[irrawaddy_gallery]
မြန်မာနိုင်ငံ အလယ်ပိုင်းအညာဒေသ မိုးခေါင်ရေရှားရပ်ဝန်းရဲ့ အပူပိုင်းဇုန်ထဲမှာ အိုအေစစ်လို စိမ်းလန်းစိုပြည် နေတာကတော့ ပုပ္ပားတောင်ကြီးပါပဲ။ စိမ့်စမ်းရေတွေ ရရှိတဲ့အတွက် ရာသီဥတုက အေးမြပြီး သစ်တောတွေလည်း ဖြစ်ထွန်းပါတယ်။ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ပုပ္ပားတောင်ကြီးဟာ ရာဇဝင်တွေ၊ သမိုင်းတွေ၊ ဒဏ္ဍာရီတွေ ထုံမွှမ်းနေရုံမက ဆေးဖက်ဝင် သဘာဝ သစ်မြစ်သစ်ဖုတွေနဲ့ ရှားပါးတောရိုင်းတိရစ္ဆာန်တွေ ခိုအောင်းရာလည်း ဖြစ်ပါတယ်။
ဒီပုပ္ပားတောင်ကြီးရဲ့ အလယ်ဗဟိုမှာ မီး တောင်ချိုင့်ဝှမ်းကြီးရှိပြီး ဒီအထဲမှာ လျှိုမြောင်၊ ကျောက်ဆောင်၊ ချိုင့်ဝှမ်းတွေနဲ့ နေပြောက် မထိုး နိုင်အောင် ထူထပ်လှတဲ့ တောအုပ်တွေကို တွေ့ရ ပါတယ်။ မီးတောင်ချိုင့်ဝှမ်းရဲ့ မြင့်မားတဲ့ တောင် ထွတ်တွေကြောင့် ဒီထဲမှာရှိတဲ့ တောအုပ်တွေနဲ့ သားရိုင်းတိရစ္ဆာန်တွေဟာ နေရောင်ခြည်ကို နံနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီ လောက်အထိသာ ထိတွေ့ခွင့်ရကြတာပါ။
အဲဒီ တောအုပ်တွေထဲမှာတော့ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ မျိုးစိတ်တခုဖြစ်ပြီး မျိုးတုံးတော့မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရတဲ့ မျောက်မျက်ကွင်းဖြူတွေ နေထိုင်ကျက်စားလျက်ရှိပါတယ်။
“သူတို့ကို တွေ့ခွင့်ရလိမ့်မယ်လို့ ကျနော်တို့ အာမ မခံနိုင်ပါဘူး၊ နိုင်ငံခြားသားတွေဆိုရင် သူတို့ ကို ကြည့်ချင်လို့လာတာ ၁ ပတ်လောက် နေသွား တာတောင် တွေ့ခွင့်မရလိုက်တဲ့ အဖွဲ့တွေရှိတယ်”လို့ နယ်မြေခံလမ်းပြတွေ ပြောစကားကြောင့် တွေ့ မြင်ခွင့်ရဖို့ အတော်ခက်နေပြီဆိုတဲ့ စိုးရိမ်စိတ်က တွေ့ချင်စိတ်ကို ပိုပြီးဖြစ်စေပါတယ်။
ရောက်ပြီး နောက်တနေ့ နံနက်မှာ မှန်ဘီလူး တလက်နဲ့ သူတို့နေထိုင် ကျက်စားလေ့ရှိတဲ့ ပုပ္ပား တောင် မီးတောင်ချိုင့်ဝှမ်း အတွင်းရဲ့ လပို့တောင် ခြေက တောအုပ်တခုလုံးကို မနားတမ်း မျက်ခြည် မပြတ်စောင့်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် လှုပ်ရှား မှု အရိပ်အယောင်တောင် မတွေ့ရပါဘူး။
နံနက် ၈ နာရီလောက်မှာတော့ မြူခိုးငွေ့တွေ ဝေနေတဲ့ လပို့တောင်ထိပ်ဖျားမှာ နေရောင်ခြည်ကို စပြီး တွေ့မြင်ရပါတယ်။ တချိန်တည်းမှာပဲ လပို့ တောင် တောအုပ်ထဲက ညောင်ဖြူပင် တပင်ရဲ့ အကိုင်းတွေ သိသိသာသာ လှုပ်ခတ်လာတာကို မြင် တွေ့လိုက်ရပါတယ်။ ခဏအကြာမှာပဲ တပင်လုံး ယိမ်းထိုးနေအောင်ကို လှုပ်ခတ်လာပါတော့တယ်။
ထူးထူးခြားခြား လှုပ်ခတ်မှုလို့ သတိထား ကြည့်နေတုန်းမှာပဲ ညောင်ဖြူပင်ရဲ့ အစွန်ဆုံး အကိုင်းပေါ်ကနေ ကျောက်ဆောင်ပေါ်ကို လှစ်ခနဲ ခြေစုံပစ်ပြီး ခုန်ကူးသွားတဲ့ မျောက်မျက်ကွင်းဖြူ တစ်ကောင်ကိုစပြီးတွေ့မြင်ခွင့် ရလိုက်ပါတော့တယ်။
နောက်ကနေပြီး တကောင်ပြီး တကောင် တစီ တတန်းကြီး ခုန်ကူးနေကြတဲ့ မျောက်မျက်ကွင်းဖြူ တွေကိုလည်း တွေ့ခွင့် ရလိုက်ပါပြီ။ သူတို့အားလုံး နေပူစာ လှုံဖို့အတွက် လပို့ တောင်စောင်းပေါ်မှာရှိတဲ့ ကျောက်ဆောင်ကြီးတွေပေါ်မှာ တန်းစီထိုင်ပြီး နေရာယူထားလိုက်ကြပါတယ်။
နံနက် ၉ နာရီခွဲလောက်မှာတော့ သူတို့ စောင့် ဆိုင်းနေကြတဲ့ နေရောင်ခြည်က လပို့တောင်ထိပ်က နေ မြူခိုးတွေကိုဖြိုခွင်းပြီး တောအုပ်ကြီးနဲ့ ကျောက် ဆောင်တွေပေါ်ကို ဖြာကျလာလေပြီ။ တောအုပ်ကြီး ကလည်း အရင်ထက်ပိုပြီးရှင်းလင်းပြတ်သား လာပါ တယ်။ တချို့က ကျောက်ဆောင်တွေပေါ်မှာ တချို့ ကတော့ သစ်ပင်ကြီးတွေရဲ့ နေရောင်ခြည်ရနိုင်တဲ့ ကိုင်းဖျားတွေမှာ ငုတ်တုတ်ထိုင်ပြီး နေပူစာလှုံကြပါတယ်။
ပေးထားတဲ့ အမည်အတိုင်း မျက်ကွင်း အဖြူရောင် ဖြစ်နေပြီး နှုတ်ခမ်းပတ်လည်၊ မေးစေ့၊ လည်ပင်းကတဆင့် ဝမ်းဗိုက်ပိုင်း၊ လက်အတွင်းပိုင်းနဲ့ ပေါင်၊ ခြေထောက် အတွင်းပိုင်းတွေဟာ အဖြူရောင် ဖြစ်ပါတယ်။
အဆင်းအင်္ဂါလှပပြီး အမြီးဟာ ကိုယ်ထည် ထက် ပိုပြီးရှည်ပါတယ်။ ခဲရောင်လည်းမကျ၊ အဖြူ ရောင်လည်းမကျတဲ့ အရောင်နဲ့ သဘာဝအရ ရှည် လျားလှတဲ့ သူတို့ရဲ့ အမြီးတွေကတော့ အလွန်ကို လှပပါတယ်။ အရွယ်ရောက်ပြီးသား အကောင်တွေ ကတော့ ဦးခေါင်းကနေ အမြီးဆုံးအထိ ၆ ပေ၊ ၇ ပေ လောက် ရှည်လျားပါတယ်။
သူတို့ဟာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ မျောက် မျိုးစိတ်တွေထဲက ထင်ရှားတဲ့ မျောက်မျိုးစိတ် တခုဖြစ်ပြီး သုတေသီတွေ၊ လေ့လာသူတွေ၊ ပညာရှင်တွေ စိတ်အဝင်စားဆုံးထဲက မျိုးစိတ်တခုလည်း ဖြစ်ပ တယ်။ သူတို့ကို သိပ္ပံအမည် Trachypithecus Phayrei လို့ခေါ်ပြီး မြန်မာအမည်ကတော့ မျောက်မျက်ကွင်းဖြူလို့ ခေါ်ပါတယ်။
နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့် ရှောက် ရေးအဖွဲ့ (IUCN) က မျောက်မျက်ကွင်းဖြူကို မျိုးတုံးတော့မယ့် အန္တရာယ် ရှိနေတဲ့အဆင့်မှာ အမြင့် ဆုံးအဆင့်အဖြစ် ကာကွယ်မှုအဆင့် သတ်မှတ်ပေး ထားပါတယ်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနကလည်း အလားတူအခြေအနေ ကို တရားဝင်သတ်မှတ်ပေးထားပါတယ်။
ပုပ္ပားတောင် မီးတောင် ချိုင့်ဝှမ်းအတွင်းမှာ တော့ မျောက်မျက်ကွင်းဖြူ စုစုပေါင်း အကောင် ၁၀ဝ ဝန်းကျင်ရှိပြီး အုပ်စု ၃ စုခွဲကာ ကျက်စားကြ ပါတယ်။ သူတို့ ကျက်စားနေတဲ့ နေရာတွေကတော့ မီးတောင်အဝက စပါးပုံတောင်၊ မှန်ပြတောင်၊ ဆေး မွန်တောင်နဲ့ လပို့တောင်တို့မှာရှိတဲ့ သစ်တောတွေ ထဲမှာပဲဖြစ်ပါတယ်။ အဲ့ဒီတောင်တွေပေါ်က တော အုပ်တွေထဲမှာ သီးခြားစီ အုပ်စုခွဲပြီး နေထိုင်ကျက် စားကြပါတယ်။
သူတို့ဟာ တခြားမျောက်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ တင်သာ ကွဲပြားမှုရှိတာမျိုး မဟုတ်ဘဲ အကျင့်စရိုက်နဲ့ လှုပ်ရှားသွားလာ၊နေထိုင်မှုတွေဟာလည်း တမူထူး ခြားနေပြန်ပါတယ်။ ဒေသခံ တောင်ယာသမားတွေက ဆိုရင် သူတို့ကို “မျောက်သူတော်” တွေလို့ကို တင်စား ခေါ်ဝေါ်ကြပါတယ်။
“ဒီမှာရှိတဲ့ မျောက်တွေထဲမှာ သူတို့ နေတာ ထိုင်တာကိုက ချစ်စရာကောင်းတယ်။ လူတွေကို လည်း ဒုက္ခမပေးဘူး၊ စိုက်ခင်းတွေကိုလည်း မဖျက် ဆီးဘူး။ ကုန်ကုန်ပြောရရင်ဗျာ၊ လူလုပ်စာဆိုရင် ဘာကိုမှ မစားဘူး၊ ငှက်ပျောသီးတောင်မစားဘူးဗျ” လို့ ဒေသခံ တောင်ယာသမားတဦးက မျောက်မျက် ကွင်းဖြူတွေရဲ့ အကျင့်စရိုက်ကို ရှင်းပြပါတယ်။
ဒေသခံတွေက သူတို့ကိုချစ်ကြပြီး ကရုဏာစိတ် လည်း ထားကြပါတယ်။ သူတို့တွေ လာရင် ပစ်ခတ် တာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေကိုလည်း မလုပ်ကြ ပါဘူး။ ဒီအချက်ဟာလည်း မျောက်မျက်ကွင်းဖြူတွေ အသက်ရှင်နေထိုင်ရေးအတွက် အန္တရာယ်ကင်းတဲ့ အားသာချက်တခု ဖြစ်စေပါတယ်။
သူတို့စားတဲ့အစားအစာတွေကတော့ သဘာဝ ပေါက်ပင်တွေဖြစ်တဲ့ ညောင်ဖြူ၊ ညောင်ကြတ်၊ ညောင်ချဉ်၊ ညောင်မုတ်ဆိတ်၊ သင်းတွဲညို၊ ယင်း တောင်း၊ ပန်းနု၊ မနိဩဂ၊ ရေသခွား စတဲ့ အပင်တွေ ရဲ့ အရွက်နု၊ အညွန့်၊ အဖူးတွေနဲ့ အသီးတွေကို စားသောက်ကြတာပါ။
မီးတောင်ချိုင့်ဝှမ်းကြီးထဲမှာ အုပ်စုခွဲပြီး နေကြ တဲ့ မျောက်မျက်ကွင်းဖြူ အုပ်စု ၃ စု ကြားထဲမှာတော့ “မျောက်စပ်” လို့ခေါ်တဲ့ မျောက်မျိုးစိတ် တခုရှိပါ သေးတယ်။ သူတို့တွေကတော့ ပုပ္ပားတောင်ကလပ် မှာ ကျက်စားနေတဲ့မျောက်မျိုးစိတ်နဲ့ တမျိုးတည်း ဖြစ်ပါတယ်။ တချို့ကတော့ သူတို့ကို “မျောက်နီ”လို့လည်း ခေါ်ကြပါတယ်။
သူတို့တွေက မီးတောင်ချိုင့်ဝှမ်းရဲ့ အမြင့်ဆုံး ဖြစ်တဲ့ မှန်ပြတောင်ခြေက တောအုပ်ထဲမှာ ကျက် စားပြီး အုပ်စုအင်အားတောင့်တင်းပါတယ်။ မျောက် နီတွေက မျောက်မျက်ကွင်းဖြူတွေကို တွေ့ရင် အုပ်စုလိုက် လိုက်ပြီး ရန်ပြုတတ်သလိုလူတွေနဲ့တွေ့ ရင်လည်း ခြိမ်းခြောက်တာ၊ အန္တရာယ် ပြုတာတွေကို လုပ်တတ်ကြတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေက ရှင်းပြပါတယ်။
“မျောက်နီတွေက မျောက်မျက်ကွင်းဖြူတွေနဲ့ တွေ့ရင် အုပ်စုလိုက် လိုက်ပြီး ရန်စတယ်၊ လူနဲ့ တွေ့ရင်လည်း သစ်ကိုင်းတွေနဲ့ ပစ်တယ်၊ ငှက်ပျော ခြံတွေနဲ့ တောင်ယာခင်းတွေလည်း ဖျက်ဆီးတယ်၊ တောင်ပေါ်ကို လူတက်လာတာတွေ့လို့ရှိရင် အပေါ် ကနေ ခဲလုံးတွေ တွန်းချတတ်တယ်” လို့ ဒေသခံ လမ်းပြတဦးက ရှင်းပြပါတယ်။
မျောက်မျက်ကွင်းဖြူတွေကတော့ အပင်မြင့် တွေရဲ့ ကိုင်းဖျားတွေမှာ နေလေ့ရှိပြီး တပင်နဲ့ တပင် ကူးတဲ့ အချိန်တွေမှာ ခြေစုံပစ်ပြီး ကူးလေ့ရှိပါတယ်။ တောရိုင်းတိရစ္ဆာန် ဖြစ်တဲ့အတွက် လူတွေနဲ့ ယဉ်ပါး မှု မရှိပေမယ့် ရောက်လာတဲ့ လူတွေက သူတို့ကို အန္တရာယ်ပေးနိုင်လားဆိုတာကို ဂရုတစိုက်မျက်ခြည် မပြတ် အကဲခတ်တတ်ပါတယ်။
မျောက်နီတွေနဲ့ ခြားနားတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေ မျောက်မျက်ကွင်းဖြူတွေမှာ ရှိနေပါသေးတယ်။ အဲဒါကတော့ အုပ်စုရဲ့ ရှေ့ဆုံး က ဦးဆောင်တဲ့ ခေါင်းဆောင်နဲ့ အုပ်စုရဲ့ နောက်ဆုံး မှာ အသေခံပြီးစောင့်တဲ့ နောက်ချန်ကင်းစောင့်ပါ။
အုပ်စုတစုလုံးက အန္တရာယ်နဲ့ ကြုံတဲ့အခါ၊ အစာစားဖို့ ထွက်တဲ့အခါတွေမှာ ရှေ့ဆုံးက ခေါင်း ဆောင်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး ခေါင်းဆောင် သွားတဲ့ လမ်းအတိုင်း စီတန်းပြီး တသဝေမတိမ်း လိုက်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် မုဆိုးတွေ ကတောင် မျောက်မျက်ကွင်းဖြူကို ပစ်ချင်ရင် သူတို့ ခေါင်းဆောင်သွားတဲ့လမ်းကြောင်းကနေ ထိုင်စောင့် နေရင် တကောင်ပြီးတကောင် ပစ်ချလို့ရတယ်လို့ ပြောဆိုကြပါတယ်။
ရှေ့ဆုံးက ခေါင်းဆောင်ရွေးချယ်တဲ့ လမ်း အတိုင်းနောက်က မျောက်တွေအားလုံးက စီတန်းပြီး လိုက်ကြတဲ့ အဲ့ဒီအတန်းရဲ့ နောက်ဆုံးမှာတော့ နောက်ချန် ကင်းကျတဲ့ မျောက်မျက်ကွင်းဖြူ တကောင်ရှိပါတယ်။
ကင်းသမားမျောက်ဟာ အသက်စွန့်ရဖို့အလွယ် ကူဆုံးနဲ့ အနီးစပ်ဆုံးလည်း ဖြစ်ပါတယ်။ သူကတော့ ရှေ့ကအုပ်စုသွားလို့ ကိုက် ၂၀ဝ လောက် အကွာ အထိ သူစောင့်နေတဲ့ သစ်ပင်ပေါ်ကနေပြီး မရွှေ့ဘဲ စောင့်ကြည့်နေပြီးတော့ စိတ်ချရလောက်မှ လိုက် သွားလေ့ ရှိပါတယ်။
အန္တရာယ် တစုံတရာရှိရင်တော့ နောက်ချန် ကင်းကျတဲ့မျောက်က ရှေ့က အဖွဲ့ကို အသံပြုပြီး အကြောင်းကြားလေ့ ရှိပါတယ်။ ရှေ့ကသွားတဲ့ မျောက်တွေ လိုရာခရီး စိတ်ချရတဲ့နေရာ မရောက် မချင်း သူတာဝန်ကျနေတဲ့နေရာကနေ ရွှေ့လေ့ မရှိ ပါဘူး။ ညအိပ်တန်းဝင်ချိန်မှာ တာဝန်ကျတဲ့ ကင်း စောင့် မျောက်ဆိုရင် လုံခြုံရေးအတွက် အစာစား ထွက်ချိန်မှာ စောင့်ရတဲ့မျောက်ထက်ပိုပြီး နာရီနဲ့ချီ စောင့်ဆိုင်းနေရတာကိုလည်း တွေ့ခဲ့ရပါတယ်။
လက်ရှိ WCS မြန်မာနိုင်ငံ အစီအစဉ်မှာ Coordinator အဖြစ် တာဝန်ယူထားတဲ့ နော်မေ လေးသန့်က မီးတောင်ချိုင့်ဝှမ်းထဲက မျောက်မျက် ကွင်းဖြူတွေကို နှစ်နဲ့ချီစောင့်ကြည့်ပြီး စာတမ်းပြုစုခဲ့သူ ဖြစ်ပါတယ်။ သူလေ့လာခဲ့စဉ်တုန်းက ပုပ္ပားတောင် မီးတောင်ချိုင့်ဝှမ်းအတွင်းမှာရှိတဲ့ မျောက် မျက်ကွင်းဖြူရဲ့ အရိုး၊ မစင်နဲ့ အမွေးတွေကိုယူပြီး တောင်ကိုရီးယားနိုင်ငံမှာ မျိုးရိုးဗီဇ (DNA) စစ်ပြီး Trachypithecus Phayrei ဖြစ်ကြောင်း အသိ အမှတ်ပြုချက်ကို ရယူခဲ့ပါတယ်။
မျောက်မျက်ကွင်းဖြူ အမျိုးအစားဟာ ကမ္ဘာပေါ်မှာ မြန်မာ အပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေမှာပဲ ရှိတယ်လို့ နိုင်ငံတကာ သဘာဝ ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့တွေရဲ့ တရားဝင် ထုတ်ပြန်ထားချက် တွေမှာလည်း ဖော်ပြထားပါတယ်။ သူတို့တွေဟာလည်း မျိုးတုံးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ အခုမြင်တွေ့ရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့နယ်ထဲက ပုပ္ပားတောင် မီးတောင် ချိုင့်ဝှမ်းကြီးအတွင်း အပါအဝင် ရခိုင်ရိုးမ၊ မြန်မာနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ ကရင်ပြည်နယ် မူလာရစ်တောင်မှာလည်း ရှိတယ်လို့ မျောက်မျက် ကွင်းဖြူမျိုးစိတ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသစ်တော ဦးစီးဌာနနဲ့ The Monamed bin Zayed Sepcies Conservation Fund တို့က ပူးတွဲ ထုတ်ပြန်ထား ပါတယ်။
ထုတ်ပြန်ထားတဲ့ အထဲမှာတော့ မျောက်မျက် ကွင်းဖြူချင်း တူပေမယ့် မျိုးစိတ်ကွဲ ၃ မျိုး ခွဲခြား သတ်မှတ်ထားပါတယ်။ ပုပ္ပားတောင် မီးတောင်ချိုင့် ဝှမ်းထဲမှာ ကျက်စားနေတဲ့ အမျိုးအစားကိုတော့ Trachypithecus Phayrei Phayrei လို့ သတ် မှတ်ထားပြီး မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း မှာရှိတဲ့ အမျိုးအစားကိုတော့ Trachypithecus Phayrei Shanicus ကရင်ပြည်နယ် မူလာရစ် တောင်က မျိုးစိတ်ကိုတော့ Trachypithecus Phayrei Crepuscula လို့ မျိုးစိတ်ခွဲ သတ်မှတ်ထားပါတယ်။
အခုဆိုရင် ပုပ္ပားတောင် မီးတောင်ချိုင့်ဝှမ်းကြီး ထဲကို မျောက်မျက်ကွင်းဖြူ လေ့လာတဲ့ နိုင်ငံခြားသား တွေလည်း ဝင်ထွက်သွားလာနေကြပါတယ်။ ဒီမီး တောင်ချိုင့်ဝှမ်းထဲမှာတော့ မျောက်မျက်ကွင်းဖြူ၊ မျောက်နီ၊ တောဝက်၊ ချေ၊ တောကြောင် အပါအဝင် နို့တိုက်သတ္တဝါ အနည်းဆုံး ၁၀ မျိုးရှိပါတယ်။
ဒါ့အပြင် လိပ်ပြာမျိုးစိတ်ပေါင်း ၁၀ဝ ခန့်နဲ့ သစ်မျိုး ၃၀ဝ မျိုး၊ ဝါးမျိုး ၈ မျိုး၊ ပရဆေး ၁၄၅ မျိုး၊ သစ်ခွ ၅၂ မျိုး၊ ငှက်မျိုးစိတ် ၁၃၀ ခန့်၊ သစ်ခွမျိုး စိတ် ၁၂ မျိုးတို့ကို တွေ့ရှိထားတယ်လို့ သစ်တော ဦးစီးဌာနနဲ့ WCS မြန်မာနိုင်ငံ အစီအစဉ်တို့က ပူးပေါင်းထုတ်ပြန်ထားပါတယ်။
မျောက်မျက်ကွင်းဖြူတွေ မှီခိုကျက်စားနေကြတဲ့ ပုပ္ပားတောင်ကြီးဟာ ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက်နေတဲ့ မီးတောင်ဟောင်းကြီး တခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သိန်းခွဲခန့်က ပေါက်ကွဲခဲ့တာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ခန်းမှန်းကြပါတယ်။
ဒီတောင်ကြီးထဲမှာမှ မျောက်မျက်ကွင်းဖြူတွေ ကျက်စားနေရတဲ့ လျှိုမြောင်နဲ့ တောတန်းတွေဟာ မီးတောင်ဝကြီးထဲမှာပဲဖြစ်လို့ သူတို့အတွက်က ကန့်သတ်နယ်မြေလို ဖြစ်နေပါတယ်။ သူတို့ အနေနဲ့ ဒီအပြင်ဘက်ကိုလည်း ထွက်လို့မရပါဘူး။
ဘာကြောင့်လဲဆိုရင် သူတို့နေနိုင်တဲ့ အအေး ဓာတ်၊ အစားအစာနဲ့ တောတောင်တွေမလုံလောက် တာကြောင့်လို့ နော်မေလေးသန့်က ရှင်းပြပါတယ်။
သစ်တောဦးစီးဌာနနဲ့ WCS မြန်မာနိုင်ငံ အစီအစဉ်တို့ကတော့ ပုပ္ပားတောင်က မျောက်မျက်ကွင်း ဖြူတွေအပြင် ကျန်တဲ့ ၃ နေရာမှာ တွေ့ရှိထားတဲ့ မျောက်မျက်ကွင်းဖြူတွေကိုလည်း အချိန်ယူလေ့လာ ပြီး ကျက်စားစရာ နေရာ ရှားပါးလာမှုနဲ့ နှစ်စဉ် အကောင်ရေ လျော့ကျနေတဲ့အန္တရာယ်ကို ထိန်းချုပ်ဖို့အတွက် အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ အစီအစဉ်တွေထဲမှာ တောတွေကို တိုးချဲ့စိုက်ပျိုးပေးဖို့နဲ့ သူတို့ကြိုက်တတ်တဲ့ သစ်ပင်၊ သီးပင်တွေကို စိုက်ပျိုးပေးကြမယ်လို့ ဆိုပါတယ်။ အစီအစဉ်တွေရှိနေပေမယ့် ဒီအတွက် ဘက်ဂျက်ကို တော့ အစိုးရက ချပေးထားတာ မရှိတဲ့အတွက် နိုင်ငံတကာရဲ့ အလှူငွေတွေ လာမလားဆိုတာကိုပဲ စောင့်မျှော်နေရတယ်လို့ သစ်တောဦးစီးဌာန အရာ ရှိတဦးက ရှင်းပြပါတယ်။
သူတို့အနေနဲ့ အခုချိန်မှာတော့ ပစ်ခတ်ဖမ်းဆီး မှု မရှိအောင် ကာကွယ်ပေးထားတဲ့ အဆင့်ကလွဲလို့ ကျန်တဲ့ အဆင့်တွေကို မလုပ်နိုင်ကြသေးပါဘူး။ ဒီ အခြေအနေဟာ မျောက်မျက်ကွင်းဖြူတွေရဲ့ မျိုးတုံး မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို လုံလောက်တဲ့ ထိန်းသိမ်းကာကွယ်မှုတွေ မပေးနိုင်သေးဘူးဆိုတာ ပြနေပါတယ်။