သတင်း

ပြည်သူများ အစားဆင်ခြင်ကြရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ခန္ဓာကိုယ်တွင်း ပြင်ပမှ ရောဂါများ ဝင်ရောက်ရာတွင် ပါးစပ်မှ ဝင်ရောက်ခြင်းမှာ အဓိက ကျသည့် အတွက် ပြည်သူများ အနေဖြင့် အစားအသောက် စားသုံးရာ၌ ဆင်ခြင်သင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက သတိပေးလိုက်သည်။

ယမန်နေ့က နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီး နှလုံးသွေးကြော ဆိုင်ရာ စမ်းသပ်စက် ပစ္စည်း အသစ်တပ်ဆင် ဖွင့် လှစ်ပွဲတွင် ဝန်ကြီးက လူ့ခန္ဓာကိုယ်တွင်း နှာခေါင်း၊ ပါးစပ်၊ အရေပြားတို့မှတဆင့် ပြင်ပ ရောဂါပိုးများ အလွယ်တကူ ဝင် ရောက်လွယ်ပြီး ပါးစပ်မှတဆင့် အစားအသောက်မှုတွင်လည်း မဆင်မခြင် စားသုံးမှုများ ပြုလုပ်နေသည့်အတွက် အစား ဆင်ခြင်ကြရန် လိုကြောင်း ပြောခြင်းဖြစ် သည်။

“အဓိက အစားအသောက်ကြောင့် ဒုက္ခရောက်နေကြတာ ဖြစ်တယ်။ နှာခေါင်းရယ်၊ ပါးစပ်ရယ်၊ အရေပြားရယ်။ အရေး ကြီးဆုံးက ပါးစပ်ပါ။ အစားကြောင့် ဒုက္ခရောက်နေကျတာ။ ဘယ်ရောဂါ ဖြစ်ဖြစ် အဓိက အစားအသောက်ပဲ” ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် လိုအပ်သည့် ကျန်းမာရေး လေ့ကျင့်ခန်းစင်တာများ ဖွင့်လှစ်ရန်နှင့် ရန်ကုန်၊ မန္တလေးရှိ ဆေးရုံများကဲ့သို့ စက်ပစ္စည်း အစိတ်အပိုင်းနှင့် အခြားလိုအပ်သည့် ပစ္စည်းများ ဖြည့်ဆည်းရန်လည်းအတွက် ကုတင် ၁၀၀၀ ဆေးရုံ တာဝန် ရှိသူများကို ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။

နှလုံးနှင့် သက်ဆိုင်သည့် လူနာအများစုမှာ အဆီများသည့် အစားအစာများ လျှော့စားခြင်း၊ အရက်နှင့် ဆေးလိပ်၊ ဆေးရွက် ကြီး သောက်သုံးမှုတို့ကို လျှော့ချရန် လိုအပ်ပြီး ကိုယ်လက် လှုပ်ရှားမှုနှင့် အားကစား လုပ်သင့်ကြောင်း ကုတင် ၁၀၀၀ ဆေးရုံအုပ် ဒေါက်တာပပ က ပြောသည်။

၎င်းက “အဆီစားသုံးမှု လွန်ကဲတာတွေ ၊ အငန် (ငါးပိ၊ ငါးခြောက်) အကုန်လုံး စားကြတာ ဖြစ်တဲ့ အတွက် ဆိုးဆေးတွေ ပါဝင်တဲ့ အစားအသောက်တွေ အားလုံးကိုတော့ လျော့ရမှာဖြစ်ပါတယ်။ ဒါမှ သာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ အားလုံးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လက်ရှိ အသစ် ဝယ်ယူ ဖြည့်တင်းထားသည့် နှလုံးကုသရေးဆိုင်ရာ ရောဂါရှာဖွေရေးစက်သည် တပ်ဆင်ပြီးကာလအတွင်း နှလုံးနှင့် ပတ်သက်သည့် ဝေဒနာခံစားနေရသူ ၈ ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူများထံမှ သိရသည်။

အသက် ၇၅ နှစ်အရွယ်ရှိသူ ဒေါ်တင်ချစ်ကလည်း “ အစားအစာတွေက အဓိက ကျတယ်ဆိုတာ မှန် တယ်။ အစာလည်း ဆေး ၊ ဆေးလည်း အစာဆိုတဲ့ အတိုင်းပေါ့။ အခုခေတ်ဆို အစားအသောက် တွေကလည်း ဆန်းတယ်။ ကိုယ်မစားဘူးတဲ့ အစားအစာတွေ စားရမှာ သိပ်မစားရဲဘူး။ ဒါကြောင့် အပြင်အစားအစာတွေဆို တတ်နိုင်သလောက် ရှောင်တယ်” ဟု ဧရာဝတီကို ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading