တလော ရည်မှန်းချက်မှာ တောင်အာရှနှင့် အရှေ့တောင်အာရှ ကြားတွင် ဗျူဟာမြောက်စွာတည်ရှိနေသည့် မြန်မာနိုင်ငံတွင် မြောက်ကိုရီးယားနှင့် ခိုင်ခိုင်မာမာ ဖြစ်တည်လာနေသည့် ဆက်ဆံရေးကို ကာကွယ်တားဆီးနိုင်ရေး ဖြစ်သည်။ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ အပြင်ဖက်မှ နိုင်ငံတခုအဖြစ် နှစ်ပေါင်းများစွာ ကျဉ်ထားခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတ ဦးသိန်းစိန် အာဏာရလာသောအခါ ဆက်ဆံရေးကောင်းမွန်လာအောင် တိုးမြှင့်ဆောင်ရွက်ရန် အချိန်အခါ ရောက်ပြီဟု အမေရိကန် အစိုးရက ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း မြန်မာနှင့် မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုက ဆက်လက်တည်ရှိနေသည် ဆိုခြင်းကို ယခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်တပ်၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ဆိုင်ရာ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနှင့် တရားမဝင် လက်နက်ရောင်းဝယ်ခြင်းတွင် ပါဝင် ပတ်သက်မှုအတွက် နာမည်ပျက်စာရင်းသွင်းခဲ့ခြင်းက ပို၍ထင်ရှားစေခဲ့သည်။

အချက်ပြမှုများဖြင့် အသိပေး

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် မြန်မာအစိုးရကို ဦးတည် ပိတ်ဆို့ခြင်း မဟုတ်ကြောင်း အသေ အချာ ထည့်သွင်း ဖော်ပြထားပြီး မြန်မာနိုင်ငံက မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးအရ ဆက်သွယ်နေမှုနှင့် သီးခြား ဖြစ်သော အပြုသဘောဆောင်သည့် ခြေလှမ်းများဖြင့် ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။ သို့သော်လည်း စဉ်းစားဆင်ခြင်တတ်သော မည်သည့် လေ့လာသုံးသပ်သူမဆို ယခုလို အရေးပါပြီး အထိအခိုက် မခံနိုင်သည့် ကိစ္စမျိုးကို ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး က သူတဦးတည်း၏ သဘောဖြင့် လွတ်လပ်စွာဆောင်ရွက်နိုင်မည် မဟုတ်ဟု စောဒက တက်ကြပေမည်။ အမေရိကန် အစိုးရ တာဝန်ရှိသူများ အနေဖြင့်လည်း ထိုအချက်ကို သံသယမရှိ နားလည်ကြသည်။ သို့သော် သမ္မတနှင့် ထိပ်တိုက် ဆန့်ကျင်ခြင်းမပြုသော်လည်း မြန်မာအစိုးရ၏ ဆက်လက်ဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှုကို သတိထားစောင့်ကြည့်နေကြောင်း အသိပေးလိုခြင်းဖြစ်ပါသည်။

၂၀၀၇ ခုနှစ် ဧပြီလတွင် မြောက်ကိုရီးယား နှင့် မြန်မာတို့ ၁၉၈၃ ခုနှစ် အောက်တိုဘာလတွင် မြောက်ကိုရီးယား ထောက်လှမ်းရေးသမားများက ဗုံးခွဲတိုက်ခိုက်ခဲ့၍ ရန်ကုန်မြို့သို့ ရောက်ရှိနေသော တောင်ကိုရီးယား အစိုးရတာဝန်ရှိသူ ၁၇ ဦး အပါအဝင် လူ ၂၁ ဦး သေဆုံးခဲ့ရသည့် လုပ်ကြံမှု ဖြစ်ပွားပြီးကတည်းက ဖြတ်တောက်ထားသော  သံတမန် ဆက်ဆံရေးကို ပြန်လည်ထူထောင်ခဲ့သည်။ သို့သော်လည်း ၂၀၀၇ ခုနှစ် မတိုင်မီကတည်းက အတော်အသင့်ရင်းနှီးသော ဆက်ဆံမှုရှိခဲ့ပြီး ဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည်ဆက်ဆံမှုပြုခြင်းသည် မမျှော်လင့်ထားသည့် အကြောင်းအရာတခုဟု မဆိုနိုင်ပါ။

တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံလုံးသည် ဦးနု ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေစဉ်ကထဲက ရန်ကုန်မြို့တွင် တရားမဝင် ကောင်စစ်ဝန်ရုံးထားရှိပြီး ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်း ယူလိုက်ပြီး နောက်ပိုင်းတွင်လည်း နှစ်နိုင်ငံလုံးနှင့် ပုံမှန်ဆက်ဆံရေး ရှိနေခဲ့သော်လည်း မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား တို့၏ ဆက်ဆံရေးသည် တောင်ကိုရီးယားနှင့် ဆက်ဆံရေးထက် ပို၍ နွေးထွေးလာခဲ့သည်။

၁၉၆၆ ခုနှစ်တွင် မြန်မာအစိုးရသတင်းဌာန မြန်မာ့သတင်းစဉ်နှင့် မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီတို့ သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့သည့် အတွက် မြန်မာနိုင်ငံသားများ ရန်ကုန်မြို့တွင် မြောက်ကိုရီးယား သတင်းဌာန၏ သတင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း မြောက်ကိုရီးယား နိုင်ငံသို့ တရားဝင်သွားရောက်လည်ပတ်ခဲ့ပြီးနောက် ထိုစဉ်က မြန်မာနိုင်ငံ၏ တခုတည်းသော နိုင်ငံရေးပါတီဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နှင့် ညီအကိုရင်းချာသဖွယ် ဆက်ဆံရေးရှိသည့် ပထမဆုံးသော ကွန်မြူနစ် နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ ပြုံယမ်းမြို့တွင်ကျင်းပသော မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ၆ ကြိမ်မြောက် ညီလာခံသို့ တက်ရောက်ခဲ့ ကြသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ ၁၉၇၇ ခုနှစ် ခရီးစဉ်အတွင်း ညှိနှိုင်းခဲ့သော စီးပွားရေး ဆိုင်ရာ သဘောတူညီချက်အရ မြောက် ကိုရီးယား က မြန်မာနိုင်ငံကို သံဖြူစက်ရုံ၊ မှန်စက်ရုံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ဓာတုချည်မျှင်စက်ရုံများ တည်ဆောက် လည်ပတ်နိုင်ရန် ကူညီပေးခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားက စက်ပစ္စည်း ကရိယာများ၊ ဘိလပ်မြေနှင့် ဓာတု ပစ္စည်း များ အပါအဝင် စက်မှုထုတ်ကုန်များ ထောက်ပံ့ပေးခဲ့သည်။ အပြန်အလှန်အဖြစ် မြန်မာနိုင်ငံက ဝါဂွမ်း၊ ရာဘာ၊ သစ်၊ ဆန် နှင့် တွင်းထွက်သတ္တုများကို မြောက်ကိုရီးယားသို့ တင်ပို့ပေးခဲ့သည်။ သို့သော်လည်း ထိုကာလများအတွင်းတွင် စစ်လက် နက် ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ အထောက်အထားမတွေ့ရှိရပါ။

ဆက်ဆံရေးကို ထိန်းထား

၁၉၇၀ နှင့် ၈၀ နှစ်များအတွင်း မြောက်ကိုရီးယားနှင့် နီးကပ်သောဆက်ဆံရေးကို မြန်မာဖက်က ထိန်းသိမ်းထားလိုခြင်းမှာ ထိုစဉ်က မြောက်ကိုရီးယား ကျင့်သုံးခဲ့သော ကမ္ဘာတဝှမ်းလုံးရှိ တော်လှန်ရေးလှုပ်ရှားမှုများကို ထောက်ခံရေးမူဝါဒကြောင့် ဖြစ်ဖွယ်ရာရှိသည်။ ထိုအချိန်က မြန်မာအစိုးရသည် ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်မှုကို အပြင်းအထန်ရင်ဆိုင် နေရပြီး မြောက်ကိုရီးယားနှင့် ရန်သူ ဖြစ်လိုခြင်းမရှိခဲ့ပေ။ ထို့ကြောင့် တရုတ်နိုင်ငံကသာ မြန်မာပြည်ကွန်မြူနစ်ပါတီကို လက်နက်နှင့် အခြား ထောက်ပံ့မှုများ ပေးခဲ့ပြီး မြောက်ကိုရီးယားက ထောက်ပံ့မှု မပြုခဲ့ပါ။

၁၉၈၃ ခုနှစ်၌ ရန်ကုန်တွင်ဖြစ်ပေါ်ခဲ့သည့် ှဗုံးခွဲတိုက်ခိုက်မှုက မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံကြားရှိ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို အလှည့်အပြောင်းဖြစ်စေခဲ့သည်ကတော့ သေချာပါသည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မကြာမီအချိန်အတွင်း တွင် မြောက်ကိုရီးယား ထောက်လှမ်းရေးသမား တယောက်ကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့သော်လည်း နှစ်ယောက်ကို အရှင်ဖမ်းမိခဲ့သည်။ ၎င်းတို့ နှစ်ဦးလုံးကို တရားရုံးက သေဒဏ်ချမှတ်ခဲ့သော်လည်း ဗိုလ်မှူး Zin Mo တဦးတည်းသာ ကြိုးစင်တက်ခဲ့ရပြီး ဖောက်ခွဲရေး ကျွမ်းကျင်သူ ဗိုလ်ကြီး Kang Min-chul က စုံစမ်း စစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် အသက်ချမ်းသာခွင့်ရရှိခဲ့သည်။

နောက်ထပ် ဆယ်စုနှစ် တခုကျော်မျှ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံကြားတွင် မည်သို့သော အပြန်အလှန်ဆက်ဆံမှုမျှ မရှိခဲ့ဘဲ ၁၉၉၀ နှစ်များ အလယ်ပိုင်းလောက်ရောက်မှ ဆက်ဆံရေးပြန်လည် စတင်နိုင်ခဲ့သည်။ ထိုစဉ်က ထိုင်းနိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ် Ri Do-sop ကို ဘန်ကောက်မြို့ရှိ မြန်မာသံအမတ်နှင့် ဆက်သွယ်ပြီး သူတို့နိုင်ငံကို သစ္စာဖောက်မှုဖြင့် အလိုရှိနေသော ဗိုလ်ကြီး Kang Min-chul ကို ပြန်လည်ခေါ်ဆောင်နိုင်ရေး ညှိနှိုင်းရန် မြောက်ကိုရီးယား အစိုးရက တာဝန်ပေးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံက သူ့ကို ပြန်လည်လွှဲအပ်ပေးခြင်း မပြုခဲ့ဘဲ အင်းစိန်အကျဉ်းထောင်တွင်သာ ဆက်လက်ရှိနေခဲ့ပြီး ၂၀၀၈ ခုနှစ် မေလ အတွင်းမှာမှ အသည်းကင်ဆာ ရောဂါဖြင့် သေဆုံးသွားခဲ့သည် ဟု သိရသည်။

သို့ရာတွင် အများ၏ ဝိုင်းပယ်ထားခြင်းခံရသည့် နိုင်ငံနှစ်နိုင်ငံသည် ဘန်ကောက်မြို့တွင်ပြုလုပ်ခဲ့သည့် လျှို့ဝှက်ဆွေးနွေးပွဲများတွင် အချင်းချင်း နားလည်မှုရရှိခဲ့ကြသည်။ အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ထားသဖြင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ တဆင့် ပွင့်လင်းစွာ ကုန်သွယ်ရေးအတွက် နှစ်နိုင်ငံလုံးတွင် အခက်အခဲများ ရှိနေသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံက ပိုမိုခေတ်မီသော လက်နက်ကြီးများ ပိုင်ဆိုင်ချင်နေပြီး မြောက်ကိုရီးယားက စားနပ်ရိက္ခာလိုအပ်နေသည်။ ကုန်ဖလှယ်ရေး သဘောတူညီချက်တခု ပေါ်ပေါက်လာပြီး စစ်လက်နက်ပစ္စည်းများတင် ဆောင်လာသည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောများ သီလဝါနှင့် ရန်ကုန် ဆိပ်ကမ်းများသို့ ရောက်ရှိလာကြကာ ဆန် တန်ချိန်များစွာကို တင်ဆောင်၍ ပြန်လည်ထွက်ခွာသွားကြသည်။ မြောက်ကိုရီးယားမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ပစ္စည်း များထဲတွင် အမြောက်များ၊ ရွေ့လျားဒုံးကျည်တင် ယာဉ်များနှင့် ဒုံးပျံ နည်းပညာများ ပါဝင်ဖွယ်ရှိသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံဖက်မှ အခြေအနေများက မယုံနိုင်လောက်အောင် ပြောင်းလဲခဲ့ပြီဖြစ်သော်လည်း ကုန်သွယ်မှု က ဆက်လက်ရှိနေဆဲဖြစ်သည်။

“တရုတ်နိုင်ငံက ခေတ်မီဆန်းသစ်တဲ့ စက်ပစ္စည်းတွေ ကရိယာတွေကို ဘယ်တော့မှ ရောင်းမှာမဟုတ်ဘူး။ ရုရှားက မှောင်ခိုရောင်းတဲ့သူတွေကတော့ အရမ်း ကလိမ်ကကျစ် ကျတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် မြောက်ကိုရီးယားဟာ မြန်မာအတွက် အယုံကြည်ရဆုံး ထောက်ပံ့သူအဖြစ် ဆက်ရှိနေရတာ ဖြစ်ပါတယ်” ဟု မြန်မာစစ်ဖက်မှ သတင်းရင်း မြစ်တခုက မည်သည့် အတွက်ကြောင့် မြန်မာအစိုးရနှင့် မြောက်ကိုရီးယား တို့က ဆက်ဆံရေးကို ထိန်းသိမ်းထားရန် ဆန္ဒရှိ နေရသည် ဆိုခြင်းကို ရှင်းပြသည်။

အမှန်တကယ်တွင်လည်း အနောက်နိုင်ငံများကို နှစ်ပေါင်းများစွာ ရန်သူအဖြစ် သဘောထားခဲ့သည့် မြန်မာနိုင်ငံက အမေရိကန်ဘက်သို့ ခြေစုံပစ်ဝင်ကာ မြောက်ကိုရီးယားကဲ့သို့သော မိတ်ဆွေဟောင်းကို ဆက်ဆံရေး လုံးလုံးလျားလျား ဖြတ်တောက်လိုက်မည်ဆိုပါက အလွန်အံ့သြဖွယ်ရာ ဖြစ်နေပါလိမ့်မည်။ မြန်မာနိုင်ငံသည် ပြင်ပအင်အားများနှင့် ဆက်ဆံရေးကို ဟန်ချက်ညီမျှအောင် အမြဲထိန်းနိုင်ခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ရှိနေခြင်းသည် အမေရိကန်ထံမှ အခွင့်အရေးနှင့် လိုက်လျောမှုများ မြန်မာဘက်က ပိုမိုရယူလိုသည့် အခါ အလျှော့အတင်းလုပ်ရာတွင် အသုံးဝင်သည့် အချက်တခုလည်း ဖြစ်နေနိုင်သည်။

ထို့ကြောင့် အနာဂါတ်ကာလတွင် မြောက်ကိုရီးယားမှ မြန်မာသို့ တင်ပို့သော ကုန်ပစ္စည်းမှာ ကင်မ်ချီ တမျိုးတည်း မဟုတ်ဖို့ အလွန် သေချာ နေပါသည်။

( Bertil Lintner ၏ Myanmar and North Korea: Friends in Need ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Loading