ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ လေထုညစ်ညမ်းမှု အညွှန်းကိန်းမှာ လက်ရှိ ကျဆင်းသွားပြီ ဖြစ်သော်လည်း ထိုင်းနိုင်ငံ မြောက်ပိုင်း၌ တောမီးများ ဆက်တိုက်လောင်ကျွမ်းနေမှုကြောင့် စိုးရိမ် မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။
“စိုးရိမ်စိတ်ရှိတယ်။ ကိုယ့်ဘက်က သူတို့လောက် နည်းပညာမပြည့်စုံဘူး။ နေ့စဉ် မီးသတ်ကား ၃ စီးနဲ့ မြို့ပတ်ပတ်လည် မှာ မနက်တကြိမ် ညတကြိမ် လေထုသန့်စင်အောင် ရေမှုန်ရေမွှားတွေ လိုက်ဖျန်းပေး နေတယ်။ ဒီလောက်ပဲ လုပ်ပေးနိုင် တာ။ သူတို့ဘက်ကလည်း ကြပ်ကြပ်မတ်မတ်နဲ့ တောမီးရှို့တဲ့ဟာ ကို ထိထိရောက်ရောက်လေး တားမြစ်ပေးဖို့။ ကျနော်တို့ ဘက်ကလည်း ဒါကို ထိထိရောက်ရောက် တားမြစ်ပေးဖို့လိုတယ်” ဟု တာချီလိတ် ဒေသခံ ဦးတင့်ဆွေက ပြောသည်။
နှစ်စဉ် နွေဦးကာလများ၌ တောင်ယာ မီးရှို့မှုကြောင့် မီးခိုးငွေ့များ ဖြစ်ပေါ်လာသော်လည်း ယခုနှစ် တွင် လေထု အရည်အသွေး အညွှန်းကိန်း ပိုမိုမြင့်ခြင်းနှင့် ရက်ရှည် ကြာမြင့်ခြင်းတို့ကြောင့် ယခုနှစ် သည် အဆိုးရွားဆုံးဖြစ်ကြောင်း ဒေသခံ များကလည်း ပြောဆိုသည်။
“အဆိုးဆုံးပဲ၊ ခါတိုင်းနှစ်ကတော့ အပေါ်ယံလောက်ပဲ၊ ခုက ရည်ရှည်ကြီးလည်း ဖြစ်နေပြီ။ ရာသီဥတု ကလည်း ဆိုး။ ဆိုင် ကယ်စီးတဲ့သူတွေ ချောင်းဆိုး မျက်လုံးစပ် ဖြစ်တဲ့အဆင့်ထိ ရောက်ကုန်တာ။ ဒါပေမယ့် ဟိုဘက်ကမ်း (မယ်ဆိုင်၊ ချင်းရိုင်၊ ချင်းမိုင်)လို နှာခေါင်းသွေးယိုတာတွေ ဘာတွေ ကြီးကြီး မားမားတော့ မရှိသေးဘူး” ဟု ဦးတင့်ဆွေက ပြောသည်။
ဆက်လက်၍ ၎င်းက ယခု မီးခိုးမြူများသည် ထိုင်းဘက်မှ လာသည့် မီးခိုးမြူများ ဖြစ်ပြီး မြန်မာ ဘက်အခြမ်းမှ တောင်ယာမီး ရှို့မှု အနည်းငယ် ရှိမည်ဖြစ်သော်လည်း ယခုကဲ့သို့ ဆိုးရွားသည့် အခြေ အနေထိ ဖြစ်လာနိုင်စရာ မရှိဟု ဆိုသည်။
ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ ယနေ့ နံနက်ပိုင်း တိုင်းတာချက်အရ တာချီ လိတ်မြို့ လေထု ညစ်ညမ်းမှု အညွှန်းကိန်းမှာ ယမန်နေ့က လေထု အရည်အသွေး ညွှန်းကိန်း (AQI) ၃၅၀ မှ ၁၇၃ သို့ ကျဆင်းသွား ခဲ့ကြောင်း၊ လေထုအတွင်းတွင် လူကို အန္တရာယ်ပေးသည့် ကာဗွန် မိုနောက်ဆိုဒ်(CO) နှင့် နိုက်ထရိုဂျင်ဒိုင် အောက်ဆိုဒ် (NO2) ပါဝင်မှု နည်းပါးကြောင်း သိရသည်။
အမှုန်ပါဝင်မှုနှုန်း (PM 10) ပါဝင်မှု ၁၇၃၊ ဆာလဖိုင်ဒိုင်အောက်ဆိုဒ် (SO2) ပါဝင်မှု ၈၁ (အသင့် အတင့်)၊ ကာဗွန်မိုနောက် ဆိုဒ် (CO) ပါဝင်မှု ၇ (ကောင်းမွန်)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် (NO2) ပါဝင်မှု ၄ (ကောင်းမွန်) ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
လေထုအတွင်း အလွန်သေးငယ်သည့် အမှုန်အမွှား (PM 10) ပါဝင်မှု လေထု အရည်အသွေး အညွှန်း ကိန်း ၁၇၃ သို့ ကျ ဆင်းသွားပြီဖြစ်သော်လည်း အညွှန်းကိန်း ၁၅၀-၂၀၀ သည် ကျန်းမာရေးနှင့် မညီညွတ်သည့် အခြေအနေအဖြစ် သတ်မှတ် ထားသည်။
ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအတွက် အန္တရာယ် ဖြစ်ပွားနိုင်သဖြင့် မိမိနေ အိမ်တွင်သာ နေထိုင်ကြ ရန်၊ နေအိမ် ပြင်ပသို့ ထွက်ခွာပါက မျက်နှာဖုံး (mask)များ တပ်ဆင်ပြီး မှ ထွက်ခွာရန် ခရိုင်စီမံခန့်ခွဲမှု ကော်မတီက ထုတ် ပြန် ကြေညာထားသည်။
တာချီလိတ်မြို့၏ PM 10 ပါဝင်မှု လေထု အရည်အသွေး ညွှန်းကိန်းသည် မတ် ၁၆ ရက်မှ စတင်ကာ တက်လိုက် ကျလိုက် ဖြင့် ရှိနေခဲ့ပြီး မတ် ၃၁ ရက်တွင် ၅၀၂ ဖြင့် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိ သွားခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်လည် ကျ ဆင်းလာခြင်း ဖြစ်သည်။
အာရှ မိုးလေဝသဌာန(ASMC) ၏ ဒေသတွင်း တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့မှုကြောင့် ဖြစ်ပေါ်နေသည့် မီး လောင် ကျွမ်းနေသော နေရာများ(Hot Spots) မတ် ၃ မှ ၃၁ ရက်ထိ တိုင်းတာ ချက်အရ ထိုင်းဘက်တွင် ပိုများနေသည် ကို တွေ့ရှိရ ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးရဲထူးက ပြောသည်။
“ဒီနေ့ ရာသီဥတုကတော့ တော်တော်ကြီးကို ကောင်းပါတယ်။ မနေ့ကထက်စာရင် အညွှန်းကိန်းလည်း ကျသွားပါပြီ။ ရှမ်းပြည်နယ် မိုင်းဆတ်မှာတော့ တိုင်းတာတဲ့ စက်မရှိတော့ အညွှန်းကိန်း ဘယ်လောက် လဲ မပြောနိုင်ဘူး။ ဒါပေမယ့် အဲဒီမှာ လည်း မီးသတ်ကားတွေနဲ့ ရေဖြန်းတာ တွေ့တယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက မိုင်းဆတ်၊ မိုင်းယောင်းဒေသမှ မြို့နယ်အုပ်ချုပ်ရေးမှူးများကို ခေါ်တွေ့ကာ တောမီးရှို့ခြင်း၊ တောင် ယာမီးရှို့ ခြင်းများနှင့် ပတ်သက်၍ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ရန်၊ အသိပညာပေးမှုများ ပြုလုပ်ရန် ပြောဆိုထားပြီး ဖြစ်သကဲ့သို့ တရားဝင် စာထုတ်ပြန်ပြီးလည်း ဖြစ်ကြောင်း ရှင်းပြသည်။
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် မီးခိုးငွေ့ ကင်းစင်နယ်မြေ အဖြစ် ခရိုင်စီမံခန့်ခွဲကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ အလင်းရောင် လူမှုကူညီရေး အသင်းတို့ ပူးပေါင်း၍ မတ် ၃၀ ရက်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
တောင်ယာ မီးရှို့မှု အကြီးအကျယ် ပြုလုပ်ခြင်းကြောင့် ထိုင်းမြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေထု ညစ်ညမ်းမှုသည် ယ ခင်လက စတင်ခဲ့ရာ ထိုင်းပြည်တွင်းရော အိမ်နီးချင်းလာအိုနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်းသို့ပါ ပျံ့နှံ့လာခြင်း ဖြစ်သည်။
မြို့ကြီးများဖြစ်သော ချင်းမိုင်၊ ချင်းရိုင်နှင့် မဲဟောင်ဆောင်တို့တွင် ဖုန်နှင့် အမှုန်ပါဝင်မှု အဆင့် PM 2.5 သည် ၁ ကုဗမီတာ လျှင် ၃၀၀-၅၀၀ မိုက်ခရိုဂရမ်အထိ တိုးပွားလာခဲ့သည်။
မီးခိုးမြူ မွန်းကျပ်မှုမှာ ထိုင်း မြောက်ပိုင်းတွင် ရက်သတ္တပတ် အတန်ကြာခဲ့ပြီဖြစ်ပြီး အင်္ဂါနေ့ အစော ပိုင်း ထိုင်းဝန်ကြီးချုပ် ရောက်ရှိချိန်တွင် ချင်းမိုင်မြို့ လေထု အရည်အသွေး ညွှန်းကိန်းမှာ ၃၇၉ ဖြစ် နေပြီး ကမ္ဘာတလွှား အဆိုးဝါးဆုံး မြို့ပြလေထု ညစ်ညမ်းမှုဖြစ်ပြီး အန္တရာယ်ရှိသည့် အဆင့်ရှိ နေ ကြောင်း IQAir AirVisual ညစ်ညမ်းမှု အချက်အလက်များအရ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
မီးခိုးများထူထပ်နေခြင်း အပေါ် ထိုင်းဘုရင် စိုးရိမ်မကင်းဖြစ်
ပြောင်းခင်းမီးမှ မီးခိုးမြူများ ချင်းမိုင်ကို ဒုက္ခပေးနေ