မကွေးတိုင်းပေါက်မြို့နယ်၊ မြိုင်မြို့နယ်ထဲရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများ ဝင်ငွေအတွက် အားထားနေရ သော လက်ယက်ရေနံတွင်းများကို စစ်ကောင်စီတပ်သားများက ဆက်ကြေးကောက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ပခုက္ကူခရိုင် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ရှိ လက်ပံတို၊ သပြေညို၊ ဆင်စွယ်၊ မြောက်တော၊ ဆုံကုန်း အစရှိသည့် ရွာများရှိ ဒေသအဓိက စီးပွားရေးလုပ်ငန်း လက်ယက်ရေနံမှော်များကို စစ်ကောင်စီ တပ်သားများက ပြီးခဲ့သည့် ရက်ပိုင်းမှ မီးရှို့ခြင်း၊ ဆက်ကြေးတောင်းခြင်းလုပ်နေ၍ ဒေသခံများ လုပ်ငန်းဝင်ရန် အခက်အခဲရှိသလို၊ လူသား ဒိုင်းအဖြစ် ဖမ်းခံရမည်ကိုလည်း ကြောက်နေရကြောင်း ဒေသခံ ရေနံမြေလုပ်သားတဦးက ဧရာဝတီသို့ ပြော သည်။
“သူတို့လာရင်တော့ ရှောင်ရတာပေါ့။ ရေနံတွင်းတွေ မီးရှို့တယ်၊ ရွာထဲတွေ မီးရှို့တယ်။ အဲဒီလို လုပ်နေတာ။ လူ လည်းတွေ့ရင် လူသားဒိုင်းအဖြစ် ခေါ်သွားတာတွေရှိတော့ သူတို့လာရင် ပြေးရတော့တာပေါ့။ လူငယ်မှန်သမျှ ခေါ်သွားတာ။ ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) ကအထိ ရေနံတွင်းတွေကို မီးရှို့နေတာ။ ကျနော်တို့ ရွာကို ဝင်တုန်း ကတော့ စစ်ကောင်စီ အင်အားက ၁၀၀ လောက်ရှိတယ်။ တော်တော်ဆိုးတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက နယ်မြေရှင်းလင်းရာ ဒေသတွင်းရှိ ရေနံမြေများမှ ငွေကြေးထွက်ရှိခြင်းသည် PDF များအတွက် အထောက်အပံ့ ဖြစ်သည်ဆိုသောစွပ်စွဲမှုမျိုးနှင့် တချို့ စစ်ကောင်စီအဖွဲ့များက ရေနံကျင်း တကျင်းလျှင် ကျပ် ၅ သိန်းအထိ ဆက်ကြေးတောင်းသလို၊ တချို့အဖွဲ့များက မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်ကြောင်း သိရသည်။
ရေနံလုပ်ကိုင်သူ တဦးက “မနေ့ကအထိ မီးရှို့တာ မြင်နေရတာ။ ဒီနေ့ပဲ မတွေ့ရသေးတာ။ ကျင်းလုပ်တဲ့ သူတွေ ဆိုရင် ကျပ်သိန်း ၃၀၀ ကနေ ၄၀၀ ကုန်တယ်။ အဲဒီတော့ ဆုံးရှုံးမှာ ကြောက်တာပေါ့။ စစ်ကောင်စီက တကျင်း ကျပ် ၅ သိန်း ဆိုပြီး တောင်းတာတွေလည်းရှိတယ်။ အရင်တဖွဲ့ကပေါ့။ နောက်တဖွဲ့က ဝင်လာတော့ မီးရှို့သွား တယ်။ သူတို့က ဒီအဖွဲ့ပေးပြီးလည်း နောက်တဖွဲ့က ထပ်ဝင် ထပ်ရှို့ခဲ့တာ။ အဲဒီတော့ ဒေသခံတွေက မှော်ကို မှီခို လုပ်ရတာဆိုတော့ မှော်မှမရှိတော့ရင် စားဝတ်နေရေးအတွက် ခက်ခဲကုန်တာပေါ့။ ရေနံတွင်းတွေက ဒီနားမှာ မနည်းဘူး” ဟု ပြောသည်။
ဇန်နဝါရီလဆန်းပိုင်းမှ စ၍ ဇန်နဝါရီ ၂၇ ရက်နေ့အထိ ဆင်စွယ်ရွာတွင် မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်သွား သဖြင့် စစ်ကောင်စီတပ်သားများ ထပ်မံလာရောက်မည်ကိုလည်း ဒေသခံများက စိုးရိမ်နေသည်။
အဆိုပါ အသေးစား လက်ယက်ရေနံတွင်းများ မီးရှို့ခံရသောကြောင်း ကျင်းပိုင်များ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရ သလို ယင်းလုပ်ငန်းကို မှီခိုနေသည့် ဒေသခံ ရေနံမြေလုပ်သားများအတွက် တရက်လျှင် လုပ်အားခ ကျပ် ၁ သောင်းမှ ကျပ် ၁ သောင်းခွဲအထိ ရရှိသောဝင်ငွေမှာလည်း မရတော့သဖြင့် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။
အသေးစား လက်ယက်ရေနံတွင်းများဘက်တွင် တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီအနေဖြင့် နယ်မြေ ရှင်း လင်းရေးဟု ဆိုကာ ရေနံမှော်များကို ထိန်းချုပ်လိုသဖြင့် မီးရှို့ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် ရွာနှင့် ရေနံတွင်းများ မီးရှို့ခံထားရသဖြင့် ရွာကို ထပ်ထိမည် စိုး၍ ဒေသခံ ကာကွယ်ရေးတပ်များကလည်း တိုက်ပွဲဖော် ဆောင်မှု ရပ်ထားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီက ရေနံတွင်းများကို မီးရှို့သွားသည့်အတွက် ရေနံစိမ်းထွက်ရှိမှု ရှားပါးလာပြီး နယ်မြေအခြေအနေ များကြောင့် ရေနံစိမ်း ပေါက်ဈေးမှာ ၁ ပီပါ ကျပ် ၁ သိန်း ဝန်းကျင်မှ ယခုအချိန်တွင် ၁ ပီပါ ကျပ် ၁ သိန်း ၃ သောင်းကျော်အထိ ဈေးမြင့်တက်နေကြောင်း သိရသည်။
စစ်ကောင်စီသည် လက်ရှိအချိန်တွင် ၎င်းတို့ကို ဆန့်ကျင်သည့် ပြည်သူများအား အကြောက်တရား ရိုက်သွင်း ရန် အတွက် ရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ စီးပွားရေး လုပ်ငန်းများကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခြင်း၊ ရွာခံ လူငယ်များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းနှင့် သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ အမျိုးသား၊ အမျိုးသမီးမရွေး ပစ်သတ်ခြင်း၊ ကြိုးတုပ် မီးရှို့သတ်ဖြတ်ခြင်း များကိုပါ ပြုလုပ်လျှက်ရှိသည်။