ကမ္ဘာ့ အမွေအနှစ် စာရင်းသွင်းခံထားရသည့် ပဲခူးတိုင်း ပြည်မြို့ရှိ သရေခေတ္တရာနှင့် ဗိဿနိုး ယဉ်ကျေးမှု ဇုန်များ အတွင်း တယ်လီနောနှင့် အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီများက တယ်လီဖုန်း တာဝါတိုင် စိုက်ထူခွင့်ပြုရန် တောင်းခံနေကြောင်း သိရ သည်။
သရေခေတ္တရာ ပျူမြို့ဟောင်း၏ အဓိကျသည့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်အတွင်းရှိ ဘုရားထောင် ဘုရားအနီး ဆင်ဖြူကန် ကျေးရွာ၌ တယ်လီဖုန်း တာဝါတိုင် စိုက်ထူရန် ခွင့်တောင်းထားသည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒု ညွန်ကြားရေးမှူး ဦးသိန်းလွင်က “ဘုရားထောင် နားကြတော့ ဘုရားလည်း ကွယ်မှာ ဖြစ်သလို၊ ရှေးဟောင်း အဆောက်အအုံတွေလည်း အများကြီး ရှိတယ်၊ တဖက်ကလည်း ပြည်သူတွေ တိုးတက်ဖို့အတွက် တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်ထောင်ခွင့် မပြုဘူးဆိုတာမျိုး မဖြစ် စေချင်ဘူး”ဟု ဧရာဝတီကို ပြောပြသည်။
ကမ္ဘာ့အမွေအနှစ် အဖြစ် အသိအမှတ်ပြု ခံထားရသည့် ပျူရှေးဟောင်းဇုန်များ အတွင်း တယ်လီဖုန်း ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို)၏ စည်းကမ်းများနှင့် ငြိစွန်းနိုင်သည့်အတွက် ပညာရှင်များ ငှားရမ်း၍ ကွင်းဆင်း လေ့လာပြီး စိုက်ထူခွင့် ပြုသင့်မသင့် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရ သည်။
တာဝါတိုင် စိုက်ထူခွင့် တောင်းသည့် နေရာသည် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်အတွင်းတွင် ထင်ရှားသည့် ဘောဘောကြီး ဘုရား၊ လေးမျက်နှာ စသည့် ရှေးဟောင်း စေတီများ တည်ရှိသည့် နေရာ ဖြစ်သည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝါတိုင် စိုက်ထူခွင့်ကို သင့်လျော်သည့်နေရာတွင် ရွေးချယ် နေရာချထားပေးမည်ဆိုပါက အမြင် တင့်တယ်စေရန် သစ်ပင် ပုံစံမျိုး ဆင်ယင် ချထားမည်ဟု ဆိုသည်။
အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီက ဗိဿနိုး ပျူရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ ကုက္ကိုခွရွာ အနောက်ဘက်တွင် တာဝါတိုင် စိုက်ထူခွင့် တောင်းခံ ထားသည်ဟု ဦးသိန်းလွင်က ဆက်ပြောသည်။
ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး ပျူရှေးဟောင်း မြို့သုံးမြို့ကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က စတင်ပြီး World Heritage List ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် ယူနက်စကို က အသိအမှတ်ပြုထားသည်။