မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ စစ်ရေးအရ ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ရုံးစိုက်ရာ လောက်ကိုင်မြို့တွင် ကုမ္ပဏီ၊ ဟိုတယ်၊ ရုံး စသည့်လုပ်ငန်းများ ပိတ်သိမ်း ရပ်ဆိုင်းမှုများ ရှိနေပြီး တရုတ်နိုင်ငံသားများအား ပြန်လွှတ်ပေးနေကြောင်း ဒေသခံများက ပြောသည်။
လောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှုလုပ်ငန်းများ အခြေစိုက်ရာ လောက်ကိုင်မြို့အား ကိုးကန့်နယ်ခြားစောင့် တပ်ဖွဲ့က ထိန်းချုပ်ထားပြီး လတ်တလောအခြေအနေများအရ လောက်ကိုင်မြို့ရှိ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ နှင့် ဟိုတယ် စသည့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနေရကြောင်းလည်း လောက်ကိုင်မြို့အုပ်ချုပ်ရေးအဖွဲ့က အောက် တိုဘာ ၃ ရက်က ဆိုထားသည်။
လောက်ကိုင်ဒေသခံတဦးက “လောင်းကစားဖွင့်ထားတဲ့ ဟိုတယ်၊ ကုမ္ပဏီတွေ ပိတ်ထားတာ များပါတယ်။ တချို့ လောင်းကစားရုံတွေတော့ ဆက်လုပ်တာလည်း ရှိသေးတယ်။ တချို့ကုမ္ပဏီတွေက ပေးမထွက်ဘဲ တိုက်ထဲပိတ်ထား တာ၊ ထွက်ဆိုလည်း လစာ မပေးတာ၊ ထွက်မယ်ဆိုလည်း လစာ မတရားဖြတ်တာတွေ လုပ်တယ်” ဟု ပြောသည်။
ထို့ပြင် ဆက်သွယ်ရေး လိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွယ်သည့် ကုမ္ပဏီ၊ အဆောက်အအုံအချို့ရှိ ရှေ့မျက်နှာစာများ ကိုလည်း အုတ်များဖြင့် အခိုင်အမာ ပိတ်ဆို့ထားပြီး စစ်ရေးအရ ပြင်ဆင်သည့်အနေဖြင့် ဘန်ကာများပြုလုပ်ထားသည် ကိုလည်း တွေ့ရကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၅ ရက်နေ့ကလည်း လောက်ကိုင်မြို့အရှေ့ပိုင်း အမှတ် ၁ နယ်မြေ ရဲစခန်းကလည်း နယ်မြေအတွင်းရှိ လုပ်ငန်းအဖွဲ့ အစည်းများနှင့် ကုမ္ပဏီအားလုံး ပိတ်သိမ်းထားရန်နှင့် မည်သူမဆို အကြမ်းဖက်ခြင်း၊ ရိုက်နှက်ခြင်း၊ အလွဲသုံးစား လုပ်ခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်းများအား တားမြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
ထို့ပြင် ကုမ္ပဏီများ၊ ရုံးများအနေဖြင့်လည်း ဝန်ထမ်းများ အိမ်ပြန်နိုင်စေရန်အတွက် အဝင်အထွက်တံခါးများ ဖွင့်ထားရ မည်ဖြစ်ပြီး သတိပေးချက်များ လိုက်နာရန် ပျက်ကွက်ပါက ကုမ္ပဏီ၊ ရုံးတာဝန်ခံအား အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထိုအခြေအနေတွင် ဒေသတွင်းလုပ်ငန်းများရှိ တရုတ်နိုင်ငံသား ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအရ ရန်လုံကျိုင်း နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ကြောင်းလည်း လောက်ကိုင်အုပ်ချုပ်ရေးအဖွဲ့က ဆိုထား သည်။
လောက်ကိုင်မြို့ အရှေ့ဘက် ရန်လုံကျိုင်းနယ်စပ်ဂိတ်အနီးရှိ နယ်ခြားမိုင်တိုင် BP-125 အနီးတွင် ၎င်းတို့က စစ်ဘေး ရှောင်စခန်း တခု ဖွင့်လှစ်ထားပြီး လတ်တလောတွင် လူဦးရေ ၁၂၀၀၀ ကျော်ရောက်ရှိနေကြောင်းလည်း ထုတ်ပြန်ထား သည်။
ထိုသို့ တရုတ်နိုင်ငံသား ဝန်ထမ်းများပြန်ရန် လောက်ကိုင်အုပ်ချုပ်ရေးအဖွဲ့ လမ်းဖွင့်ထားသော်လည်း ဆက်သွယ်ရေး လိမ်လည်မှုလုပ်ငန်းများအား အဓိက လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများမှာ တရုတ်နိုင်ငံသို့ပြန်၍ မရသည့်အတွက် စစ်ကောင်စီဘက်က ကူညီကယ်ထုတ်မှုများ လုပ်ဆောင်နေကြောင်းလည်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ပြောခွင့်ရှိသူ ကိုရန်ရန်က ပြောသည်။
၎င်းက “သူတို့ ပို့တဲ့အထဲမှာ သူဌေးတွေ ပိုင်ရှင်တွေက လုံးဝ မပါဘူး၊ တကယ့်လိမ်စားတဲ့သူတွေကို ပို့တာမဟုတ်ဘူး၊ အောက်က လူတွေကိုပဲ ပို့တာ၊ သူဌေးတွေ၊ ပိုင်ရှင်တွေကိုတော့ ရဟတ်ယာဉ်တွေနဲ့ တခြားလုံခြုံတဲ့နေရာကို ရွှေ့ပြောင်း နေတယ်၊ နိုဝင်ဘာလထဲမှာပဲ နေ့တိုင်းလိုလို ရွှေ့ပြောင်းနေတာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကလည်း စစ်ကောင်စီခန့် ကုန်းကြမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းဖြစ်သူ လောက်ကိုင်မြို့အကြီးဆုံးလုပ်ငန်းစု Fully Light ကုမ္ပဏီ ဒါရိုက် တာ ဦးမောင်မောင် အပါအဝင် ကိုးကန့်အခြေစိုက်လုပ်ငန်းရှင် ၁၁ ဦးအား ဆက်သွယ်ရေးလိမ်လည်မှု လုပ်ငန်းများနှင့် ဆက်နွယ်ပြီး တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
လက်ရှိ လောက်ကိုင်မြို့အတွင်း ပိတ်မိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လောက်ကိုင်မြို့မှ ပြန်ထွက်ရန် အခက် အခဲများရှိကြောင်းလည်း လောက်ကိုင်မြို့သို့ ရောက်နေသူတဦးက ပြောသည်။
၎င်းက “အလုပ်မရှိတော့ဘဲ ပိတ်မိနေတဲ့ပြည်သူတွေ ပြန်ဖို့ ရက်သတ်မှတ်ပြီး လမ်းဖွင့်ပေးစေချင်ပါတယ်။ အခုက လမ်းတွေကိုကျတော့ မြန်မာစကားပြောတဲ့သူတွေဆို ပြန်လှည့်ပြန်ခိုင်းနေတော့ မြန်မာလူမျိုးတွေက ဒီမှာဘဲ ဒုက္ခ ရောက်ပြီး သေကုန်ကြမှာ အမှန်ပဲ။ တရုတ်စကား ကောင်းကောင်းပြောတတ်သူတွေကျတော့ မှတ်ပုံတင်တောင် မကြည့်ဘူး ပြောကြတယ်၊ ဒီမှာ ဆန်ဈေးကြီး၊ ကုန်ဈေးနှုန်းတွေကြီးနဲ့ ငတ်သေကြတော့မှာပဲလေ၊ တချို့တွေက ဖုန်းလိုင်းက မရတော့ အဆက်အသွယ်တွေပြတ်တော့ ပိုဆိုးတယ်” ဟု ပြောသည်။

လက်ရှိ လောက်ကိုင်မြို့သို့ ဆက်သွယ်ရာ လမ်းကြောင်းများအား ညီနောင်မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး လောက်ကိုင်မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။ ယင်းပြင် လောက်ကိုင်မြို့၌ ပြည်တွင်းဖုန်းလိုင်းများ လည်း ပြတ်တောက်နေပြီး တရုတ်အင်တာနက် ဝိုင်ဖိုင်ဖြင့်သာ ဆက်သွယ်အသုံးပြုနေရကြောင်းလည်း ဒေသခံများက ပြောသည်။
လမ်းကြောင်းများ ပြတ်တောက်မှုနှင့်အတူ ကုန်စည်ပြတ်တောက်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေး ခက်ခဲမှုများပါ ကြုံနေရသည့်အတွက် လမ်းများအား ယာယီအနေဖြင့် ရက်သတ်မှတ်ကာ ပြန်ဖွင့်ပေးစေချင်ကြောင်းနှင့် စစ်ဆေးရေးဂိတ်များတွင် မြန်မာနိုင်ငံသားများအား ဖြတ်သန်းခွင့်ပြုရန်လည်း ပိတ်မိနေသူများက တောင်းဆိုထားသည်။
လောက်ကိုင်တွင် အလုပ် လုပ်ကိုင်ခဲ့သည့် အမျိုးသမီးတဦးက “တချို့ဆို ခေါက်ဆွဲပဲ စားနေရတယ်၊ အရင်က ထမင်း တဗူး ၁၀ ယွမ်/၁၅ ယွမ်ပဲ၊ အခု ယွမ် ၃၀၊ ဆိုင်တွေမှာလည်း ပစ္စည်းတွေ ပြတ်ကုန်ပြီ၊ ဆန်တောင်တရုတ်ဘက်က ၃ ရက်နေ့က လာရောင်းပေးလို့ လုဝယ်ရတာ၊ ရောက်ရောက်ချင်း ၁၀ ပြည် တအိတ် ၁၂၅ ယွမ်၊ နောက်ပိုင်း ၂၅၀ ယွမ်၊ အပြင်မှာ ၂၄ ပြည်တအိတ်(ဆန်ကြမ်း) ယွမ် ၁၅၀၀ တောင် ဝယ်မရဘူး။ ဈေးမှာ ဆိုင်တော်တော်များများ ပိတ်တယ်။ ကြက်ဥ အရင်က တကတ် ၂၀၊ အခု ၂၀၀ တောင် ရောင်းမယ့်သူ မရှိဘူး။ တချို့ကုမ္ပဏီတွေ လစာမပေးဘဲ အတူစား အနေနဲ့ ကျွေးတာကို သွားတိုးစားနေရတယ်” ဟု ပြောသည်။
လတ်တလော ဈေးကွက်ပေါက်ဈေးအရ တရုတ်ငွေ ၁ ယွမ်လျှင် ကျပ် ၄၄၀ ခန့် ပေါက်ဈေး ရှိကြောင်း သိရသည်။
သို့သော် လက်ရှိ လောက်ကိုင်မြို့အခြေအနေအရ ငွှေလဲရာတွင် ဈေးနှိမ်မှုများလည်းရှိနေပြီး ယခင် ပုံမှန်အားဖြင့် ယွမ် ၁၀၀ ပေးပါက ကျပ်လေးသောင်းခွဲခန့်ရရှိသော်လည်း လက်ရှိ ယွမ် ၁၀၀ ပေးကာ Kpay ဖြင့် ကျပ်ငွေယူမည်ဆိုပါက ကျပ်သုံးသောင်းခွဲဝန်းကျင်သာ ရရှိကြောင်းလည်း ဒေသခံတဦးက ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးနှင့် ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးဖိအားများကြောင့် ကိုးကန့်ဒေသရှိ ဟိုတယ်၊ ကုမ္ပဏီများရပ်ဆိုင်းကာ အလုပ်လက်မဲ့ဖြစ်လာသူများထဲမှ တရုတ်နိုင်ငံသားများအား စစ်ကောင်စီနှင့် ကိုးကန့်နယ်ခြားစောင့်တပ်က ချက်ချင်း လွှဲပြောင်းမှုများရှိသော်လည်း ထိုင်းနိုင်ငံသားများအပါအဝင် အခြားသော နိုင်ငံများအား သက်ဆိုင်ရာနိုင်ငံများသို့ ချိတ်ဆက် လွှဲပြောင်းခြင်းမရှိဘဲ ထိန်းသိမ်းထားသည့် အခြေအနေ များလည်းရှိနေကြောင်း ဆက်သွယ်ရေးလုပ်ငန်းများတွင် လူကုန်ကူးခံရသူများအား ကူညီပေးနေသူတဦးက ဧရာဝတီသို့ ပြောထားသည်။
You may also like these stories:
လောက်ကိုင်မှ ထိုင်း ၁၆၂ ဦးကို ပြန်ခေါ်ရန် ထိုင်းဒုရဲမှူးချုပ် မြန်မာသို့ သွားမည်
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်
မြန်မာမြောက်ပိုင်းပဋိပက္ခ နယ်စပ်နှင့် နီးလာသောကြောင့် တရုတ်အတွက် အန္တရာယ်ရှိ














