သတင်း

တပ်မတော်နှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဇန်နဝါရီလ ၄ ရက် တိုက်ခိုက်မှု ပြီးသည့်နောက်တွင် တပ်မတော်မှ အင်အား အများအပြား တိုးချဲ့လာသဖြင့် တိုက်ပွဲများ ပိုပြင်းထန်လာမည့် အခြေအနေ ရှိနေသည်ဟု ရက္ခိုင့် တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင် က “တပ်တွေ ဒီနေ့လည်း ဝင်နေတာ တွေ့ရတယ်။ လေယာဉ်နဲ့ရော ကားနဲ့ရော ဆိုတော့ နောက်လာမယ့် အချိန်တွေမှာ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်လာဖို့ အလားအလာတွေ များပါတယ်”ဟု ပြောသည်။

တပ်မတော်နှင့် AA တို့ကြား စစ်ရေးတင်းမာနေမှုများအရ လက်ရှိတွင် ငြိမ်းချမ်းရေးမှာ ကမ်းမမြင် လမ်းမမြင် ဖြစ်နေသည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပီ၊ ခထီးလှ တို့ကို AA က ဝင်တိုက်ပြီး လက်နက် ၄၀ ကျော်၊ ကျည်ဆံ ၁၆၀၀၀ ကျော်တို့ကို ယူသွားသည်။

တိုက်ပွဲအတွင်း နယ်ခြားစောင့်ရဲစခန်း ၂ ခု ဝင်ရောက်စီးနင်း ခံရပြီး စခန်း ၄ ခုမှ ရဲ ၁၃ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ခိုက်မှုများအပေါ် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်သည့် ထိပ်သီး အစည်းအဝေး တခုကို ဇန်နဝါရီလ ၇ ရက်က နေပြည်တော်တွင် ကျင်းပပြီး AA ကို ချေမှုန်းရန် ရဟတ်ယာဉ်များ တပ်အင်အားများကို အသုံးပြုရန် သမ္မတရုံးက သဘောတူခဲ့သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် က နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ဝင်တိုက်ရခြင်းမှာ ထိုတိုက်ခိုက်မှု မတိုင်မီ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲများ တွင် နယ်ခြားစောင့်ရဲများက တပ်မတော်ကို ကူညီပြီး အရပ်သားများကို စစ်ဆင်ရေးတွင်း အသုံးချကာ ဒုက္ခပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။

အရပ်သားများ စားနပ်ရိက္ခာသယ်ယူမှုကို ဖြတ်တောက်ပြီး AA ကို တိုက်ခိုက်ရန် တောလမ်းများသို့ သွားရာတွင် ရွာသားများကို ရှေ့မှ သွားခိုင်းခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များ အိပ်နေချိန်တွင် ရွာသားများကို ကင်းစောင့်ခိုင်းခြင်းများ လုပ်ဆောင်သည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “ကျနော်တို့ ရပ်ရွာတွေကို အမြှောက်တွေနဲ့ ပစ်တဲ့ တပ်တွေကိုလည်း ကျနော်တို့ စာရင်း မှတ်ထားပါတယ်။ ရဲတပ်ရင်းတွေ နယ်ခြားစောင့်တွေကို ကျနော်တို့ သေချာ မှတ်တမ်းပြုစုထားတယ်။ ကျနော်တို့ ဒါကို ခွင့်မလွှတ်ပါဘူး။ ဒါမျိုးလုပ်ရပ်တွေကို ကျနော်တို့ နိုင်တဲ့ဘက်ကနေ တုန့်ပြန်မှာပါ”ဟု ဆိုသည်။

ရခိုင်ပြည်သူများကို နှိပ်ကွက်နေပါက သည်းခံမည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားရာတွင် တပ်မတော်နှင့်နယ်ခြားစောင့် ရဲတပ်ဖွဲ့ များမှ အရပ်သားများကို လမ်းပြအဖြစ် ခေါ်ဆောင်ခြင်း၊ သေနတ်ဒင်ဖြင့် ရိုက်နှက်ခြင်း၊ ရိက္ခာတောင်းယူခိုင်း ခြင်းများ ကြုံတွေ့ခဲ့ရသည့် အရပ်သားများက ဧရာဝတီကို ပြောဆိုထားသည်။

ဇန်နဝါရီလ ၇ ရက်၊ သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက AAကို ARSA အကြမ်းဖက် အဖွဲ့နှင့် ညှိနှိုင်းကာ ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားကာ တိုက်ခိုက် နေပြီး ARSA နှင့် AA ကြား မူးယစ်ဆေးဝါး အကျိုးတူ စီးပွားရေးများ ရှိသည်ဟု စွပ်စွဲ ပြောဆိုထားသည်။

နယ်ခြားစောင့် ရဲစခန်း ၄ ခုကို AA ဝင်တိုက်ခြင်းမှာ ARSA အကြမ်းဖက် အဖွ့ဲကို အထောက်အကူပြုသည့် စစ်ဆင်ရေးမျိုး လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

ဦးဇော်ဌေး က “အဓိက ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်တယ်။ တိုက်ပွဲမီးက ဆက်မြင့်လာရင် အဲ့မှာ ရှိတဲ့ လူငယ်တွေ ကျောင်းမတတ်နိုင်ဘူး။ အများကြီး ဒုက္ခရောက်ကြမယ်။ အဓိက က အဲ့မှာ ရှိတဲ့ တိုင်းရင်းသား ပြည်သူတွေပဲ ဒုက္ခရောက်မယ်”ဟု ပြောသည်။

ရခိုင်ပြည်သူများ ၊ ရခိုင်ရဟန်းသံဃာများ ၊ အရပ်ဘက်အဖွဲ့များ၊ ရပ်မိရပ်ဖများအနေဖြင့် ရခိုင်ပြည်နယ်ကို မပျက်စီးစေချင်ပါက AA ကို မထောက်ခံရန်လည်း ဦးဇော်ဌေးက ပြောဆိုသည်။

AA က ၎င်းတို့ ARSA နှင့် ပတ်သတ်ခြင်း၊ ပူးပေါင်းခြင်း မရှိဟုလည်း ငြင်းဆိုထားသည်။

ဦးဇော်ဌေး ပြောဆိုချက်နှင့် ပတ်သတ်၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “ရခိုင်ပြည် ဖွတ်ဖွတ်ကျေသွားမယ်။ နောက် ၁၀ နှစ်မှာ ဘာဖြစ်သွားမယ်ပေါ့။ ဆီးရီးယားလို ဖြစ်မယ်လို့ ပြောတာလည်း ကျနော်တို့ ကြားမိပါတယ်။ ကျနော့် စိတ်ထဲမှာ ဘာတွေ ဖြစ်လဲ ဆိုတော့ ငါတို့ တိုင်းပြည်ကို ဖျက်ရင် သူတို့ တိုင်းပြည်ကိုလည်း ဖျက်ရမလား ဆိုတဲ့ အတွေးလည်း ရောက်မိပါတယ်”ဟု ပြောသည်။

တပ်မတော်ဘက်မှ AA တပ်ဖွဲ့များ ရခိုင်ပြည်နယ်တွင်း ရောက်ရှိလှုပ်ရှားနေသည်ကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းပါက တတ်တတ်ကြွကြွ ပါဝင်မည် ဖြစ်ပြီး ရခိုင်ပြည်နယ်ကို တစစီဖြစ်အောင် လုပ်မည် ဆိုပါက ထပ်တူထပ်မျှ ပြန်လုပ်ဆောင်မည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ဆိုသည်။

AA နှင့် ARSA  ပတ်သတ်နေသည်ဟု ပြောဆိုချက်အပေါ်တွင် ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းမှလည်း ဝိုင်းဝန်း ကန့်ကွက်ကြပြီး AA ကို ဆက်လက်ထောက်ခံမည်ဆိုသည့် ပြောဆိုမှု အရိပ်အရောင်များလည်း တွေ့ရသည်။

ရခိုင်အမျိုးသားပါတီ (ANP) ကလည်း ဦးဇော်ဌေး၏ ပြောဆိုချက်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက် တစောင် ထုတ်ပြီး ထိုထဲတွင် ရခိုင်ဒေသ၌ မြေပေါ်မြေအောက်လှုပ်ရှားနေကြသည့် ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများမှာ မည်သည့် အကြမ်းဖက် အဖွဲ့အစည်းနှင့်မှ အားပေးအားမြှောက် လုပ် ပူးပေါင်းခြင်း မရှိဟုလည်း ရေးသား ထားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက AA အပါအဝင် အပစ်အခတ်ရပ်စဲရေးမလုပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်ရပ် ဆွေးနွေးရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်ထိ အပစ်ရပ်ဆိုင်းကြောင်း စစ်တိုင်း ၅ တိုင်းကို ကြေငြာထားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အပစ်ရပ်ဆိုင်းမှုတွင် AA နှင့် တိုက်ပွဲများ ဖြစ်နေသည့် အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် နယ်မြေ မပါဝင်ခဲ့ပါ။

တပ်မတော်နှင့် AA တို့အကြား ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်တွင်း တိုက်ပွဲများကြောင့် အရပ်သား ၅၀၀၀ ကျော်မှာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည်။

AA သည် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် လူငယ် ၂၆ ဦးဖြင့် စတင် ဖွ့ဲစည်း ခဲ့ပြီး ယခုအခါ အင်အား ခန့်မှန်းခြေ ၇၀၀၀ ခန့်ရှိပြီ ဖြစ်သည်။

AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး လက်ရှိတွင် မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ဝင်ရောက်လှုပ်ရှားကာ တပ်စခန်း နေရာ အခိုင်အမာ ရရှိရန် ကြိုးစားလျှက် ရှိသည်။

ဧရာဝတီနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် သီးသန့် အင်တာဗျူးကို ဆက်လက်ဖေါ်ပြပေးပါမည်။

Did you find apk for android? You can find new Free Android Games and apps.
Loading