[irrawaddy_gallery]
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ မြင်တွေ့နေရတဲ့ တောင်တန်းတွေရဲ့ မျက်ကွယ် တောင်ကြောတွေကြားထဲမှာ အရောင်အသွေးစုံနဲ့ ဝေဆာပွင့်ဖူး နေတဲ့ ဘိန်းခင်းတွေကို တွေ့မြင်ခွင့်ရခဲ့ပါတယ်။ အဲဒီဘိန်းခင်းတွေဟာ မြန်မာ့လွှတ်တော်ကြီးနဲ့ အစိုးရဝန်ကြီး ဌာနတွေ ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေကနေ အရှေ့ဘက်တည့်တည့်ကို တရက်လောက် လမ်းလျှောက်သွားတာနဲ့ ရောက်ရှိနိုင်တဲ့နေရာတွေပဲ ဖြစ်ပါတယ်။
အဲဒီဒေသမှာ လွန်ခဲ့တဲ့သုံးလလောက်က စိုက်ထားတဲ့ ဘိန်းခင်းတွေဆို အသီးတွေတောင်ထွက် နေပြီဖြစ်တာမို့ ဘိန်းအစေး ခြစ်ယူလို့ ရနေပါပြီ။ တချို့အခင်းတွေထဲမှာတော့ နှင်းရည်သောက်ပြီး စွင့်စွင့်ကားကား လှနေတဲ့ ရောင်စုံဘိန်းပွင့်တွေဟာ အလှချင်း ပြိုင်နေသလားတောင် ထင်ရပါတယ်။
ဒေသခံတွေကတော့ ရှေ့ကတသုတ် အစေးခြစ်နေချိန်မှာပဲ အလျင်မီအောင် နောက်တသုတ်ကို စိုက်ပျိုးနေကြ တာကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ အရင်အသုတ်တုန်းကတော့ သဘာဝမိုးရေနဲ့ စိုက်ပျိုးခဲ့ပေမယ့် အခု စိုက်ပျိုးနေတဲ့ အသုတ်ကတော့ ရေသွင်းပြီး စိုက်နေကြတာပါ။ ကိုယ်တိုင် ဘိန်းစိုက်ပျိုးနေတဲ့ ကျေးရွာအုပ်ချုပ် ရေးမှူး တဦးက “ပထမတသုတ် စိုက်ထားတဲ့ အပင်တွေကတော့ အစေးခြစ်နေပြီ၊ အခုစိုက်ထားတဲ့ အပင်တွေ က နောက်တသုတ်ပေါ့၊ ရေသွင်းပြီး စိုက်တာလေ၊ နွေစပါး၊ မိုးစပါး စိုက်သလိုပေါ့ဗျာ” လို့ နှစ်လက်မ လောက်သာ ရှိသေးတဲ့ ဘိန်းပင်တွေကိုညွှန်းပြီး ရှင်းပြပါတယ်။
နှစ်လက်မလောက်သာရှိသေးတဲ့ ဒီဘိန်းပင်တွေကလည်း နောက်ထပ် ၃ လလောက်ဆိုရင် အစေးခြစ်လို့ရ တော့မှာပါ၊ ဒါကြောင့် အုပ်ချုပ်ရေးမှူးရဲ့ မိသားစုတွေ၊ အငှားအလုပ်သမားတွေနဲ့အတူ ပေါင်းရှင်း၊ ထူထပ်နေတဲ့ ဘိန်းပင်ပေါက်တွေကို ခွဲထုတ်၊ ရေသွင်းနဲ့ နေထွက်ချိန်ကနေ၊ နေဝင်ချိန်အထိ ဘိန်းခင်းထဲမှာပဲ အချိန်တွေ မြှုပ်နှံထားပြီး ဖိဖိ စီးစီးနဲ့ လုပ်ကိုင်နေကြတာပါ။
အုပ်ချုပ်ရေးမှူး အဆက်အသွယ်နဲ့ပဲ အခြား ကျေးရွာစု အုပ်ချုပ်ရေးမှူး တဦးရဲ့ ဘိန်းခြံကိုလည်း သွားဖြစ် ခဲ့ပါသေးတယ်၊ တောင်ကြောထဲမှာရှိတဲ့ ဘိန်းခြံကိုသွားတဲ့ လမ်းတွေဟာ ကြမ်းတမ်းလွန်းပြီး အပြင်လူစိမ်းတွေ ရောက်ဖို့ မလွယ်လှပါဘူး၊ လမ်းခရီးမှာ ကျေးရွာတချို့ကို ဖြတ်သွားရတော့ ဒေသခံရွာသားတွေက မျက်နှာစိမ်း တွေဖြစ်တဲ့ ကျနော်တို့ကို အုပ်ချုပ်ရေးမှူးကိုယ်တိုင်ပါလာသည့်တိုင် သတိထား အကဲခတ်ကြပါတယ်။
တောင်ကြားထဲက တောလမ်းတွေမှာလည်း ဒေသခံတချို့နဲ့ မကြာခဏ တွေ့ရပါတယ်။ တူမီး သေနတ်ကို စလွယ်သိုင်းလွယ်ထားကြပြီး သွားလာနေသူတချို့ကို မကြာခဏတွေ့ရသလို ဓားမ ခါးကြားထိုး သွားနေကြတဲ့ လူတွေလည်း တွေ့ရပါတယ်။ ထမင်းထုပ် သွားပို့တဲ့ အမျိုးသမီးတချို့ကိုလည်း လမ်းခရီးမှာ တွေ့ခဲ့ရပါသေး တယ်။
ရွာနဲ့ နှစ်မိုင်လောက်အကွာက လျှိုတွေထဲရောက်တော့ နှင်းရည်သောက်ပြီး လန်းလန်းဆန်းဆန်း ပွင့်နေတဲ့ ရောင်စုံဘိန်းပွင့်တွေကို မြင်တွေ့ရပါတယ်။ နံနက်ပိုင်း နှင်းကွဲချိန်ဖြစ်တာမို့ နှင်းရည်စက်တွေ တွဲခိုနေတဲ့ ဘိန်းသီးတွေဟာလည်း အလှတမျိုးပါ။ ဘိန်းခင်းထဲမှာတော့ ညစောင့်တဲတလုံးအပြင် တဲပေါ်မှာ ဘိန်းစေး ခြစ်တဲ့ ဝါးခြမ်းကွဲတွေကို သေသေသပ်သပ် ပြုလုပ်ထားပါတယ်။
ဘိန်းခင်း အစပ်တွေမှာ လူတစ်ဖက်ခန့်ရှိတဲ့ ပန်းဂေါ်ဖီထုပ်ကြီးတွေနဲ့ ပန်းမုန်လာပင်တွေကို တွေ့တော့ အတော်လေးကို အံ့အားသင့်မိသွားပါ တယ်။ ဒီလောက်ကြီးတဲ့ ဂေါ်ဖီထုပ်နဲ့ ပန်းမုန်လာပွင့်မျိုးကို ဘဝမှာ တခါမှမတွေ့ဖူးခဲ့တာ အမှန်ပါပဲ။ ဒါဟာ လျှိုမြောင်တွေကြားထဲက မြေတွေဟာ သီးနှံတွေ စိုက်ပျိုးလို့ ဖြစ်ထွန်းတယ်လို့ ပြနေတာလည်း ဆိုနိုင်ပါတယ်။
ရွာထဲမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် တရွာလုံးနီးပါး ဘိန်းစိုက်ကြပါတယ်။ အနည်းဆုံးစိုက်တဲ့ သာမန် ရွာသားတဦးတောင် ဘိန်းခြံ တဧကတော့ ပိုင်ကြပါတယ်။ လူအသွားအလာများတဲ့ မြင်ကွင်းတွေမှာ တော့ စပါး၊ ခရမ်းချဉ်၊ ကြက်သွန်နဲ့ ပြောင်းဖူးခင်းတွေ စိုက်ပျိုးနေကြတာကိုလည်း တွေ့ရပါတယ်။
ဖယ်ခုံမြို့ရဲ့ အနောက်ဘက်ခြမ်းက တောင်တန်းတွေကတော့ နွေရာသီဆိုရင် သောက်သုံးရေကို ရှားတဲ့ နေရာဖြစ်သလို ကျောက်ဆောင်၊ ကျောက်ခဲ တွေပေါတဲ့ မြေတွေပါ၊ ကျောက်မြေတွေလည်းဖြစ်တာမို့ တခြားသီးနှံတွေ စိုက်ပျိုးဖို့အတွက် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။ ဘိန်းအပြင် အာလူး၊ ငရုတ်နဲ့ ဖာလာတွေကို စိုက်ကြပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အလုပ်မဖြစ်ဘူး လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဘိန်းစိုက်တောင်သူတွေက ရှင်းပြပါတယ်။
“ကျနော်တို့ နေ့စဉ် ထမင်းစားနေတာလည်း ဒီ(ဘိန်း)က ရတဲ့ပိုက်ဆံပဲ၊ ကလေးကျောင်းထားတာလည်း ဒီကရတဲ့ပိုက်ဆံပဲ၊ လှူတန်းတာလည်း ဒါပဲ၊ ကျနော်တို့မှာက ဒါမစိုက်ရင် ငွေဝင်လမ်း မရှိဘူး၊ ကျနော်တို့က ကိုယ့်စားဝတ်နေရေး၊ ရပ်တည်ရေး ဒါတွေကို ကိုယ့်ဘာသာ ဖန်တီးရပ်တည်နေရတာ” လို့ ဘိန်းတောင်သူ တဦးက ပြောပါတယ်။
ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းက တောင်ကြောတွေက လူမြင်ကွင်းတွေမှာ စပါး၊ ခရမ်းချဉ်၊ ကြက်သွန်နဲ့ ပြောင်းဖူးခင်းတွေ စိုက်ပျိုးနေကြတာတွေ့ရပေမယ့် အလုပ်သမား ခေါ်တဲ့အခါ ဘိန်းခင်းတွေကပေးတဲ့ နေ့စားခနဲ့ ယှဉ်ပြီးပေးနေရတဲ့အတွက် ဝင်ငွေ၊ ထွက် ငွေ မမျှတတဲ့ ပြဿနာမျိုး ကြုံနေရပါတယ်။ ဘိန်း ခင်းမှာ မြေပေါက်၊ ပေါင်းသင်၊ အစေးခြစ် လုပ်ဖို့ အတွက် အလုပ်သမားတစ်ယောက်ရဲ့ လုပ်အားခဟာ တရက် အနည်း ဆုံး ၆၀ဝ၀ ကျပ်ဖြစ်တဲ့အတွက် အဲဒီထက် လျှော့ပေးရင် ဘယ်အလုပ်သမားမှ ခေါ်မရဘူးလို့ လယ်ယာစိုက်တဲ့ သူတွေ ဘက်ကလည်း ညည်းတွားပါတယ်။
ဒေသခံ လယ်သမားတဦးက “တချို့အလုပ်သမားတွေက ပြောသေးတယ်၊ ဘိန်းခင်းက လယ်ကွင်းလို ရွှံ့မပေဘူးတဲ့၊ ကျနော်တို့က အလုပ်သမားတွေ မရတော့ ဘိန်းခင်းတွေကပေးတဲ့ နေ့စားခအတိုင်း လိုက်ပေးရတယ်၊ ဝင်ငွေထွက်ငွေက ဘယ်လိုမှ မကိုက်ဘူး။ မပေးရင်လည်း ကိုယ့်စပါး ဘယ်သူမှ ရိတ်ပေးမှာမဟုတ်ဘူး”လို့ ဆိုပါတယ်။
ထွက်ရှိလာတဲ့ သီးနှံတွေကို မြို့တက်ရောင်းဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသလို သီးနှံဈေး ကွက်ကလည်း မတည်ငြိမ်လို့ မကြာခဏအရှုံးပြနေတာကြောင့် ဘဝရပ်တည်ရေးအတွက် စိန်ခေါ်မှုတရပ်လို ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
ဘိန်းပင်ကရတဲ့ ဘိန်းစေးကိုတော့ တကူးတက သွားရောင်းနေစရာ မလိုပါဘူး၊ ဘိန်းဝယ်တဲ့ တရုတ်တွေက အိမ်တိုင်ရာရောက် လာဝယ်ကြတာ ဖြစ်ပါတယ်။ ဈေးကွက်ကလည်း တည်ငြိမ်တယ်၊ အပင်ပန်းခံပြီးလည်း မြို့တက်ရောင်းစရာ မလိုပါဘူး။ ရာသီပေါ်သီးနှံတွေထက်လည်း ဈေးက အဆပေါင်းများစွာ သာလွန်နေပါတယ်။ ပြောင်းဖူးစေ့ ၁၆ ပြည်ဝင် တတင်းကို ကျပ် ၉ ထောင် ပေါက်ပြီး ဘိန်းမည်း တပိဿာရဲ့ ဈေးကတော့ ကျပ် ၇ သိန်း ပါ။ တောင်ယာ မြေတစ်ဧကကို ပြောင်းဖူးစေ့ တင်း ၄၀ ဝန်းကျင်ထွက်ရှိပြီး ဘိန်းကတော့ ရာသီဥတု မဖျက်ဆီးရင် ၅ ပိဿာဝန်းကျင် ထွက်တယ်လို့ ဘိန်းတောင်သူတွေက ပြောပါတယ်။
ဒေသခံ ဘိန်းစိုက်တောင်သူတွေက လွှတ်တော်မှာ ဘာတွေဖြစ်နေသလဲ၊ မြို့ပြတွေပေါ်မှာ ဘာတွေဖြစ်နေ သလဲ သူတို့မသိပေမယ့် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဘိန်းတိုက်ဖျက်ရေးကာလ ၅ နှစ် တိုးလိုက်တာ ကိုတော့ လူတိုင်းသိကြပါတယ်။ ဒီအပေါ်မှာလည်း သူတို့က တရားဝင်စိုက်ခွင့်ရသလိုကို လွဲမှားစွာ မှတ်ယူ နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
၁၉၉၉ – ၂၀ဝ၀ ခုနှစ်ကနေ ၂၀၁၃ – ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်မှု ပပျောက်ရေး အတွက် ၁၅ နှစ် စီမံကိန်း ချမှတ်ခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ၅ နှစ်သက်တမ်း ထပ်တိုးပေးလိုက်ပါတယ်။
ငါးနှစ်သက်တမ်း တိုးမြှင့်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို ပေးပို့တဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ထဲမှာလည်း တရားဝင် ထုတ်ပြန်ထားပါတယ်။
သက်တမ်းတိုးမြှင့်ထားတဲ့ ဒီ ၅ နှစ်အတွင်းမှာ ဒေသခံတွေက ဖိဖိစီးစီးနဲ့ စိုက်ပျိုးပြီး ငွေရှာနိုင်ဖို့ လုံးပန်းနေ ကြပါတယ်။ ငါးနှစ်သက်တမ်းတိုးကြောင်း မကြေညာခင်အထိ တဧကစိုက်တဲ့လူက ကြေညာပြီး နောက်ပိုင်းမှာ အနည်းဆုံး ၂ ဧက တိုးမြှင့်စိုက်ကြပါ တယ်။ ရေမရနိုင်တဲ့ နေရာတွေမှာတောင် ဖြစ်တဲ့နည်းနဲ့ ရေတင်ပြီး နှစ်သီးစား၊ သုံးသီးစား စိုက်ကြတာကို တွေ့ရပါတယ်။ တိုးချဲ့စိုက်ပျိုးရတဲ့ အခြေ အနေတွေလည်း သူတို့မှာ ရှိကြပါသေးတယ်။ နောက် ငါးနှစ်သက်တမ်းကုန်ရင် သူတို့တွေ ဘဝရပ်တည်မှု အတွက် ဘာမှမသိတဲ့ စိန်ခေါ်သံတွေကို သူတို့က ကြိုတင်ရင်ဆိုင်နေကြရပါတယ်။
လက်ရှိစိုက်ပျိုးနေတဲ့ အရာဟာလည်း ဒေသ အခြေစိုက် အစိုးရစစ်တပ်၊ ရဲနဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်မှူး (KNPLF ခေါ် ကလလတ) အဖွဲ့တွေကို ဘိန်းစိုက်သူတွေက အခွန် ပေးကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ထဲရေး ဝန်ကြီးဌာန ရဲသတင်းအထူးတပ်ဖွဲ့ (SB)၊ ဒေသ အခြေစိုက် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) တွေကိုလည်း အခါအားလျော်စွာ ပေးကမ်းရတယ် လို့ဆိုပါတယ်။
“တကယ်ဆိုကျနော်တို့က ဘိန်းစိုက်ပျိုးသူဆိုပြီး လက်ညိုးထိုးခံနေရတဲ့ အမည်ခံ ဘိန်းစိုက်သမား တွေဗျ၊ ကျုပ်တို့ စိုက်တာ ဟုတ်တယ်၊ ဒါပေမယ့် စစ်တပ်က လာကောက်လိုက်၊ ရဲကလာကောက်လိုက်၊ သူပုန်က လာကောက်လိုက်နဲ့ သူတို့ကိုလည်း ရသမျှ တဝက်လောက် ဖဲ့ပေးနေရတာ၊ တဖွဲ့ဝင်လာတိုင်း ဘိန်းစိုက်တဲ့အိမ် တအိမ်ထောင် ၅ သောင်း အနည်း ဆုံး ကောက်တယ်” လို့ ဘိန်းတောင်သူတဦးက ရှင်းပြပါတယ်။
ဒီလိုအဖွဲ့တွေက နည်းနည်းစိုက်စိုက်သူရော၊ များများစိုက်သူရော တပြေးညီ ကောက်တဲ့အတွက် တဧက၊ နှစ်ဧက စိုက်တဲ့သူတွေအတွက် မြေဩဇာ စရိတ်၊ အလုပ်သမားစရိတ်တွေနဲ့ ဝင်ငွေမဖူလုံတာ ကြောင့် တိုးချဲ့စိုက်ရတယ်လို့ ဆိုပါတယ်။
သူကဆက်ပြီး “ဘိန်းစိုက်တာ မကောင်းဘူး ဆိုတာ တကမ္ဘာလုံး သိသလို ကျနော်တို့လည်း သိတယ်၊ စိုက်ချင်လွန်းလို့စိုက်တာတော့ မဟုတ်ဘူး၊ ကျနော့်မိသားစု စားဝတ်နေရေးအတွက်၊ အသက် ရှင်ဖို့အတွက် ကျနော်တို့ ဘာစိုက်ရမလဲ၊ အရင် တခေါက်က ဘိန်းအစား ကြက်သွန်စိုက်တယ်၊ ဈေးမမှန်ဘူး၊ တခါတလေ သွန်ပစ်လိုက်ရတယ်၊ ပိုက်ဆံ မရှိတော့ ကျနော့်သားအကြီးကောင်တောင် ကျောင်း ထုတ်လိုက်ရတယ်၊ စားဝတ်နေရေးလည်း အဆင် မပြေဘူး” လို့ သူ ဘိန်းပြန်စိုက်ဖြစ်တဲ့အကြောင်းကို လည်း ရှင်းပြပါတယ်။
နောက်တခုက ဒီဒေသတွေဟာ အခုအချိန် အထိ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကြီးစိုးထားဆဲ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကာလ မဲဆွယ်စဉ်တုန်းက ကြံ့ခိုင်ရေးပါတီ စည်းရုံး ရေးမှူးတွေက ဘိန်းစိုက်ပျိုးမှုကိုခုတုံးလုပ်ပြီး မဲဆွယ် ခဲ့တယ်လို့ အဲဒီအချိန်က ကြံ့ခိုင်ရေးပါတီ စည်းရုံး ရေးမှူးအဖြစ် တာဝန်ယူခဲ့သူက ရှင်းပြပါတယ်။ လက်ရှိမှာတော့ သူက ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေပါတယ်။
“အဲဒီတုန်းကတော့ ကြံ့ခိုင်ရေးပါတီကို ထောက် ခံမဲထည့်ရင် ဘိန်း လွတ်လွတ်လပ်လပ် စိုက်ရမယ်။ ခင်ဗျားတို့ ဘိန်းခင်းတွေကို ဘယ်သူမှ လာပြီးမဖျက်ဆီးစေရဘူးဆိုပြီး အာမခံပေးခဲ့တယ်။ အဲဒါကြောင့် ဒီက မဲတွေက လည်း အကုန်ရတာပေါ့။ ဒီမှာက ဘိန်းပဲ အဓိကစိုက်တာလေ” လို့ အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။
ဖယ်ခုံမြို့နယ်ထဲမှာ ဘိန်းစိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ စကားပြောဖြစ်တော့ ဒီဒေသမှာ ကျေးရွာ အုပ်ချုပ် ရေးမှူးတွေ ဘိန်းစိုက်တာ အဆန်းမဟုတ်ဘူး၊ ဘိန်းမစိုက်တဲ့ အုပ်ချုပ်ရေးမှူးကမှ အဆန်းဖြစ်နေတာလို့ ဆိုပါတယ်။ တမြို့နယ်လုံးမှာ ကျေးရွာ အုပ်စု ၁၂ အုပ်စုရှိပြီး ၃ အုပ်စုပဲ လူမြင်ကွင်းကျနေလို့ စိုက်မရလို့ မစိုက်ကြတာလို့ သိရပါတယ်။
ဒီမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေထဲမှာ မစိုက်တဲ့လူက လက်ငါးချောင်း မပြည့်ဘူးလို့တောင် သူတို့အချင်းချင်း ပြောပါတယ်။ ဖယ်ခုံမြို့ရဲ့ လည် ပတ်နေတဲ့ ငွေကြေး သုံးချိုး ၂ ချိုးဟာ ဘိန်းကရတဲ့ ငွေကြေးတွေ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ဖယ်ခုံမြို့နဲ့ တွဲလျက်ရှိနေတဲ့ မိုးဗြဲဆည်ကြီးထဲက ကျွန်းပေါ်မှာဆိုရင် ဘိန်းခင်းတွေကို ပေါ်ပေါ်ထင်ထင် စိုက်ပျိုးထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲဒီ ဘိန်းစိုက်ခင်းတွေကတော့ ရေလမ်းကြောင်းနဲ့ သွားလာ နေသူတွေအတွက် အလွယ်တကူမြင်နိုင်တဲ့ မြင်ကွင်းတွေပါ။ ဒါတွေကို မြို့ခံအာဏာပိုင်တွေလည်း သိကြပြီး သားဖြစ်ပါတယ်။ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတွေကနေ ဝင်ငွေဖြောင့်နေတဲ့ ဖယ်ခုံမြို့နယ်မှာတာဝန်ကျ လိုတဲ့ ဒုရဲအုပ်တယောက် အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူထံကို လာဘ်ထိုးဖို့ ကျပ် သိန်း ၅၀ ပေါက်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတချို့ကပြောပါတယ်။
ဒေသခံရဲတွေနဲ့ နီးစပ်သူတဦးက “ဒီမှာတာဝန် ကျတဲ့ ရဲတွေက ဝင်ငွေဖြောင့်တယ်၊ စီမံချက်နဲ့ ရွာတွေကို ဝင်ဖမ်းလို့ ဘိန်းမည်းတွေရလာရင် တပိဿာလောက်မိရင် ၇၅ ကျပ်သား၊ ၅၀ သားလောက်ကို ခွဲထုတ် ရောင်းစားပြီး ကျန်တဲ့ဟာကို မန်ကျည်းသီး မှည့်တို့၊ ရေနံချေးတို့နဲ့ ရောနယ်ပြီး အထက်ကို တင် လိုက်တာပဲ၊ ဒီမှာလာဝယ်နေတဲ့ တရုတ်တွေကတော့ တခါမှမမိဘူး၊ သူတို့ကျ အာဏာပိုင်လမ်းကြောင်း ပိုင်တယ်” လို့ သူက ရှင်းပြပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းထိန်းချုပ် ရေးရုံး (UNODC) က အရှေ့တောင် အာရှဘိန်းနဲ့ ပတ်သက်တဲ့ ကွင်းဆင်းလေ့လာချက်အရ မြန်မာ နိုင်ငံဟာ ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက် ထရစ်တန် ထုတ်လုပ်ထား တယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီးရင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးသူအဖြစ် ရှိနေ ဆဲဖြစ်တယ် လို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။
ဒီအခြေအနေတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ထုတ်လုပ်မှုထက်စာရင် ၂၆ ရာခိုင်နှုန်း တိုးတက်လာ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှု ရပ်တန့်ရေး ကြိုးပမ်းမှုတွေဟာ လုံးဝ အောင်မြင်ခြင်း မရှိတာဟာ ဆင်းရဲသား တောင်သူလယ်သမားတွေ စားဝတ်နေရေးအတွက် အခြားနည်းလမ်း မရှိတာကြောင့်လို့ ဖော်ပြထားပါတယ်။
ဖယ်ခုံမြို့နယ်မှာတော့ အုပ်ချုပ်ရေးမှူးတွေအပါအဝင် ပိုက်ဆံတတ်နိုင်သူအများစုကသာ ဧက အများအပြား စိုက်ကြပြီး ရွာခံအများစုက တပိုင် တနိုင် စိုက်ပျိုးကြသူတွေဖြစ်ပါတယ်။ သူတို့ နေထိုင်ရာ ဒေသတွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှု ရေး စတာတွေအတွက် ခက်ခဲလွန်းပါတယ်။
မြန်မာအစိုးရက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးဆိုင်ရာအဖွဲ့ UNODC အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဘိန်း စိုက်ပျိုးရာဒေသတွေမှာ အစားထိုးသီးနှံ စိုက်ပျိုး မယ်ဆိုတဲ့ အသံတွေကို ကြားပေမယ့် ခုချိန်ထိ ဘာတခုမှ လုပ်ဆောင်ပေးတာ မတွေ့ရသေးဘူးလို့ ဒေသခံ ဘိန်း စိုက်ပျိုးသူတွေက ပြောဆိုကြပါတယ်။
သူတို့ဒေသမှာ ဘိန်းစိုက်ပျိုးတဲ့အကြောင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေမှာပါလာရင် နေပြည်တော်အမိန့်နဲ့ ဒေသခံအာဏာပိုင်တွေက ဆင်းပြီး ဖျက်ပြကြ တယ်လို့ဆိုပါတယ်။ ဧက အများ အပြားစိုက်နိုင်တဲ့ သူဌေးတွေကတော့ ရဲတွေ အထက်ကို တင်ပြနိုင်ဖို့ ဖျက်ဖို့အခင်းတွေကို သီးသန့်စိုက်ပေးထားပြီးသား ရှိတယ်လို့ဆိုပါတယ်။
တခါတရံ အဲဒီလို ဖျက်ဖို့စိုက်ထားတဲ့ အခင်း တွေကို ကျော်လွန်ပြီး ဧကအနည်းငယ် စိုက်တဲ့ တောင်သူတွေရဲ့ အခင်းတွေကိုလည်း ဝင်ဖျက်သွား တဲ့အတွက် အဖျက်ခံရတဲ့ တောင်သူတွေဟာ အဲဒီ နှစ်မှာ အရှုံးပေါ်ပြီး အြွေကးတွေနဲ့ နပန်းလုံးခဲ့ရတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့ပေါ် အခြေစိုက် ကယန်းလူငယ် ခေါင်းဆောင် တဦးက “ကျနော်တို့ အစိုးရက ဘိန်း ကင်းစင်ရေးဆိုရင် ဘိန်းခင်းဖျက်လိုက်တာနဲ့ ရှင်းပြီ ထင်နေတာ၊ နေပြည်တော်က ထုထောင်းရင် အောက်ကလူတွေက ဒေသခံတွေရဲ့ ဘိန်းခင်းတွေ ကို ဖျက်ပြတယ်။ ဒီလူတွေ ဘာကြောင့် ဘိန်းစိုက် နေကြရတယ်ဆိုတာ အစိုးရလူကြီးတွေ သိတယ်။ အဲဒါကို ဘိန်းမစိုက်အောင် လုပ်ပေးရမယ့် အစား ထိုး သီးနှံတွေနဲ့ ဒေသအခြေခံ ဖွံ့ဖြိုးရေးတွေကိုကျ တော့ လျစ်လျူရှုထားတယ်”လို့ ပြောပါတယ်။
တတ်သိပညာရှင်တွေနဲ့ သူတို့ဒေသကို ကွင်း ဆင်းလေ့လာပြီး သင့်လျော်တဲ့ အစားထိုးသီးနှံ စိုက်ပျိုးဖို့ ချမှတ်ပေးတာတွေ၊ ဒေသကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေး ဖွံ့ဖြိုးဖို့အတွက် လမ်းဖောက်ပေးတာတွေ၊ ထွက်ရှိလာမယ့် သီးနှံတွေကို ပုံမှန်ရောင်း၊ ဝယ်နိုင်မယ့် ဈေးကွက်တွေကို ဖန်တီးပေးလိုက်လို့ အဆင်ပြေ သွားရင် ဘိန်းစိုက်ပျိုးလိုတဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်ပေးနိုင်လိမ့်မယ်လို့ ကယန်း လူငယ် ခေါင်းဆောင်က ပြောဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် လက်ထက် တုန်းက ဝင်ငွေကောင်းတဲ့ ဘိန်းအစားထိုးသီးနှံ စီမံ ကိန်းတခုအဖြစ် ဂျပန်နိုင်ငံက ပန်းဂျုံစိုက်ပျိုးမှုအပါအဝင် အခြားဘိန်းအစားထိုး သီးနှံစိုက်မျိုးမှုတွေကို ကြိုးစားခဲ့ပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ဈေးကွက်တင်ရာမှာ ခက်ခဲကြန့်ကြာမှုတွေကြောင့် ဘိန်းတောင်သူ တွေလည်း သူတို့ဘဝ အသက်ရှင် ရပ်တည်ရေးအတွက် နောက်ဆုံး ဘိန်းကိုပဲ ပြန်စိုက်ကြရတယ်လို့ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးကလည်း ရှင်းပြပါတယ်။
UNODC ရဲ့ အစီရင်ခံစာထဲမှာလည်း ဘိန်း စိုက်ပျိုးတဲ့ ရွာတွေက လယ်သမားတွေကို သူတို့ ကွင်းဆင်း လေ့လာချက်တွေအရ ဘိန်းစိုက်လို့ရတဲ့ ဝင်ငွေတွေဟာ မိသားစုရဲ့ မရှိမဖြစ် လိုအပ်နေတဲ့ ဝင်ငွေဖြစ်ကြောင်း ပြဆိုနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ရွာသားတွေအတွက် အစားအသောက် ဖူလုံမှုနဲ့ ဆင်းရဲ မွဲတေမှုကို ကာကွယ်ပေးဖို့ စဉ်ဆက် မပြတ် ဝင်ငွေရမယ့် အခြားနည်းလမ်းတွေလိုမှာ ဖြစ်တယ်၊ ဒီလိုမှ မဟုတ်ရင် ငွေရလွယ်တဲ့ ဒီ ဘိန်းစိုက်ပျိုးခြင်းကိုပဲ ပြန်လုပ်ကြလိမ့်မယ်လို့ ထောက်ပြထားပါတယ်။
၁၉၈၀ ခုနှစ်များက ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ ဘိန်းထုတ်လုပ်မှု အများဆုံးဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာတော့ အာဖဂန်နစ္စတန်က မြန်မာကို ကျော် ဖြတ်ပြီး ပထမနေရာကို ယူသွားခဲ့ကြောင်း မြန်မာ နိုင်ငံက ၁၉၉၆ ခုနှစ်မှာ အမြင့်ဆုံးဘိန်းထုတ်လုပ်မှုအဖြစ် မက်ထရစ်တန် ၁၆၀ဝ ထုတ်လုပ်ခဲ့တယ်လို့ UNODC အစီရင်ခံစာက ဖော်ပြ ထားပါတယ်။
အမြစ်တွယ်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဘိန်း စိုက်ပျိုးထုတ်လုပ်မှုတွေဟာ ဆယ်စုနှစ်တွေအလီလီ ဖြတ်ကျော် လာခဲ့ပြီဖြစ်သလို အစိုးရ အဆက်ဆက်ကလည်း ဒေသခံတွေရဲ့ ဖွံ့ဖြိုးရေးတွေနဲ့ ဝင်ငွေရမယ့် အစားထိုးသီးနှံစိုက်ပျိုးရေးတွေကို စနစ်တကျနဲ့ ပံ့ပိုးလုပ်ဆောင်မှုတွေ မရှိသေးတဲ့အတွက် ဘိန်း တိုက်ဖျက်ရေးဟာ ထိရောက်မှုမရှိတာလို့ ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း သုံးသပ် ပြောဆိုကြပါတယ်။
လက်ရှိအခြေအနေအရ နေပြည်တော်ကောင်စီ နယ်မြေနဲ့ အနီးဆုံးနေရာတွေမှာ ဘိန်းစိုက်နေကြတဲ့ ဖယ်ခုံ၊ ပင်လောင်းနဲ့ လွိုင်ကော် မြို့နယ်တွေမှာတောင် အစားထိုးသီးနှံနဲ့ ဒေသဖွံ့ဖြိုးရေးတွေအတွက် အစိုးရအနေနဲ့ လုပ်ငန်းတွေ မစနိုင်သေးတာဟာ နိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် နှောင့်နှေးနေဦးမှာပဲလို့ ဘိန်း စိုက်ပျိုး ထုတ်လုပ်မှု စောင့်ကြည့်လေ့လာ သူတွေက ထောက်ပြပြောဆိုနေကြပါတယ်။