စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်က ၄ ရက်ကြာ တိုက်ခိုက်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က အလံဖြူထောင်ကာ လက်နက်ချသဖြင့် တမြို့လုံးသိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ အလံလွှင့်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များ တပ်စွဲထားသော ကောလင်းရဲစခန်း၊ ထွေအုပ်ရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့ စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီ ယန္တရားရပ်တန့်သွားပြီဖြစ်ကြောင်း NUG ထုတ်ပြန်ချက်တွင် ပါရှိသည်။
နိုဝင်ဘာ ၃ ရက်မှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ကောလင်း မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေခြင်း ဖြစ်ပြီး တိုက်ပွဲများကြား ပိတ်မိနေကြသည့် ပြည်သူများကိုလည်း ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်နေကြောင်း ဒေသခံများက ပြောသည်။
ကောလင်းဒေသခံတဦးက “မနက်ကတည်းက မြို့ပေါ်မှာ ငြိမ်နေပေမယ့် သွားလို့လာလို့တော့ မရသေးဘူး။ ကယ် ဆယ်ရေးအဖွဲ့တွေက ရသလောက် ကယ်ထုတ်ပေးနေတယ်။ အခုထိတော့ အဆက်အသွယ် မရသေးတဲ့သူတွေ မေးပေးနေကြတုန်းပဲ။ တဆင့်တဆင့်ချိတ်ပြီး ဖုန်းလိုင်းမိတဲ့နေရာ ရောက်လာသူတွေကနေ မိသားစုတွေနဲ့ လှမ်းချိတ် မိကြတယ်” ဟု ပြောသည်။
ကောလင်းမြို့နယ်အတွင်း မြေပြင်အခြေအနေများ ဖော်ပြပေးလျက်ရှိသည့် Kawlin Info က တိုက်ပွဲကြောင့် စစ်ဘေး ရှောင်ဦးရေ ၅ သောင်းနှင့်အထက် ရှိနေကြောင်း ဖော်ပြသလို ကယ်ဆယ်ရေးလုပ်နေသည့် ဒေသခံများကလည်း ပိတ်မိနေသူ ၁ ထောင် ကျော်ခန့် ရှိနိုင်ကြောင်း ဆိုသည်။
လက်ရှိတွင် ကောလင်းမြို့ပေါ်၌ တိုက်ခိုက်မှုများ မရှိတော့သော်လည်း လုံခြုံရေးအခြေအနေကြောင့် အပြင်သို့သွား လာ၍ မရသေးကြောင်း၊ ဖုန်းလိုင်းနှင့် လျှပ်စစ်မီး ဖြတ်ခံထားရပြီး ဆက်သွယ်ရခက်ခဲသည့်အခြေအနေရှိကြောင်း
ဒေသခံတချို့၏ ပြောပြချက်အရ သိရသည်။
ကောလင်းတိုက်ပွဲမှာ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ပြီး ယနေ့အထိ လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။
PDF များဘက်မှ ကောလင်းမြို့ကို သိမ်းပိုက်ရန် စတင်ကြိုးပမ်းသည့် နိုဝင်ဘာလ ၃ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ သုံး၍ တန်ပြန်တိုက်ခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် နောက်ဆုံး ကျန်ရှိသည့် ကောလင်းထွေအုပ်ရုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အလံဖြူထောင်၍ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲခြင်းတို့ ကြောင့် ပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း သိရသည်။
တိုက်ပွဲအသေးစိတ်အခြေအနေကို သိရှိနိုင်ရန် ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ် မရရှိသေးပေ။
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်း၊ ဝန်းသို နှင့် ပင်လယ်ဘူးများကို ပေါင်းစည်းကာ ခရိုင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါ ခရိုင်ရုံးအား ကောလင်းမြို့တွင် အခြေစိုက်ထားဖြစ်ဖြစ်သည်။
You may also like these stories:
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”