အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့သည့် ရခိုင်အရေး ထိပ်သီး ဆွေးနွေးပွဲ တခုတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်မှ အာဏာ သိမ်းမည်ဟု ပြောဆိုခြင်း လုံးဝ မရှိ ကြောင်း သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းဌာနမှ ဆောင်းပါးရှင် လယ်ရီဂျာဂင်က “UN envoy averts possible military coup in Myanmar” ခေါင်းစဉ်ဖြင့် ဇွန်လ ၂၃ ရက်က ရေးသားခဲ့သည့် ဆောင်းပါးတပုဒ်တွင် တပ်ချုပ်က စိတ်ဆိုး မာန်ဆိုးဖြင့် အာဏာ သိမ်းယူရန်ကိုပါ ခြိမ်းခြောက်ခဲ့ကြောင်း တပ်မတော် ထိပ်တန်း အရာရှိများနှင့် နီးစပ်သည့် အသိုင်း အဝိုင်းများ၏ အဆိုအရ သိရှိရဟု ဖော်ပြထားသည်။
သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက“လယ်ရီဂျာကင် ဘန်ကောက်ပိုစ့်မှာ ရေးထားသလိုမျိုး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကနေ ပြီးတော့ အာဏာသိမ်းဖို့ အထိ ပြောတယ်ဆိုတဲ့ ဟာတွေက လုံးဝ မှားပါတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “ဆွေးနွေးတဲ့ အခါမှာ နံပါတ် ၁ ဒေါသတကြီး ဆွေးနွေးတာမျိုး လုံးဝမရှိဘူး။ နံပါတ် ၂ အချက်က တကယ် လို့ အစိုးရက စီမံခန့်ခွဲနိုင်မှု မရှိရင် အာဏာသိမ်းဖို့ ဆိုတဲ့ ပြောကြားချက် မရှိဘူး။ နံပါတ် ၃ အချက်က အဲဒီလို ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားတာ မဟုတ်ဘူး။ အားလုံး နားလည်မှု ရှိရှိနဲ့ ပြေပြေလည်လည်ပဲ ပြီးသွားတယ်”ဟု ဆိုသည်။
ယခုနှစ် ဇွန်လ ၈ ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ်အရေး ကိစ္စအပါအဝင် အမျိုးသား လုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံ ရေး အခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးအတွင်း ၎င်းကိုယ်တိုင် ရှိနေပြီး တက်ရောက်လာသည့် ခေါင်းဆောင်များသည် အေးအေးဆေးဆေးပင် ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။
လယ်ရီဂျာဂင်ကမူ“တိုင်းပြည်ကို မစီမံ မခန့်ခွဲနိုင်ရင် တပ်မတော်က ဖွဲ့စည်းပုံ ဥပဒေတွင် ပြဌာန်းထားတဲ့ အတိုင်း တိုင်းပြည်ရဲ့ အာဏာကို ပြန်လည် ရယူရလိမ့်မည်” ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်၌ ရေးသားထားသည်။
ယင်းနေ့က အစည်းအဝေးတွင် အစိုးရဘက်မှ ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာတွင် ဆောင်ရွက်နေမှု အခြေအနေ၊ ကုလသမဂ္ဂ နှင့် ဆက်ဆံရေး အခြေအနေ၊ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) ဆိုင်သော ကိစ္စရပ်များကို ရှင်းပြခဲ့ကြောင်း၊ လွတ်လပ်သော စုံစမ်းရေး ကော်မရှင်ကို မည်သည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းရသည်ကိုလည်း ရှင်းပြခဲ့ကြောင်း သမ္မတရုံးမှ သိရသည်။
“နိုင်ငံခြားသား တဦးကို ဘာကြောင့် ထည့်သွင်းရတယ်ဆိုတာ အကုန်လုံး ရှင်းပြပါတယ်။ ရှင်းပြတဲ့အခါမှာလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရော၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရော ပြောရရင်တော့ ဒီအပေါ်မှာ နားလည်ပါတယ်။ ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန် ပြောတာမျိုး မရှိဘူး” ဟု ဦးဇော်ဌေးက ရှင်းပြသည်။
သို့သော် နိုင်ငံတကာ၌ ဘန်ကောက်ပို့စ်၏ ရေးသားဖော်ပြချက် ဆောင်းပါးကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး ပြီးခဲ့ သည့် ရက်ပိုင်းက ဥရောပ သမဂ္ဂ (EU)က ဆန်ရှင် ပြုလုပ်လာကြောင်း၊ ယင်းသို့ ပြုလုပ်လာခြင်းသည့် ပြည်သူ၏ လူမှု စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တို့ကို မထိခိုက်ရန် လိုကြောင်း သမ္မတရုံးက ပြောသည်။
တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ချောမွေ့စေရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အရေးကြီးသော အဖွဲ့ အစည်းများ ဖြစ်သည့် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ခေါင်းဆောင်များသည် ဆုံးဖြတ်ချက်များ၊ အမိန့် ညွှန်ကြားချက် များ မပြုလုပ်မီတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် တွေ့ဆုံညှိနှိုင်းခြင်းဖြင့် အထက်ပါ ကိစ္စများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က ဆိုသည်။
“ကျနော် ပြောချင်တာက ပုံမှန်တွေ့ပြီးတော့ ဆွေးနွေးတိုင်ပင်ပြီး အမြင်ချင်း ဖလှယ်နေဖို့ လိုတယ်။ အရေးကြီးတဲ့ ကိစ္စတွေ ကို ဆုံးဖြတ်ချက်တွေ မချခင်မှာ တင်ပြဆွေးနွေးတဲ့အခါ ညီညွှတ်ရေး ဆိုတာ အဲဒါပဲ။ သဘောမတူတဲ့ ကိစ္စမျိုးကို တဖက် က လုပ်လိုက်လို့ မကျေမနပ်မှုတွေ ဖြစ်လာတတ်တယ်။ ဥပဒေအရ သမ္မတက လုပ်ခွင့်ရှိပေမယ့် နိုင်ငံရဲ့ ညီညွှတ်ရေး အတွက် ထည့်စဉ်းစားရမယ်”ဟု ၎င်းက သုံးသပ်သည်။
လယ်ရီဂျာဂင်၏ ရေးသားချက်များမှာ ယုံကြည်ရသည့် သတင်းရင်းမြစ်များလည်း မပါဝင်ဘဲ မတိကျသည့် သတင်းရင်းမြစ် များအပေါ်တွင်သာ အခြေခံထားကြောင်း၊ ၎င်းကိုယ်တိုင်နှင့် ဖော်ပြသည့် သတင်းဌာနမှာလည်း ပြည်တွင်းမှ မဟုတ်သဖြင့် အရေးယူနိုင်ရန် ခက်ခဲကြောင်း သမ္မတရုံးက ပြောဆိုသည်။
“တပ်မတော်ကလည်း ဒီသတင်းအပေါ်မှာ သူတို့လည်း သိပ်ပြီးတော့ ကျေနပ်မှုမရှိဘူး” ဟု သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
ရခိုင်ပြည်နယ် အရေး ပြုလုပ်ခဲ့သည့် ယင်းအစည်းအဝေးတွင် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က ပရိုဂျက်တာဖြင့် ပထမဆုံး ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး သမ္မတ က မူဝါဒ မိန့်ခွန်း ပြောကြောင်း၊ ယင်းနောက် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဝင်ရောက် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရ သည်။