ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ သာစည်ဆည်အတွင်း သြဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက ရေဆင်းကူးသည့် ၁၀ တန်း ကျောင်းသား ၃ ဦး ရေနစ်၍ ယနေ့နေ့လည်အထိ ပျောက်ဆုံးလျက် ရှိသည်။
ဖြစ်စဉ်မှာ ပြည်မြို့ အ ထ က ၅ ၌ ပညာ သင်ကြားနေကြသော ၉ တန်းနှင့် ၁၀ တန်းကျောင်းသား လူငယ် ၁၁ ဦး သည် ၎င်းတို့၏ သူငယ်ချင်းမွေးနေ့တွင် သာစည်ဆည်သို့ လာရောက်စဉ် ရေဆင်း ကူးရာမှ ၃ ဦးမှာ ရေစီး နှင့်မျောပါ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှာ မောင်ရန်နိုင်ဘုန်းထက်၊ မောင်မျိုးမင်းသူနှင့် မောင်ရဲရင့်သွေး ဟုသိရပြီး ယနေ့ နေ့လည် ၁ နာရီအထိ ပြန်လည် မတွေ့သေး ကြောင်း ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်း ထံမှ သိရသည်။
အဆိုပါ အသင်းမှ ကိုမျိုးနိုင်က “ မနက် ၈ နာရီကတည်းက ၂ ဖွဲ့ခွဲပြီး ရှာနေတာပါ။ တဖွဲ့က မနုဿရှင်ကူအဖွဲ့က သာစည်ဆည်မှာ ရေထဲ ဆင်းရှာနေတယ်။ မိုးမေတ္တာကတော့ ချောင်းတလျှောက် လှေနဲ့ လိုက်ရှာနေပါတယ်။ ခုချိန်ထိတော့ ထူးခြားမှု မရှိသေးပါဘူး။” ဟု ပြောပြသည်။
ရေမနစ်ဘဲ ကျန်ခဲ့သည့် လူငယ် ၈ ဦးကို ယမန်နေ့ ညပိုင်းက ပြည်မြို့ အမှတ် ၃ ရဲစခန်းသို့ ခေါ်ဆောင်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါသာစည်ဆည်သည် ပြည်မြို့အထွက် သဲကုန်းကျေးရွာအုပ်စု၊ ပိန်းတောရွာအနီးရှိ တောင်နဝင်း ဆည်၏ ရေထိန်းတမံ ၁ ခုဖြစ်ပြီး ပွင့်လင်းရာသီရောက်လျှင် ပြည်မြို့နှင့် အနီးတဝိုက်မှ သာစည်ဆည် သို့ လာရောက်ကာ အပန်းဖြေ အနားယူခြင်း ရေကူးခြင်း၊ နွေရာသီ အပူရှောင်ခြင်းတို့ကို လာရောက် ပြုလုပ်သော လူစည်ကားသည့် နေရာ ၁ ခု ဖြစ်သည်။
ဒေသအာဏာပိုင်အဖွဲ့အစည်းများကမူ ထိုနေရာသည် အန္တရာယ်ရှိသောကြောင့် ရေဆင်း မကူးရန် တားမြစ်ထားသည့် နေရာလည်း ဖြစ်သည်။
You may also like these stories:
လူအသေအပျောက်ရှိသည့် အုတ်ဖိုရေကြီးမှု စာသင်ကျောင်းများ ပိတ်ထားရ
ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် ကျောင်းသား ၂ ဦး အလောင်း ပြန်တွေ့
ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် ကိုးတန်းကျောင်းသား သုံးဦး ပျောက်ဆုံးနေ