ခရီးသည်တဦးကို ဝိုင်းဝန်းထိုးကြိတ်မှုအပေါ် မကျေနပ်သူများက လူစုကာ ယာဉ်လုပ်သားများအား လက်တုံ့ပြန် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဥပဒေဖြင့်သာ တုံ့ပြန်ဖြေရှင်းရန် မေတ္တာရပ်ခံကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ (မထသ) (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၂၃၆ ယာဉ်လိုင်းမှ ယာဉ်လုပ်သား တချို့က အမှတ် ၃ လမ်းမပေါ်တွင် ညအချိန် ခရီးသည် တဦးအား ဝိုင်းဝန်း ထိုးကြိတ်ခဲ့သည့် ဗီဒီယိုဖိုင်တခု ထွက်ပေါ်လာရာတွင် တာဝန်ရှိသူများ အနေဖြင့် အရေးယူ ဆောင်ရွက်မှု မရှိဟုဆိုကာ ခရီးသွားပြည်သူတချို့ လူစုပြီး ယာဉ်လိုင်းမှ ယာဉ်လုပ်သားများကို လက်တုံ့ပြန်ခြင်း ဖြစ်သည်။
ဦးလှအောင်က “ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ၂၃၆ ယာဉ်လိုင်းကို စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေကတော့ ကာယကံရှင်တွေက အမှုဖွင့်၊ မဖွင့်အပေါ်ဘဲ မူတည်တယ်” ဟု ပြောသည်။
လက်ရှိတွင် ခရီးသည်နှင့် မကျေနပ်သူက လူစု လက်တုံ့ပြန်နေပုံများအား လူမှုကွန်ရက် Facebook ပေါ်တွင် ပျံနှံ့လျက်ရှိရာတွင် ၎င်းတို့၏ လုပ်ရပ်အပေါ် ထောက်ခံ မှတ်ချက်ရေးသားမှုများကိုလည်း တွေ့ရသည်။
ယခုနှစ်အတွင်း ယာဉ်လုပ်သားတချို့၏ ဆက်ဆံရေး မပြေပြစ်မှုနှင့် ကိုယ်ထိလက်ရောက် လုပ်မှုများကြောင့် ခရီးသွားပြည်သူများနှင့် ပြဿနာများ ပိုမိုဖြစ်ပွားလာရာတွင် ကိုယ်ထိလက်ရောက် ကျူးလွန်သူ ယာဉ်လုပ်သား အများစုမှာ မထသတွင် မှတ်ပုံတင်ထားသည့် ယာဉ်လုပ်သားများ မဟုတ်ကြောင်းလည်း သိရသည်။
ယင်းသို့ ကိုယ်ထိလက်ရောက် ကျူးလွန်နေသည့် ယာဉ်လုပ်သားများနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ရာတွင်လည်း ထိထိရောက်ရောက် လုပ်ဆောင်မှုမရှိကြောင်း ဝေဖန်မှုများရှိနေပြီး ယခုထက် ပိုမို၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်စေချင်ကြောင်း အင်းစိန်မြို့နယ်မှ ခရီးပြည်သူတဦးက ပြောသည်။
ယာဉ်လုပ်သားများ၏ ပြစ်မှုကျူးလွန်မှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် ပြောဆိုဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ရာတွင် အားနည်းမှုများ ရှိနေသည့်အတွက် ယခုထက် ပိုမိုဆောင်ရွက်ရန်နှင့် ပြည်သူများအပေါ် ပိုမို ကာကွယ်ပေးနိုင်ရန် အားထုတ်ဖို့ လိုအပ်ကြောင်း ကျောက်တံတားမြို့နယ် တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
ဒေါ်ကြည်ပြာက “ယာဉ်လုပ်သား တချို့ရဲ့ ဆိုးသွမ်းမှုကို ကိုယ်တိုင်လည်း ကြုံဖူးတယ်။ ဒါတွေ ကိုင်တွယ်ဖို့ အစိုးရဘက်မှာလည်း အခက်အခဲတွေ ရှိနေတယ် ထင်တယ်။ ပြည်သူတွေ အနေနဲ့တော့ အုပ်စုဖွဲ့ ပြန်လည် တိုက်ခိုက်တာတွေ မလုပ်စေချင်းဘူး၊ သူတို့နဲ့ တုပြီးဖြစ်ရင် ပြည်သူတွေ နစ်နာမှာစိုးရိမ်ပါတယ်” ဟု ပြောသည်။
မော်တော်ယာဉ်လိုင်းများ၏ စည်းကမ်း ချိုးဖောက်မှုများနှင့် ပတ်သက်၍ မထသ အနေဖြင့် ယာဉ် စည်းကမ်း ထိန်းသိမ်းရေး ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုမြောက်သည့် ကျူးလွန်မှုများကို သက်ဆိုင်ရာ ရဲစခန်း၊ တရားရုံးများက အရေးယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးလှအောင်က ရှင်းပြသည်။