မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲစခန်းမှ ရဲနှင့် စစ်သားများ နိုဝင်ဘာ လ ၄ ရက်က စခန်းစွန့် ထွက်ပြေးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF )၏ တပ်ရင်း ၃ က ယနေ့ သတင်းထုတ်ပြန်သည်။
ထိုသို့ ထွက်ပြေးသွားသည့်အတွက် ABSDF တပ်ဖွဲ့ဝင်များနှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) တို့ ပူးပေါင်းပြီး စခန်းအား ဝင်ရောက်ရှင်းလင်းခဲ့ရာ မြေမြှုပ်မိုင်းများထောင်ထားသဖြင့် မိုင်းရှင်းလင်းရေးလုပ်ခဲ့ရကြောင်း ဂန့်ဂေါမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ABSDF ၏ တပ်ရင်း ၃ မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
၎င်းက “သူတို့ကို ကျနော်တို့တပ်ဖွဲ့ဝင်တွေက စခန်းရဲ့ မီတာ ၂၀၀ လောက်ကနေ ပိတ်ဆို့ထားတဲ့အတွက် သူတို့ အပြင် လည်း ထွက်မရတာ တော်တော်ကြာနေပြီ။ အခုက နေရာတိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ သူတို့ လည်း အတိုက်ခံရမှာကိုကြောက်ပြီး နိုဝင်ဘာလ ၄ ရက်နေ့လောက်က ညအမှောင်ထုကို အကာအကွယ်ယူပြီးတော့ ထွက်ပြေးသွားကြတယ်” ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ တောင်ခင်ရန်းရဲစခန်းသည် ကလေး- ဂန့်ဂေါ ကားလမ်းအနီးတွင်ရှိပြီး ရဲနှင့် စစ်ကောင်စီပူးပေါင်းအင်အား ၈၀ နီးပါး ရှိကာ ကားလမ်းမကြီးအား ထိန်းချုပ်စိုးမိုးရေးတွင် စစ်ရေးအရ အရေးပါသည့် စခန်းတခုလည်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါစခန်းအား ABSDF နှင့် ဂန့်ဂေါခရိုင် PDF တပ်ရင်း (၁)၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၄)၊ ပ.က.ဖ များက ယခုနှစ် မေလကုန်ကစ၍ ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီး နိုဝင်ဘာ ၁ ရက် နှင့် နိုဝင်ဘာ ၂ ရက်၌ အနီးကပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှအများအပြား ထိခိုက်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် နိုဝင်ဘာ ၃ ရက်ကလည်း ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ ဂန့်ဂေါ – ထီးလင်း လမ်းမကြီးပေါ်တွင် တည်ရှိသည့် မင်းရွာရဲစခန်းအား ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၊ ABSDF တပ်ဖွဲ့ဝင်များနှင့် ဒရုန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စခန်းတခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့်အတူ ရဲတပ်ဖွဲ့ ဝင် ၁၁ ဦးအားလည်း ဖမ်းဆီး ရမိခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းများနှင့်အတူ စစ်အသုံးအဆောင် ပစ္စည်းနှင့် ရိက္ခာများ ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိသော်လည်း စခန်းတခုလုံး စီးနင်း သိမ်းပိုက်နိုင်ခဲ့သည့် အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ဒေသခံများက ဂုဏ်ပြုကြိုဆိုနေသည့် အခမ်းအနားရုပ်သံဖိုင်တခုလည်း လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။
ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စခန်းတချို့အား စတင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိအချိန်အထိ ယခင်ကဲ့သို့ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားမှု တစုံတရာ မရှိသေးကြောင်း ဒေသခံတဦးက ပြောသည်။
ဂန့်ဂေါမြို့နယ်ဒေသခံတဦးက “ လက်ရှိအနေအထားက စစ်ကောင်စီတပ်က အရင်လို ကျေးရွာတွေကို စစ်ကြောင်းထိုး သွားလာတာတော့ မရှိသေးဘူး။ ပျူရွာတွေမှာ သူတို့ စခန်းထိုင်ပြီးတော့ ခံစစ်အနေအထားနဲ့ အခိုင်အမာ လုပ်နေတယ် လို့တော့ သတင်းကြားနေရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်ရင်း ၂ ရင်းရှိပြီး မြို့ပေါ်တွင် အခြေစိုက်ထားသည့် ခလရ ( ၅၁ ) နှင့် အမြောက်တပ်ရင်းတခု ၊ ကျောမြို့နယ်တွင် စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့် ကပစ တပ်ရင်းတခုနှင့် နယ်မြေခံ ရဲစခန်းတချို့ ရှိကာ အဆိုပါ တပ်ရင်းတပ်ဖွဲ့များမှလည်း လက်ရှိအချိန်တွင် ခံစစ်အနေအထား ပြင်ဆင်ထားကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီ စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများကို ဆက်လက် ဆင်နွှဲနိုင်မည်ဆိုပါက “၁၀၂၇ စစ်ဆင်ရေး” ၏ စစ်မျက်နှာသည် ရှမ်းမြောက်တခွင်မှ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းအထိပါ နယ်မြေ ကျယ်ပြန့်လာနိုင်ပြီး တော်လှန်ရေးအရှိန် ယခုထက် ပိုမိုမြင့်မားလာနိုင်ကြောင်း စစ်ရေးအကဲခတ်များက ပြောသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၌ ယခု နိုဝင်ဘာလ ၃ ရက်မှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ကောလင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတင်းထုတ်ပြန်သည်။
ရှမ်းပြည်မြောက်ပိုင်း၌ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင်တပ်တော်(AA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့သည် အောက်တိုဘာ ၂၇ ရက်တွင် “၁၀၂၇ စစ်ဆင်ရေး”ကိုစတင်ပြီး စစ်ကောင်စီ၏ ရှေ့တန်းစခန်းများကို တိုက်ခိုက် သိမ်းယူ လျက်ရှိရာ ယနေ့အထိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ ရဲစခန်းနှင့် အုပ်ချုပ်ရေးဆိုင်ရာစခန်းစုစုပေါင်း ၁၂၀ ကျော်၊ တင့်ကားများ၊ အမြောက်လက်နက်ကြီးများကိုပါ သိမ်းဆည်းရရှိထားပြီး ချင်းရွှေဟော်၊ ကြူကုတ် ပန်ဆိုင်းနှင့် ဖောင်းဆိုင်မြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
You may also like these stories:
“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ
NCA ပွဲတက်သည့် အဖွဲ့ဝင် ၃ဦးကြောင့် ABSDF အဖွဲ့ ပုံရိပ်ထိခိုက်ဟု ဆို
စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ
ညောင်ဦးနှင့်မကွေးရှိ ရေနံမှော်များ ပိတ်သိမ်းမှု သိန်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်
ပခုက္ကူခရိုင်ရှိ လက်ယက်ရေနံတွင်းများ စစ်ကောင်စီ မီးရှို့ဖျက်ဆီး