စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာမှ ရပ်ဝန်းနှင့်လမ်းအစီအစဉ် စတင်ရန် တရုတ်ကိုပေးသည့် ကတိသည် တံလျှပ်ကို ရေထင်အောင် လုပ်ခြင်းသာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရေးအတွက် ထိုစီမံကိန်းကို ကြားခံအဖြစ် အသုံးပြုရန်သာ ရည်ရွယ်ကြောင်း ဖော်ပြနေသည်ဟု လေ့လာသူများက ပြောသည်။
ယခုလ အစောပိုင်းက တရုတ်ခရီးအတွင်း မင်းအောင်လှိုင်နှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းတို့ တွေ့ဆုံစဉ် တရုတ်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) တည်ဆောက်ရေးအတွက် ဆက်လက် လုပ်ဆောင်ရန် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင့်ရှိကြောင်း မစ္စတာ လီချန်းက ပြောသည်။
CMEC သည် တရုတ်၏ ပိုမိုကျယ်ပြန့်သော ရပ်ဝန်းနှင့်လမ်း အစီအစဉ်အောက်တွင် ပါဝင်ပြီး ဒေါ်လာ ဘီလီယံပေါင်းများ စွာကုန်ကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာကို မြန်မာမှတဆင့် ဆက်သွယ်သည့် အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေးနှင့် စွမ်းအင်အစီအစဉ်ကို ရည်မှန်းသည်။
CMEC မှ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို “ဒေသအခြေအနေပေါ် မူတည်ပြီး ဖြစ်နိုင်သည့်နေရာများတွင် အကောင်အထည်ဖော်မည်” ဟု ပြန်ပြောပြီး တရုတ်ဝန်ထမ်းများ၊ အင်စတီကျူးရှင်းများနှင့် စီမံကိန်းများကို ကာကွယ်ရန် အရာရာ လုပ်ဆောင်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ထိုရထားလမ်းသည် ရှမ်းပြည်မြောက်ပိုင်းမှ နယ်စပ်မြို့ မူဆယ်ကို မြန်မာနိုင်ငံအလယ်ပိုင်းမှ ဒုတိယအကြီးဆုံးမြို့ မန္တလေးနှင့် ဆက်သွယ်မည်ဖြစ်ပြီး ထိုမှတဆင့် ဘင်္ဂလားပင်လယ်အော်မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူသို့ တိုးချဲ့မည်ဖြစ်သည်။ ထိုရထားလမ်းသည် တရုတ်မှ ကုန်သွယ်ရေးနှင့် စွမ်းအင်လောင်စာ သယ်ယူပို့ဆောင်ရေးအတွက် သေနင်္ဂဗျူဟာအရ အရေးပါသည့် အိန္ဒိယသမုဒ္ဒရာသို့ အချိတ်အဆက်ဖြစ်သည်။
သို့သော် ရှမ်းပြည်မြောက်ပိုင်း၊ အထက်မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်သည် စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (EAOs) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် စစ်ကောင်စီ၏ သြဇာသည် ထိုရထားလမ်းဖြတ်သန်းမည့် ဒေသများတွင် မရှိသလောက် ဖြစ်သည်။
ထို့ကြောင့် မင်းအောင်လှိုင်က မည်သည့်အတွက် “ဖြစ်နိုင်သော နေရာများ” ဆိုသည့်စကားကို အသုံးပြုရခြင်းအကြောင်းရင်းကို ရှင်းပြနေသည်။ ထိုစကားသည် ဖြစ်နိုင်ခြေမရှိသော ကိစ္စဖြစ်ပြီး စစ်ကောင်စီမီဒီယာ သတင်းများတွင်လည်း အတိအကျ ဖော်ပြခြင်း မရှိပေ။
စစ်ကောင်စီသည် စီမံကိန်းအကောင်အထည်ဖော်ရေး အချိန်ဇယားနှင့် ပတ်သက်၍ တရုတ်နှင့် မည်သည့်သဘောတူညီချက်မဆို လက်ရှိအချိန်တွင် နယ်မြေအများအပြား ထိန်းချုပ်ထားသည့် EAO များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ကို တိုက်ခိုက်ရန် လက်နက်အဖြစ် အသုံးချလိုကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။
“အဲဒီလို သဘောတူညီချက်တခုကနေ မင်းအောင်လှိုင်က တရုတ် အလုပ်သမားတွေကို လုံခြုံရေးပေးဖို့ မြန်မာစစ်သားတွေကို ဒီပိုင်နက်တွေထဲ ပြန်ဝင်နိုင်ရေး တရုတ်က EAO နဲ့ PDF တွေကို ဖိအားပေးစေချင်တယ်” ဟု ၎င်းကပြောသည်။
မြန်မာ၏ ပြည်တွင်းပဋိပက္ခများတွင် တရုတ်သည် မကြာခဏဆိုသလို လက်တွေ့ကျသည့် အမြင်ရှိပြီး စစ်ကောင်စီ၏ အစီအစဉ်ကို အပြည့်အဝ ထောက်ခံလိုခြင်း မရှိပေ။ ထိုသို့လုပ်မည့်အစား တရုတ်သည် ထိုစီမံကိန်းအတွက် လုံခြုံရေးပေးရန် ပူးပေါင်းဆောင်ရွက်လိုသည့် EAO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်နိုင်သည်ဟု မစ္စတာ ဂျေဆင်တာဝါက ပြောသည်။
“မင်းအောင်လှိုင်ရဲ့ တပ်တွေဟာ အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ သြဇာအာဏာ မရှိတော့ဘူး။ စစ်တပ်နဲ့ အဲဒီလို စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဟာ မြန်မာပြည်တွင်းပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ဖို့ တရုတ်ရဲ့ စိတ်အားထက်သန်မှုအပေါ် အကြီးအကျယ် မူတည်နေတယ်။ ဒါမှမဟုတ် တော်လှန်ရေးလှုပ်ရှားမှုကို သိသိသာသာ အကျိုးပြုတဲ့ သဘောတူညီချက်တခုခု လုပ်ရမယ်ဆိုတာကို တရုတ်က နားလည်မှာ သေချာတယ်” ဟု ၎င်းကပြောသည်။
ထိုစီမံကိန်း စတင်ရန် မင်းအောင်လှိုင်၏ ကတိသည် ပကတိအခြေအနေနှင့် ကင်းကွာနေပြီး တရုတ် ထောက်ခံမှုရရေးအတွက် တရုတ်အစိုးရကို စိတ်ကျေနပ်အောင် ပြောခြင်းထက် မပိုကြောင်း ပြည်တွင်းသုတေသီတဦးက ပြောသည်။
ထိုစီမံကိန်း၏ စမှတ်ဖြစ်သော မူဆယ်သည် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း ရထားလမ်း ဖြတ်သန်းမည့် လားရှိုးနှင့် သီပေါကဲ့သို့သော ပတ်ဝန်းကျင်ဒေသများသည် စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် မရှိကြောင်း သူကထောက်ပြသည်။
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရထားလမ်းသည် မန္တလေးနှင့် မကွေးတိုင်းများကို ဖြတ်သန်းရမည်ဖြစ်ပြီး ထိုဒေသများတွင် စစ်ကောင်စီသည် မြို့များတွင် ချောင်ပိတ်ခံထားရပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
မကွေးတိုင်းကို ဖြတ်သန်းပြီးနောက် ထိုရထားလမ်းသည် အနောက်ဘက် ကျောက်ဖြူသို့ မရောက်မီ ရခိုင်ပြည်နယ်ဒေသများကို ဖြတ်သန်းရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များသည် အာရက္ခတပ်တော် (AA) ကို အကြီးအကျယ် ရှုံးနိမ့်နေသည်။
“ဒီအခြေအနေကြောင့် အခုလောလောဆယ် ဒီစီမံကိန်းကို စတင်ဖို့ မဖြစ်နိုင်ဘူး။ ဘာအဓိပ္ပာယ်မှ မရှိဘဲ တရုတ်ကို ကျေနပ်အောင်လုပ်ပြီး ထောက်ခံမှုရဖို့ လုပ်တာထက် မပိုဘူး” ဟု အထက်ပါ ပြည်တွင်းသုတေသီက ပြောသည်။
တရုတ်ခရီးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နံပါတ် ၁ ဦးစားပေးသည် စစ်မြေပြင်တွင် နောက်ထပ် ရှုံးနိမ့်မှုများကို ရှောင်ရှားရန် တခုတည်းသော ရွေးစရာအဖြစ် တရုတ်အစိုးရ၏ လုံခြုံရေး ထောက်ခံမှု မြှင့်တင်ရန်ဖြစ်သည်ဟု မစ္စတာ တာဝါက ပြောသည်။
ထို့ကြောင့် မင်းအောင်လှိုင်က ထိုရထားလမ်းစီမံကိန်း အလျင်အမြန် စတင်ရန် တရုတ်အစိုးရကို တွန်းအားပေးသည်မှာ မထူးဆန်းပေ။
သို့သော် စီးပွားရေးကို မည်သို့ စီမံမည်နှင့်ပတ်သက်ပြီး မင်းအောင်လှိုင် နားမလည်ကြောင်း၊ စစ်ကောင်စီသည် စစ်မြေပြင်နှင့် စီပွားရေးစီမံခန့်ခွဲမှု အခြေခံအကျဆုံး ပုံစံများတွင်ပင် ကျဆုံးနေကြောင်း တရုတ်က နားလည်မည်မှာ သေချာသည်ဟု မစ္စတာ တာဝါက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Junta Boss’ Belt and Road Promise to China Is a Ploy: Analysts ကို ဘာသာပြန်သည်။)
You may also like these stories:
ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ
တရုတ်ခရီးစဉ်ကနေ စစ်ကောင်စီ ထွက်ပေါက်ရသွားသလား (ရုပ်/သံ)
တရုတ်က မန်ဝိန်းဂိတ်ဖွင့်သော်လည်း စစ်ကောင်စီ ဆက်ပိတ်ထား
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ