သတင်း

သိန္နီမြို့တွင် ဖမ်းမိသော ဖောက်ခွဲရေးသမား ၄ ဦး RSO အဖွဲ့နှင့် ဆက်စပ်ဟု ဆို

This article has been converted from Zawgyi One to Unicode

နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)၏ သတင်း ပေးပို့ချက် အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရှမ်းပြည်နယ် ၊ မြောက်ပိုင်း သိန္နီမြို့တွင် လူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အခြေစိုက် ထားသော ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အကြမ်းဖက်အဖွဲ့(RSO) နှင့် ဆက်စပ်မှုရှိသော ဖောက်ခွဲရေးသမားများ ဖြစ်သည်ဟု စစ်ဆေး ဖော်ထုတ် နိုင်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှ မူဆယ်ဘက်သို့ သွားသည့် လမ်းမပေါ်ရှိ အေးရှားဝေါလ် တိုးဂိတ် အနီးတွင် ဖောက်ခွဲရေးသမားဟု ယူဆရသူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းဖမ်းဆီးရမိသူများကို နိုင်ငံ တကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) မှ ပေးပို့ထားသော သတင်းအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ RSO အဖွဲ့ နှင့် ဆက်စပ်မှု ရှိသည်ကို ဖော်ထုတ်နိုင်ခြင်းဖြစ်ကြောင်း သိန္နီမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူး ဝင်းဇော်က ဧရာဝတီ သို့ ပြောသည်။

“ကျနော်တို့ ဖမ်းမိမိချင်း စစ်ဆေးတော့ သူတို့က နာမည်တွေ လျှောက်ပြောတယ်။ ဘယ်မှာနေလဲ၊ ဘာလုပ်လဲ ဆိုတာ လည်း သေချာမပြောနိုင်ဘူး ။ ဒါနဲ့ သူတို့ကို ဖမ်းပြီး ညတွင်းချင်း လားရှိုး ခရိုင်ကို ပို့လိုက်တယ်။ အဲဒီမှာ ထပ် စစ်တဲ့ အခါ အင်တာပိုလ်က ရထားတဲ့ နာမည် အချက်အလက်တွေနဲ့ ကွက်တိဖြစ်နေတယ်။ သူတို့ ပြောတော့ သူတို့က မိုးမိတ် မှာလည်း နေတယ်။ ထိုင်းမှာလည်း နေတယ်လို့ ပြောတယ်။ ၄ ဦးစလုံးက အစ္စလမ် ဘာသာဝင်တွေ ဖြစ်တယ်။ နာမည် တွေက ရဲကို (ခေါ်) ကိုကို (ခေါ်) ဟာဆန်၊  မောင်မောင်မင်းကို၊ ဝေယံမင်းနဲ့ နောက်ဆုံး တယောက်က အွတ်မာ လို့ ခေါ်တယ် ’’ ဟု ဒုရဲမှူး ဝင်းဇော်က ရှင်းပြသည်။

စစ်ဆေးချက်များအရ ဖမ်းမိထားသူ ၄ ဦးသည် ထိုင်းနိုင်ငံဘက်တွင် ပြောက်ကျား ဝတ်စုံများဖြင့် သင်တန်း တက် ရောက် ခဲ့ဖူးသူများဖြစ်ပြီး တက်ရောက်ခဲ့သည့် သင်တန်းအမျိုးအစား သိရှိနိုင်ရေး စစ်ဆေးဆဲဖြစ်ကြောင်း၊ အခြား အသေး စိတ် အချက်အလက်များကိုလည်း ဆက်လက် စစ်ဆေးဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းခေါင်က “ဖောက်ခွဲရေးသမား အစစ်တွေ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဆက်ပြီး စစ်ဆေး နေတယ်။ ကျနော် အခုအချိန်မှာ အဲဒီလောက်ပဲ ပြောနိုင်သေးတယ်’’ ဟု ဧရာဝတီသို့ ပြောသည်။

အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ နိုဝင်ဘာလဆန်းပိုင်းက မြန်မာနိုင်ငံတွင်းသို့ ဖောက်ခွဲရေးသမားများ ရောက်ရှိနေသဖြင့် သတင်းပေးကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

Loading