လူမြင်ကွင်းကနေ အတန်ကြာ ပျောက်ကွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇဟာ ဆီးဂိမ်းမှာ စင်ကာပူ ဘောလုံးအသင်းကို အနိုင်ရခဲ့တဲ့ မြန်မာအမျိုးသားလက်ရွေးစင်အသင်းကို အမေရိကန် ဒေါ်လာ ၁သောင်း ချီးမြှင်ကာ လူအများရှေ့ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။
သူဟာ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို အားပေးဖို့ တခြားစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ မြန်မာ့ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း(KBZ)၊ ဥက္ကဋ္ဌ ဦးဇော်ဇော် (Max) တို့နဲ့အတူ သြဂုတ်လ ၁၃ ရက် နေ့ကတည်းက ရောက်ရှိနေပြီး သူနဲ့အတူ သားဖြစ်သူ မြန်မာဘောလုံး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုပြည့်ဖြိုးတေဇလည်း ပါဝင်တယ်လို့ သိရပါတယ်။
၂၀၁၅ မှာ ယူရေနီယမ်တွေ တွေ့တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲလုပ်အပြီး ပျောက်သွားလိုက်တဲ့ ဦးတေဇဟာ လူမြင်ကွင်းကို အခုလို ပြန်လည်ထွက်ပေါ်လာသလို တချိန်ထဲမှာပဲ စီးပွားရေး လောကထဲကိုလည်း ပြန်လည်ဝင်ရောက် လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကတည်းက စီးပွားရေးလုပ်ငန်းတွေကို သား ၂ ဦးနဲ့လွှဲကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ နေထိုင်နေတဲ့ ဦးတေဇဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ ဗီယက်နမ်အမျိုးသားရေနံ အုပ်စု (Petrolimex) မှ ဥက္ကဌ Dr. Bui Ngoc Bao အဖွဲနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
ဟနွိုင်း အခြေစိုက် ဗီယက်နမ်အမျိုးသားရေနံ အုပ်စုလို့ခေါ်တဲ့ Petrolimexဟာ ဗီယက်နမ်နိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ် ငွေ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။
ဦးတေဇရဲ့ ထူးကုမ္ပဏီအုပ်စုနဲ့ Petrolimex ဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးကွက်နဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ဇူလိုင်လထဲမှာပဲ ဟနွိုင်းမြို့မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက်မှာ Petrolimex ရဲ့ အခုမြန်မာခရီးစဉ်ဟာ ဈေးကွက်လေ့လာဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ၊ တိကျတဲ့ စီးပွားရေး အစီအစဉ်တွေ ရေးဆွဲဖို့ လာရောက်ခဲ့တယ်လို့ ဗီယက်နမ်သတင်းတွေက ဆိုပါတယ်။
Petrolimexရဲ့ ဥက္ကဋ္ဌ Dr. Bui Ngoc Bao ဟာ စီးပွားရေး မိတ်ဖက် ထူးကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးပြည့်ဖြိုးတေဇနဲ့ လည်းတွေ့ဆုံကာ လုပ်ငန်းတွေကို အသေးစိတ်ညှိနှိုင်းတယ်လို့ ထူးကုမ္ပဏီဖက်က သတင်းထုတ်ပြန်ပါတယ်။
ဦးတေဇအနေနဲ့ ၂၀၁၆ ခုနှစ်အောက်တိုဘာလက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ပယ်ဖျက်လိုက်ပြီးနောက် ပထမဆုံး နိုင်ငံတကာကုမ္ပဏီ နဲ့ စတင်ပြီး လူသိရှင်ကြား အလုပ်လုပ်ကိုင်ခြင်းဖြစ်တယ်လို့ ဆိုရမှာပါ။
ခရိုနီလို့ အများကခေါ်ကြတဲ့ ဦးတေဇဟာ အခုဆိုရင် ၅၃ နှစ်ရှိပါပြီ်။ ဖခင်ကတော့ စစ်ဘက်အသိုင်းအဝန်းမှာ ရှမ်းကြီးမြင့်ဆွေလို့ လူသိများပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းနဲ့ ရင်းနှီးသူဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်မှာ သစ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ရင်း ပိုမိုကြီးပွားချမ်းသာလာတဲ့ ဦးတေဇဟာ သစ်အလွန်အကျွံ ခုတ်ခဲ့သူလို့ နာမည်ကြီးခဲ့ပြီး အဲဒီအမှားကို ပြန်လည်ပေးဆပ်ဖို့ နယ်စပ်ဒေသတွေရဲ့ ပညာရေး၊ ကျန်းမာရေး ဖွံဖြိုးတိုးတက်ရေးမှာ အားဖြည့်လုပ်ဆောင်ပေးမယ်လို့ ကတိကဝတ်ပြုဖူးပါတယ်။
စစ်ခေါင်းဆောင်ဟောင်း (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရေ ွှ နဲ့ နီးစပ်သူလို့ နာမည်ထွက်ခဲ့တဲ့ ဦးတေဇဟာ နောက်ပိုင်း မှာတော့ မြန်မာစစ်အစိုးရရဲ့ ရုရှားနိုင်ငံမှ လက်နက်ဝယ်ယူမှု ကဏ္ဍမှာ ကြားပွဲစားအဖြစ် နာမည်ထွက်ခဲ့တဲ့ အတွက် အမေရိကန်အစိုးရ ရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင် သူ့ရဲ့ ထူးကုမ္ပဏီအုပ်စုဟာ မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ရှိတဲ့ ကုမ္ပဏီများနဲ့ ငွေအလွှဲအပြောင်းကဏ္ဍတွေ မှာ ပါဝင်ပတ်သက်တဲ့ဆိုတဲ့ သံသယကြောင့် ၂၀၁၄ ခုနှစ်မှာ ဦးတေဇရဲ့ ဘဏ်စာရင်းတွေကို ပိတ်ဖို့ စင်ကာပူအာဏာပိုင် တွေကို အမေရိကန်တာဝန်ရှိသူတွေက ဖိအားပေးခဲ့ပါသေးတယ်။
ဒါကြောင့်လည်း အမေရိကန်ရဲ့ ဒဏ်ခတ်မှုက သူ့ရဲ့စီးပွားရေး လုပ်ငန်းတွေကို ကြပ်တည်းစေခဲ့ပြီး အမေရိကန်အရာရှိတွေ ကလည်း သူ့ရဲ့ ဝင်ငွေထွက်ငွေ မှန်သမျှကို စောင့်ကြည့်နေခဲ့တယ်လို့ အမေရိကန် စီးပွားရေး မဂ္ဂဇင်း FORBES နဲ့ တွေ့ဆုံ ရာမှာ ဖွင့်ဟခဲ့ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုဟာ သူပိုင်လေကြောင်းလိုင်း Air Bagan အတွက် စက်ပစ္စည်းတွေ ဈေးကွက်ပေါက် ဈေး အတိုင်း ဝယ်ယူခွင့်မရတာကြောင့် အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် အရှုံးပေါ်ကာ ပိတ်ပစ်ရမယ့် အခြေအနေကို ရောက်ခဲ့ပါတယ်။
အာရှ စိမ်းလန်းမှု ဖွံဖြိုးရေးဘဏ်နဲ့ ဟိုတယ်လုပ်ငန်းတွေကိုသာ ဆက်လက်လည်ပတ်နေတဲ့ ဦးတေဇဟာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးအပိုင်းလို့ဆိုရမယ့် ရေခဲဖုံးတောင်တန်းတွေ ဝိုင်းရံနေတဲ့ ပူတာအို လွင်ပြင်မှာ စီးပွားရေးလုပ်ကိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
လက်ရှိ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက် စီးပွားရေး ကျဆင်းနေတယ်လို့ လုပ်ငန်းရှင်ကြီးတချို့ရဲ့ ဝေဖန်ပြောဆို နေချိန်မှာ စွမ်းအင်ကဏ္ဍပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇနဲ့ ဗီယက်နမ်အမျိုးသားရေနံ အုပ်စု (Petrolimex) တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ စိတ်ဝင်စားစရာတခုဖြစ်လာမှာ မလွဲပါဘူး။