စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ပြီး ယနေ့နံနက်ပိုင်းက မြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အတည်ပြုသည်။
နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းမှစတင်ကာ အဆိုပါ ကလေး- တမူး အာရှအဝေးပြေး ကားလမ်းပေါ်ရှိ ခါမ်းပါတ်မြို့၊ ဝိတုတ်ကျေးရွာရှိ ရဲစခန်းနှင့် ရာဇဂြိုလ် ရဲဘက်အကျဉ်းစခန်းတို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ မနက်ပိုင်းတွင် စခန်းအားလုံး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “ကျနော်တို့ နိုဝင်ဘာ ၄ ရက်က အဲဒီစခန်းတွေကို တိုက်ခိုက်တာ။ ရာဇဂြိုလ်စခန်းကတော့ အဲဒီနေ့ကတည်းက ရတယ်။ ခါမ်းပါတ်ရဲစခန်းနဲ့ ဝိတုတ်ရဲစခန်းကတော့ မနေ့က သိမ်းနိုင်ခဲ့တယ်။ ခါမ်းပါတ်မြို့ တပ်ကုန်း စစ်ကောင်စီ စခန်းကိုတော့ ဒီနေ့ မနက်ပိုင်းမှာ သိမ်းလိုက်နိုင်ပြီ။ ရဲစခန်းနဲ့ စစ်ကောင်စီတပ်ကို သိမ်းလိုက်ပြီဆိုတော့ မြို့တခုလုံး ကိုလည်း သိမ်းပိုက်ထားပြီလို့ ပြောလို့ရပြီပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ခါမ်းပါတ်တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိသလို တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးကိုလည်း လက်ရဖမ်းမိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ကလေး- တမူးကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှုများဖြစ်စဉ်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်သည့် နိုဝင်ဘာလ ၄ ရက်မှ စတင်ကာ ရဟတ်ယာဉ်ဖြင့် စစ်ကူပေးပို့ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်မှုများကြောင့် ခါမ်းပါတ်မြို့ခံများအပါအဝင် အနီးပတ်ဝန်ကျင် ကျေးရွာများဖြစ်သည့် ကနန်ရွာ၊ ဝိတုတ်ရွာ၊ ကမ္မကြီး ၊ နန်းကတိတ်ရွာ၊ မင်းသမီးရွာ၊ ဘုက္ကန်ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ တဦးက ပြောသည်။
တမူးမြို့ခံတဦးက “ကလေး- တမူးကားလမ်းကတော့ တိုက်ပွဲကြောင့် လမ်းပိတ်နေတယ်။ အခု အဲဒီဘက်က ရွာသား တွေ တောတောင်ထဲမှာ တော်တော်ကို ဒုက္ခရောက်နေတယ်လို့ ကြားရတယ်။ ရွာသားတွေက အရင်လို အိန္ဒိယဘက် ကို လည်း ပြေးလို့ မရဘူး။ အိန္ဒိယမှာလည်း စစ်ရှောင်တွေကို လိုက်ဖမ်းနေတာကို၊ စစ်ကောင်စီက ကလေးမြို့ကနေ လက်နက်ကြီးတွေ လှမ်းထုနေတော့ ကလေးဘက်လည်း သူတို့ပြေးလို့မရဘူး။ တောတောင်ထဲမှာပဲ ဖြစ်သလို နေကြရတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ခါမ်းပါတ်မြို့ကို အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ PDF ၊ ပကဖ၊ ကလေးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ ကလေး-ကဘော်-ဂန့်ဂေါနယ်တို့မှ ကာကွယ်ရေးတပ်များ စုပေါင်းဖွဲ့ထားသည့် KKG အပါအဝင် ဒေသခံ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များပါဝင်ကာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။
အမှတ် ၁ စစ်ဒေသသည် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ အရာရှိများက ခရိုင်ကွပ်ကဲရေးမှူးများ အဖြစ်လည်းကောင်း တာဝန်ယူကာ PDF၊ ပကဖအဖွဲ့ဝင်များအား အနီးကပ်လေ့ကျင့်ပေးထားသည် ဒေသဖြစ်ကြောင်း လည်း NUG က ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိမှုတချို့ ရှိကြောင်း တိုက်ပွဲတွင် ပါဝင်သည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
နိုဝင်ဘာ ၆ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေး တပ်နှင့် မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခါမ်းပါတ်မြို့မှာ စစ်ကိုင်းတိုင်းအတွင် ဒုတိယမြောက် သိမ်းနိုင်ခဲ့သည့် မြို့လည်း ဖြစ်သည်။
ခါမ်းပါတ်မြို့မှာ အိန္ဒိယ- မြန်မာ နယ်စပ်မြို့တမြို့ဖြစ်ပြီး မြို့ပြနှင့်ကျေးလက်အပါအဝင် လူဦးရေ ၃ သောင်း ကျော် နေထိုင်ကြောင်း ၂၀၁၃ သန်းခေါင်စာရင်းအရ သိရသည်။
You may also like these stories:
စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာစခန်း စွန့်ခွာထွက်ပြေး
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ