မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ပေါ်လယ်ကျေးရွာတွင် ခရစ်ယာန်ဘာသာဝင်များ စုပေါင်းပြုလုပ်သည့် ခရစ္စမတ်ပွဲတခုအား ဒီဇင်ဘာလ ၁၇ ရက်ညပိုင်းက အကြမ်းဖက် ဖျက်ဆီးခံခဲ့ရသည့်အတွက် အရေးယူပေးရန် အမှုဖွင့်တိုင်တန်းထားကြောင်း ဂန့်ဂေါမြို့နယ် မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ် စိုးညွှန့်အောင်က ပြောသည်။
၎င်းက “ထိခိုက်နစ်နာသူတွေ ကိုယ်တိုင်လာပြီး ရဲစခန်းမှာ ပုဒ်မ ၃၃၇ နဲ့ ၄၂၇ တွေနဲ့ ဖွင့်ထားပါတယ်။ ပုဒ်မ ၃၃၇ က ပေါ့လျော့မှုကြောင့် တဖက်လူ ဒဏ်ရာရစေတာပေါ့ဗျာ၊ သာမန်ဒဏ်ရာရစေတာပေါ့။ ပုဒ်မ ၄၂၇ ကတော့ အကျိုးပျက်ဆီးမှုပါ” ဟု ဧရာဝတီကို ပြောသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၇ ရက် ညပိုင်းက ပေါ်လယ်ရွာရှိ ခရစ်ယာန်ဘာသာဝင် အိမ်ထောင်မိသားစု ၄ စုမှ လူဦးရေ ၂၀ ကျော် စုပေါင်းကာ ခရစ္စမတ်ပွဲ ကျင်းပရန်အတွက် ပြင်ဆင်ချက်ပြုတ်ပြီးနောက် နေအိမ်အပေါ်ထပ်တွင် ဝတ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ် နေအိမ်အား တနာရီကျော်ကြာ ခဲများဖြင့် ပစ်ပေါက်ခံရပြီးနောက် လူတစုမှ အိမ်အတွင်း ဝင်ရောက်ကာ အကြမ်းဖက် ဝင်ရောက်ဖျက်ဆီးခြင်း ဖြစ်ကြောင်း ဂန့်ဂေါမြို့ ဇိုတောင် နှစ်ခြင်း ခရစ်ယာန်အသင်းတော်ထံမှ သိရသည်။
အသင်းတော်မှ သင်းအုပ်ဆရာ ဦးဆန်ခေါ် က “ကျနော်တို့က ခရစ္စမတ်အတွက် ချက်ပြုတ်ပြီးတော့ ဆုတောင်းနေတုန်းမှာ အိမ်ကို ပတ်ပတ်လည် ဝိုင်းပြီးတော့မှ ကျနော်တို့ကို ခဲနဲ့ပေါက်ကြတာခင်ဗျ။ ဒဏ်ရာရတဲ့လူ ၆ ယောက်ရှိတယ်။ တယောက် ကတော့ ခေါင်းမှာ တော်တော်ထိတယ်။ ရှစ်တန်းကျောင်းသူ တယောက်လည်း ခဲမှန်ပြီး အခုထိ ကြောက်လန့်ပြီး ဖျားနေတုန်းပဲ” ဟု ဧရာဝတီကို ရှင်းပြသည်။
ဦးဆန်ခေါ်မှာ အခင်းဖြစ်ပွားချိန်တွင် နေအိမ်အတွင်း ရှိနေသူ ဖြစ်ပြီး အိမ်အတွင်း ဝင်ရောက်အကြမ်းဖက် ဖျက်ဆီးခြင်း ကြောင့် ခရစ္စမတ်ပွဲတွင် ကျွေးမွေးရန်အတွက် စီစဉ်ထားသည့် အိုးခွက်ပန်းကန်များ၊ ဆိုင်ကယ်များနှင့် နေအိမ် အဆောက်အဦ ပစ္စည်းတချို့ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
“ဘယ်သူတွေ ဖျက်ဆီးတယ်ဆိုတာတော့ ကျနော်တို့ မမြင်ရပါဘူး။ ကျနော်တို့ ကြောက်လို့ အားလုံး အခန်းထဲမှာ ပုန်းနေကြတာပါ။ အမှုဖွင့်တာကတော့ အိမ်ပိုင်ရှင် ဦးဝါဒေါင်ကနေ (ပေါ်လယ်) ရွာသား လူ ၃၀ လောက်ကို ဖွင့်ထားတာ” ဟု သင်းအုပ်ဆရာ ဦးဆန်ခေါ်က ဆိုသည်။
အခင်းဖြစ်ပွားရာ ပေါ်လယ်ရွာတွင် ချင်းနှင့် ဗမာလူမျိုးအများစု စုပေါင်းနေထိုင်ကြကာ အိမ်ထောင်စု ၅၂ စု ရှိသည့်အနက် ခရစ်ယာန် ဘာသာကိုးကွယ်သည့် အိမ်ထောင်စု ၄ စုသာ ရှိသည်ဟု သိရသည်။
အခင်းဖြစ်ပွားပြီးမှ ရောက်ရှိသွား၍ အကြမ်းဖက်တိုက်ခိုက်ခဲ့သူများ မည်သူ မည်ဝါဆိုသည်ကို မသိရသေးကြောင်း သို့သော်လည်း ထိုနေရာတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ် ၂ ဦး လုံခြုံရေး ချပေးထားပြီး ကင်းလှည့်ဆောင်ရွက်မှုများလည်း ပြုလုပ်ထားပေးကြောင်း ပေါ်လယ်ရွာအပိုင် မင်းရွာအုပ်စု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မြတ် က ပြောသည်။
ဦးတင်မြတ် က “နှစ်ဘက်အသိုင်းအဝိုင်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ၊ ညက ကင်းစောင့်ပေးတယ် ကင်းလှည့်ပေးထားပါတယ်။ တရားလိုအဖြစ်မှုဖွင့်ထားတဲ့ ဦးဝါးဒေါင်ကို ကျနော်တို့ လူကိုယ်တိုင် မတေ့ွရသေးတော့ အမှုနဲ့ပတ်သက်ပြီး ပြောလို့မရသေးဘူး။ သူဘက်က တရားခံကို ဖေါ်ထုတ်ပေးပါ ဆိုရင်တော့ ဖေါ်ထုတ်ပေးရမယ့်တာဝန်က ကျနော်တို့မှာ ရှိတယ်လေ” ဟု ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီကိုပြောသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးလွှတ်တေ်ာကိုယ်စားလှယ် ဦးအောင်ဆန်းမြင့် က “သူတို့ ဘာသာရေးပွဲတော်လေး လုပ်နေတာကို ကန့်ကွက်လို့ မရဘူးလေ။ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေကြောင်းအရ ရဲကို လွှတ်ပြီးမှပဲ စုံစမ်းဖော်ထုတ် ဆောင်ရွက်ရမှာပါ” ဟု ဆိုသည်။