သတင်း

ဘူးလက် ဦးလှဆွေ ရွေးကောက်ပွဲအယူခံ ရှုံးနိမ့်ပြန်

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဘူးလက် ဦးလှဆွေ၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အယူခံတင်သွင်းမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးအဖွဲ့က ပယ်ဖျက်ကြောင်း အပြီးသတ်အမိန့်ကို ဖေဖော်ဝါရီလ ၂၄ ရက် နံနက်က ချမှတ်ခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရသော အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(NLD)မှ ဦးပြူးလွင်အား ရွေးကောက်ပွဲကန့်ကွက်လွှာ စီရင်ချက်အမိန့်တွင် ရှုံးနိမ့်ခဲ့သည့် ဦးလှဆွေအနေဖြင့် အယူခံတင်မှုလည်း ထပ်မံပယ်ဖျက်ခံရခြင်းအတွက် စုံညီခုံရုံးသို့ ထပ်မံအယူခံ တင်မည်ဖြစ်ကြောင်း ပြောသည်။

ဦးလှဆွေက “ကျနော်တင်ပြတဲ့အချက်တွေထဲက သူတို့ဘက်က မငြင်းတဲ့အချက်တွေကို ကော်မရှင်က လူတွေက ထည့်မပြောဘူး၊ အခု အပြီးသတ်အမိန့်က တရားမျှတမှု မရှိဘူးလု့ိ ယူဆလို့ စုံညီခုံရုံးကို အယူခံထပ်တက်မှာပါ”ဟု ပြောသည်။

ဦးလှဆွေနှင့် ဦးပြူးလွင်တို့သည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၂ ၌ ယှဉ်ပြိုင်ခဲ့ပြီး ဦးပြူးလွင်က ခိုင်လုံမဲ ၇ သောင်းကျော် ဖြင့် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ကော်မရှင်ခုံရုံးဆုံးဖြတ်ချက်အပေါ် ဦးပြူးလွင်က “အမှန်တရားဘက်က ရင်ဆိုင်ရတဲ့အတွက် ခုံရုံးဆုံးဖြတ်ချက်ကို ဘာမှပြောစရာမရှိပါဘူး”ဟု ပြောသည်။

ဦးလှဆွေက ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်ရာတွင် အသံဖိုင်များအပါအဝင် သက်သေခံချက် ၁၂ ချက်ကို ကော်မရှင်ထံ တင်သွင်းခဲ့ပြီး ကော်မရှင်ခုံရုံးက ယင်းအချက်များမှာ ယုံကြည်ရမှု မရှိသည့်အတွက် ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုပေါင်း ၄၄ မှုရှိခဲ့ပြီး ယနေ့အထိ ရွေးကောက်ပွဲကော်မရှင်ခုံရုံးအဖွဲ့က အပြီးသတ် အမိန့်ချမှတ်ပြီး၍ နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သည်မှာ ၄၃ မှုရှိပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading