အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကြီးစိုးထားသည့် ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင် ရေး လုပ်ဆောင်လျက် ရှိသော်လည်း တပ်မတော်နှင့် ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက အခက်အခဲများ ရင်ဆိုင်နေရဦး မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းက သုံးသပ် ပြောကြားသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး အောင်မြင်နိုင်ရန်မှာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးကြောင်း၊ သို့သော် တပ်မတော်ဘက်က လက်ခံနိုင်သည့် အချက်မျိုးကိုသာ ပြင်နိုင်ဦးမည် ဖြစ်ကြောင်း ပြောဆိုပြီး “အဲဒီလိုမှ မဟုတ်ဘူး။ ဒီညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဦးမယ်”ဟု တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့သူ ၎င်းက သြဂုတ်လ ၄ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
၎င်းလွှတ်တော် ဥက္ကဋ္ဌ ဘဝက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အတိုင်းအတာ တခုအထိ အောင်မြင်ခဲ့ပြီး အချက် ၅၄ ချက် ရရှိခဲ့ခြင်းသည် တပ်မတော်သား ကိုယ်စားလှယ်များ၏ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောပြသည်။
“ဒါကြောင့် ရှင်းပါတယ်။ လွယ်ပါတယ်။ ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်များနဲ့ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုမရှိဘဲ လွယ်လွယ်နဲ့ မရနိုင်ဘူးလို့ ပြောချင်ပါတယ်” ဟု သူရ ဦးရွှေမန်းက ပြောသည်။
သူရဦးရွှေမန်း ဦးဆောင်ခဲ့သည့် လွှတ်တော်တွင်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် တပ်မတော်နှင့် ပြင်ပတွင် သီးသန့် ညှိနှိုင်းခြင်းမျိုး မရှိခဲ့ကြောင်း၊ အရေးကြီးသည့် အချက်တချို့ ပြင်နိုင်ခဲ့သည်မှာလည်း သမ္မတ အရည်အချင်းတွင် စစ်ရေးအမြင်အစား ကာကွယ်ရေး အမြင်တခုသာ ပြင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
ကျန်ရှိသော ပြင်သည့် အချက်မှာ နောက်ဆက်တွဲ ဇယားများသာ ဖြစ်ပြီး တိုင်းနှင့် ပြည်နယ် လွှတ်တော်များကို လုပ်ပိုင်ခွင့် ပိုပေးသည့် အချက်များ ဖြစ်ကြောင်း၊ ယခု အကြိမ်တွင် အရေးကြီးသည့် ဗဟိုချုပ်ကိုင်မှုကို လျော့ချပေးမည့် ပုဒ်မ ၂၆၁ လို ကိစ္စမျိုးသည့် နှစ်ဦးနှစ်ဖက် အကြေအလည် ညှိနှိုင်းလိုက်ပါက ပြင်ဆင်နိုင်ဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။
၎င်းက ဆက်၍ “အခုတခေါက်ကတော့ တပ်မတော်သားတွေက ဒီကော်မတီ စဖွဲ့ကတည်းက လုပ်ထုံးလုပ်နည်းတွေ မှားနေတယ် ဆိုပြီးတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်တာပေါ့။ ညှိမယ်ဆိုရင် သူတို့နဲ့ ညှိတာထက် ထိပ်ပိုင်းမှာ ညှိတာက ပိုကောင်းတယ်။ အခုလည်း သူတို့ မဆွေးနွေးဘူးဆိုတာ ထိပ်ပိုင်းကလာတဲ့ ညွှန်ကြားချက်ပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ထိပ်ပိုင်း ခေါင်းဆောင်ချင်း တွေ့ဆုံမှုတွင် ၂၀၁၈ ခုနှစ်အထိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်တို့ကြား ၂ ဦးတည်း သီးသန့် တွေ့ဆုံမှုများ ရှိခဲ့ဖူးသည်ဟု သမ္မတရုံး တာဝန်ရှိသူတဦးက သတင်းစာ ရှင်းလင်းပွဲတခုတွင် ထုတ်ဖော် ပြောဆိုခဲ့ဖူးပြီး ယင်းနောက်ပိုင်း တွေ့ဆုံနိုင်ခြင်း ရှိ၊ မရှိ မရှင်းလင်းတော့ပါ။
အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များ ကြိုတင်ညှိနှိုင်းမှု မရှိဘဲ လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ဆောင်ခြင်းသည် မပြင်ဆင်လိုသည့် တပ်မတော်၏ သဘောထားကို ပေါ်လွင်အောင် ပြုလုပ်ပြီး နိုင်ငံရေး ကစားကွက်ဖော်သည်ဟု အများက ထင်မြင် ယူဆနေသော်လည်း NLD က တင်ပြထားသည့် အချက်များအရ တပ်မတော်ကို နိုင်ငံရေးမှ ဖြည်းဖြည်းချင်း ဆုတ်ခွာနိုင်အောင် လမ်းကြောင်းပေးသည့် သဘောမျိုးလည်း တွေ့ရကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက ပြောသည်။
“NLD က နိုင်ငံရေး အမြတ်ထုတ်တာလည်း ဖြစ်နိုင်သလို တကယ်ကြိုးစားတာလည်း ဖြစ်နိုင်တယ်။ ဒါကြီးကို တချိန်မှာ အခြေခံ ဥပဒေ ပြင်ဆင်ချင်တဲ့ အင်အား ပြိုကျလာတဲ့အချိန်အထိ စောင့်ပြီးတော့ ပြင်မလား၊ အခုလို ဖြည်းဖြည်းချင်း ပြင်သွားမလား ဆို တာကို လမ်းကြောင်း ပေးထားတာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ NLD က တပ်ကို ဗီလိန်လုပ်ပြီးတော့ နိုင်ငံရေး အမြတ် ထုတ်တာတင် မဟုတ်ဘူး။ တပ်ကို တကယ် လမ်းဖွင့်ပေးထားတဲ့ သဘောလည်း ပါတယ်”ဟု ၎င်းက သုံးသပ်သည်။
အာဏာရ NLD ပါတီသည် ၎င်းတို့ ရွေးကောက်ပွဲ ဝင်စဉ်က ကတိကဝတ်တခု ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ရွေး ကောက်ပွဲ ကျင်းပရန် ၁ နှစ်အလို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယင်းပါတီ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က အခြေခံ ဥပဒေ စောလျင်စွာ ပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီတခု ဖွဲ့စည်း နိုင်ရေး အဆိုပြုချက်ဖြင့် စတင်ခဲ့သည်။
စတင်ခဲ့သည့် အချိန်မှ စ၍ ယင်းအဆိုကို အတည်ပြုခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်း၊ ကော်မတီ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကော်မ တီ အစီရင်ခံစာ လွှတ်တော်သို့ တင်သွင်းသည်အထိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်တွင် ဆောင်ရွက်ချက်များသည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် မညီဟုဆိုကာ တပ်မတော်က တောက်လျှောက် ကန့်ကွက်မှုသည် ယနေ့ အချိန်ထိ ဖြစ်သည်။
သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့သူတဦး ဖြစ်ပြီး တပ်မတော် တွင် ၂၀၁၀ ပြည့်နှစ်အထိ ၄၅ နှစ်ကြာအောင် ဗိုလ်ချုပ်ကြီး အဆင့်အထိ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်း ဆောင်ခဲ့သူတဦး ဖြစ်သည်။
ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ ဇေယျာသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဋ္ဌ ဘဝတွင် သန်းခေါင်ယံ အာဏာသိမ်းပွဲဟု နာမည်ကြီးသည့် ဖြစ်စဉ်နှင့် ရာထူးမှ ဖြုတ်ချခံရပြီး ရွေးကောက်ပွဲကို သာမန် ပါတီဝင်တဦး အနေဖြင့် ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရသည်။
သို့သော် NLD ပါတီ အာဏာရလာသည့်အခါ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးသည့် ပြည်ထောင်စု လွှတ်တော်၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်း၏ အထူးကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်က တနှစ်တခါ သက်တမ်းတိုးပေးလေ့ ရှိပြီး နောက်ဆုံး ၂၀၁၈ ခုနှစ်တွင်မူ NLD ပါတီ လွှမ်းမိုးထားသည့် လွှတ်တော်က ကန့်ကွက်ခဲ့သဖြင့် ကြိုတင်သိရှိခြင်း မရှိဘဲ ဖျက်သိမ်းပေးခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန်
နိုင်ငံတော်ကို သစ္စာဖောက်ခဲ့သူ မဟုတ်ကြောင်း သူရ ဦးရွှေမန်း ထုတ်ဖော်ပြောဆို
“ခြံခုန်သော သစ္စာဖောက်”ဟု ဝေဖန်မှုများ ရှိသော်လည်း ပြည်သူ့ အကျိုးကိုသာ ကြည့်မည်ဟု ဦးရွှေမန်း ပြော
နေပြည်တော် တပ်မတော် အခမ်းအနားတွေမှာ ဗိုလ်ချုပ်ကြီးတွေ မစုံတာ ဘာကြောင့်လဲ