စစ်ကော်မရှင်က အာရှလမ်းကို ပြန်ထိုးစစ်ဆင်ရန် မြဝတီ-မဲဆောက်ကုန်သွယ်ရေးလမ်းကို ရုတ်တရက်ပိတ်လိုက်ပြီးနောက် ရနောင်း- ကော့သောင်းရေကြောင်းကုန်သွယ်ရေးမှာ အဓိကကျလာသော်လည်း သွင်းကုန်လိုင်စင်ကန့်သတ်ချက်ကြောင့် ကုန်သွယ်ရာ၌ အခက်အခဲများ ကြုံတွေ့နေရကြောင်း ကုန်သည်များကဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယများနှင့် နယ်စပ်ကုန်သွယ်ရေးကို တိုင်းရင်းသားတပ် များကထိန်းချုပ်ထားသလို မယ်ဆိုင်-တာချီလိတ် နယ်စပ်ကုန်သွယ်ရေးနှင့် ရနောင်း-ကော့သောင်း ကုန်သွယ်ရေးတို့ကို သာ စစ်တပ်အနေဖြင့် ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်သည့် အနေအထားဖြစ်သည်။
ထို့အတွက် သြဂုတ်လ ၁၈ရက်ကစ၍ စစ်ကော်မရှင်က ကုန်သွယ်မှုပမာဏ ကျဆင်းနေသည့် မဲဆောက်- မြဝတီနယ်စပ် ကုန်သွယ်ရေးကို ပိတ်လိုက်ပြီး ထိုင်းဘက်မှ ပို့ကုန်လုပ်ငန်းရှင်များ ကုန်တင်ပို့မှုကို တာချီလိတ်နှင့် ရနောင်းဘက်မှသာ ပြောင်းလဲတင်ပို့ရန် စစ်ကော်မရှင်က အကြောင်းပြန်ခဲ့သည်။
သို့သော် မယ်ဆိုင်- တာချီလိတ် နှင့် ရနောင်း-ကော့သောင်း ကုန်သွယ်ရေးလမ်းကြောင်းတို့မှ ကုန်ပစ္စည်းတင်သွင်းရာ၌ ကန့်သတ်ချက်များ ရှိနေပြီး လိုင်စင်ချထားပေးမှု ကြန့်ကြာခြင်း၊ တရားမဝင် ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးခြင်းတို့ကြောင့် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ရနောင်း- ကော့သောင်းနယ်စပ်ကုန်သည်ကြီးတဦးက “ကော့သောင်းမှာ လိုင်စင်ကျတဲ့ဟာတွေတော့ သွင်းလို့ရတယ်။ အရင်လောက်တော့ လုပ်ငန်းက မသွက်ဘူး။ ဟိုတုန်းကပုံစံက ရနောင်းဘက်ကမ်းမှာ ပစ္စည်းတင် ကော့သောင်းရောက်ရင် လိုင်စင်ရှိတာပါသလို မရှိတာလည်းနည်းနည်းပါပြီး သင်္ဘောက ထွက်တာပေါ့။ အခုကတော့ လိုင်စင် ရှိ၊ မရှိကို တခုချင်းစီ စစ်တော့ လုပ်ငန်းက အဆင်တော့မပြေဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယခင် ရနောင်းမှ ရန်ကုန်သို့ တိုက်ရိုက်သွား၍ ဆိပ်ကမ်းရောက်လျှင် စစ်ဆေးခံကာ ကုန်အတင်အချ လုပ်ရသော်လည်း ယခု ကော့သောင်းဆိပ်ကမ်း၌ ကုန်စည်တမျိုးချင်း ပြန်စိစစ်ကြောင်း၊ ထိုသို့စိစစ်ချိန် ဆိပ်ကမ်းနေရာ အခက်အခဲ ကြောင့် သင်္ဘောတစီးထပ်ဌားကာ ကုန်စည်များချရသည့်အတွက် အလုပ်သမားခနှင့် သင်္ဘောတစီးဌားခ အပိုကုန်ရကြောင်း သိရသည်။
ပစ္စည်းအတင်အချလုပ်ရသည့်အတွက် အလုပ်သမားခ အပါအဝင် သင်္ဘောတစီးစာလျှင် ယခင်ထက် ထိုင်းဘတ်ငွေ ၆၀၀၀ ကျော် ပို၍ ကုန်ကျမှု ရှိနေကြောင်း ၎င်းက ဆိုသည်။
ထိုအခြေအနေကို ကျော်ဖြတ်ရန် ရနောင်းမှ သင်္ဘောဖြင့် တိုက်ရိုက်မတင်ဘဲ ပစ္စည်းများကို စက်လှေငယ်ဖြင့် ကော့သောင်း ထိ အလီလီသယ်ပါကလည်း လုပ်ငန်းကြန့်ကြာမှုရှိကြောင်း အထက်ပါ ကုန်သည်က ဆိုသည်။
၎င်းက “ဒီအတိုင်းထွက်လာရင်လည်း စိစစ်ဖို့ သင်္ဘောတစီး ထပ်ရှာပေးရမယ်ဆိုရင် အဆင်မပြေဘူး။ ဒါကြောင့် ပဲ့ချိတ်နဲ့ တင်နေတော့ အရင်ထက်စာရင် လုပ်ငန်းတွေက နှေးကွေးသွားတယ်။ လိုင်စင်တွေ ပြန်လျှောက်ရတဲ့အတွက် ရနောင်းမှာ ကုန်တွေက ပုံနေတယ်။ အလုပ်လုပ်ရတာ အရင်လောက်မချောမောဘူး။ အကောက်ခွန်လည်း လက်ရှိ ဘာမှ မဖြေရှင်းပေး နိုင်သေးဘူး”ဟုပြောသည်။
ကော့သောင်းနယ်စပ်ကုန်သွယ်ရေး၌ ကြန့်ကြာနေမှုများနှင့် ပတ်သက်၍ စစ်ကော်မရှင် တာဝန်ရှိသူများဘက်မှ ဆွေးနွေးမှု များ ပြုလုပ်နေပြီး လက်ရှိ တနေ့သင်္ဘောအစီးရေ ၂၀ ခန့်ကိုသာ စိစစ်ပေးနိုင်ကြောင်း ကုန်သည်များထံက သိရသည်။

ယခုအခါ ပို့ကုန်ရငွေ တန်ဖိုးအတိုင်း သွင်းကုန်တင်သွင်းခွင့်ပေးခြင်း၊ ကုမ္ပဏီတခုချင်းစီထက် အချင်းချင်း အကျိုးတူ ပို့ကုန် ရငွေဖြင့် သွင်းကုန်ခွင့်ပြုပေးခြင်းကို ခွင့်ပြုသော်လည်း ကုန်ပစ္စည်းများ ကန့်သတ်ထားခြင်း၊ ကုန်သွယ်ရေးဂိတ်တွင် စိစစ် မည့်အခြေအနေနှင့် လိုင်စင်ချပေးမည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်ကာ စနစ်တခု တိတိကျကျ ထွက်မလာသေးသဖြင့် ကုန်သွယ်ရေး ကြန့်ကြာမှုများရှိနေသည်။
ထိုကဲ့သို့ အခြေအနေများကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်းဝင်ရောက်မှုမှာ ယခင်ထက် နည်းပါးနေပြီး ဈေးတက်လာနိုင် ကြောင်း ကုန်သည်များကဆိုသည်။
အလားတူ ရန်ကုန်- တာချီလိတ် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တဦးက “အရင်လို လိုင်စင်ကတော့ ပြန်မပေး သေးဘူး။ အကန့်အသတ်နဲ့တော့ ပေးတယ်။ အရင်တုန်းက တရက်ကို ကားအစီးရေ ၃၀၊ ၄၀ ထွက်နိုင်ရင် အခုက ၄ စီး၊ ၅ စီးထပ်ပိုပြီးမထွက်နိုင်ဘူး။ အခုက ဂျူတီအပြည့်နဲ့ ဆင်းရတာ ရှိတယ်။ တရက်ကို ဘယ်နှစ်စီးဆိုပြီး အကန့်အသတ်နဲ့ လွှတ် တာ။ ပိတ်ထားတဲ့ ကန့်သတ်ကုန်စည်တွေလည်း အများကြီး စက်ပစ္စည်းတွေ၊ ဖုန်းနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းတွေ ဘာမှ တင်လို့ မရသေးဘူး တော်တော်များများ ကန့်သတ်ထားတာ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်းသို့ ထိုင်းကုန်စည်များ သွင်းသည့်အခါ တာချီလိတ်မြို့အထွက်ဂိတ်မှ ကားပေါ်ပါ ကုန်ပစ္စည်းတမျိုးချင်းစီကို ချကာ တင်းတင်းကျပ်ကျပ်စစ်ဆေးခြင်း၊ ကန့်သတ်ထားသည့် ကုန်ပစ္စည်း စာရင်းများနှင့် တိုက်စစ်ခြင်းတို့ကို ပြုလုပ်နေကြောင်း၊ ထို့ပြင် တာချီလိတ်မှ ရန်ကုန်သို့ ကုန်စည်သယ်ဆောင်ရာ လမ်းတလျှောက် အဖွဲ့စုံပါ ဂိတ်ပေါင်း ၆၀ ထက် မနည်းရှိနေ၍ သတ်မှတ်ကြေးထက် အဆင်ပြေသလို ပေးဆောင်ရကြောင်း ၎င်းက ပြောသည်။
၎င်းက “ဂိတ်ရောက်ရင် တခုချင်းစစ်တာ၊ စာရင်းထဲမှာ မပါတဲ့ဟာဆိုရင် အကုန်ပြန်ချ ထားခဲ့ရတာ။ အရင်ကတော့ ဒီလောက် မဟုတ်ဘူး။ စစ်တယ်ဆိုပေမယ့် ကားကို ပတ်ကြည့်တယ်။ ဆူးထိုးတယ် အဲဒီလိုမျိုး အခုကတော့ မရမ်းဂိတ် ရောက်တာနဲ့ ကားပေါ်ကဟာကို အကုန်ပြန်ချ စစ်တော့တာ။ ဒါကြောင့် ကြန့်ကြာတာလည်း ပါတယ်”ဟု ဆိုသည်။
စက်တင်ဘာ ၁ရက်က ထိုင်းအစိုးရတာဝန်ရှိသူများနှင့် ရှမ်းပြည်တောင်ပိုင်းကုန်သည်တို့ တွေ့ဆုံစဉ် ထိုင်းပို့ကုန်များကို တာချီလိတ်နယ်စပ်မှ တင်ပို့မည့်အခြေအနေများကို ပြောကြားခဲ့သော်လည်း အသေးစိတ်ဆွေးနွေးခဲ့ခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ်ကုန်သည်များထံက သိရသည်။
မယ်ဆိုင် တာချီလိတ် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ကိုင်သူတဦးက “မယ်ဆိုင်ကနေ တာချီလိတ်ကို သယ်လို့ရတယ်။ တာချီလိတ်ကနေ ရန်ကုန်ပို့ဖို့ ကျတော့ အွန်လိုင်းပစ္စည်းတွေ( ထိုင်းထုတ် စားသောက်ကုန်၊ လူသုံးကုန်) ပို့လို့ မရသေးဘူး။ ကာဂိုတွေဆို ကန့်သတ်ချက်ရှိတယ်။ နည်းနည်းတော့ ရတယ်။ တဆွဲတပိုးပဲ ရတယ်။ လေကြောင်းကာဂိုရော၊ ကားနဲ့ရော ပိတ်ထားတယ်။ လူကြုံရှိရင် ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ပထမခြောက်လအတွင်း ထိုင်း-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုမှာ စုစုပေါင်း ဘတ်ငွေ ၁၀၅ ဒသမ ၁ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂၄ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သလို တာ့ခ်ခရိုင်ရှိ မဲဆောက်နယ်စပ်ကုန်သွယ်ရေးဂိတ်၌ ယခုနှစ် ကုန်သွယ်မှုတန်ဖိုး ဘတ်ငွေ ၄၅ ဒသမ ၅ ဘီလီယံရှိသဖြင့် ယခင်နှစ်ထက် ၉ ဒသမ ၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ရနောင်း နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု တန်ဖိုး ဘတ်ငွေ ၁၈ ဒသမ ၂ ဘီလီယံ ရရှိခဲ့သဖြင့် ယခင်နှစ်ထက် ၁၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
You may also like these stories:
ကုန်စည်ဖြန့်ဖြူးရေး စစ်ကော်မရှင်ကန့်သတ်ပြန်
ထိုင်းက လူသုံးကုန်ပစ္စည်း တချို့ ထပ်မံပိတ်
လူသုံးကုန် စားသောက်ကုန် သွင်းခွင့် စစ်တပ်ကန့်သတ်ပြန်
တာချီလိတ်၊ မိုင်းလား ကုန်သွယ်ရေးလမ်း အဖမ်းအဆီးကြမ်း၍ ရပ်နေ














