အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်မည်ကို မနှစ်သက်သဖြင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌကို ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “အဲ့လောက် စစ်ရာဇဝတ်မှုတွေနဲ့ လူထု တရပ်လုံး ဒုက္ခရောက်နေတဲ့ နယ်မြေမှာ လာပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်နေတဲ့ လူတွေကို ထောက်ခံပွဲလုပ်တယ်ဆိုတာ တကယ့် မျက်နှာပြောင် တိုက်ပြီး တကယ့် ရိုင်းစိုင်းတဲ့ လုပ်ရပ်ပဲ။ ဒါကို ကျနော်တို့က သဘောမတူဘူး” ဟု ပြောသည်။
သဘောမတူသည့်အပြင် AA လှုပ်ရှားသည့် နယ်မြေတွင် ထောက်ခံပွဲပြုလုပ်မည်ဆိုပါက AA ထံမှ ခွင့်ပြုချက် တောင်းချက်ခြင်း သို့မဟုတ် နားလည်မှု ရယူရမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
“သူက ဘာမှ ဂရုမစိုက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲ့တာကြောင့် ကျနော်တို့ သူ့ကို မေးမြန်းစရာ တွေလည်း ရှိတယ်”ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
ဘူးသီးတောင်မြို့နယ်၊ NLD ဥက္ကဋ္ဌ ဦးရဲသိန်းသည် ဒီဇင်ဘာ ၁၁ ရက်၊ ညပိုင်းက ပျောက်ဆုံး သွား ခြင်း ဖြစ်သည်။
ဦးရဲသိန်းသည် NLD ပါတီရုံးတွင် အိပ်နေကျ ဖြစ်သဖြင့် ညပိုင်း ပျောက်ဆုံးစဉ်က မသိရှိဘဲ ဒီဇင်ဘာ ၁၂ ရက်မနက်ပိုင်း၊ အိမ်တွင်လည်း မရှိ၊ ရုံးတွင်လည်း မရှိမှ ပျောက်ဆုံးနေသည်ကို သိရှိကြခြင်း ဖြစ်သည်ဟု စစ်တွေခရိုင်၊ NLD ပါတီ ဥက္ကဋ္ဌ ဦးသင်္ခါကျော်က ဧရာဝတီကို ပြောဆို ထားသည်။
ဦးရဲသိန်း မပျောက်ဆုံးခင်က ဘူးသီးတောင်မြို့နယ်အတွင်းရှိ NLD ပါတီဝင်များသည် ICJ တွင် တရားစွဲဆိုခံထားရသည့်အရေးကို သွားရောက် ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြိုဆိုရန် စီစဉ်နေကြသည်ဟုလည်း သိရသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ၎င်း၏ ပါတီဝင်ဥက္ကဋ္ဌ ဦးရဲသိန်းသည် လွတ်လပ် သည့် နိုင်ငံသားတဦးဖြစ်ပြီး ငြိမ်းချမ်းသည့် အလုပ်များ လုပ်နေခြင်းသာ ဖြစ်ကြောင်းနှင့် မည့်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမှ မုန်းတီးရေး ဆောင်ရွက် နေခြင်းမဟုတ်ပါဟု ပြောသည်။
တိုက်ခိုက်ရေးကဏ္ဍဖြင့် မသက်ဆိုင်သည့် ဦးရဲသိန်းကို ဖမ်းဆီးခြင်းကို NLD အနေဖြင့် ဆန့်ကျင်သည့် အပြင် ကန့်ကွက် ရှုံ့ချပါသည်ဟုလည်း ဒေါက်တာမျိုးညွှန့်က ပြောသည်။
ဒေါက်တာမျိုးညွှန့် က “ယခင်ကလည်း ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ခဲ့တာ ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေပါ ။ အဲ့လို လုပ်တော့ ပြည်သူတွေက သူတို့ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်လာတာကို သမိုင်းမှာ အထင်အရှား တွေ့ရပါတယ်။ ဒီလိုလုပ်တာက ပြည်သူကို ခြိမ်းခြောက်ရာလည်း ကျပါတယ်။ လက်နက်ကိုင် ပဋိပက္ခက လက်နက်ကိုင် အချင်းချင်းပဲ ဖြေရှင်းသင့်ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီနှင့် ဒီဇင်ဘာ ၈ ရက် အမေးအဖြေ ပြုလုပ်ရာတွင်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ၎င်းတို့ လှုပ်ရှားသည့် နေရာများရှိ အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများကို စောင့်ကြည့်နေပါသည်ဟု ဖြေဆိုထားသည်။
၎င်းတို့ စောင့်ကြည့်နေသူများထဲမှ တစုံတယောက်က AA ၏ လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ ဆန့်ကျင်ခြင်း များ ပြုလုပ်ပါက AA ဘက်မှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောသည်။
AA သည် နိုဝင်ဘာ ၃ ရက် ကလည်း NLD ပါတီ၏ ပလက်ဝမြို့နယ်၊ လွှတ်တော်အမတ် ဦးဝှေ့တင်းကို ဖမ်းဆီး ခဲ့သည်။ ဦးဝှေ့တင်းက AA ၏ တော်လှန်ရေးလုပ်ငန်းများကို နှောင့်ယှက်ခြင်းများ၊ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရပြီး ယနေ့ထိ လွတ်မြောက်ခြင်း မရှိသေးပါ ။
AA အနေဖြင့် နိုင်ငံရေးသမားများကို ဖမ်းဆီးခြင်းက လွတ်လပ်စွာ ပြောဆိုခွင့်၊ နိုင်ငံရေးအယူအဆ အပေါ် လွတ်လပ်စွာ ရပ်တည်ချက်စသည့် ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် လွဲချော်နေခြင်း ရှိမရှိ မေးမြန်းရာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မြန်မာနိုင်ငံတွင်း အပြောင်းအလဲပြုလုပ်နေသည့် ဒီမိုကရေစီ စနစ်ကို ယုံကြည်မှု မရှိဟု ပြောသည်။
ဆက်လက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “ကျနော်တို့ ရခိုင်ပြည်သူတွေတောင် စစ်ရာဇဝတ်မှုပေါင်း များစွာကို နိုင်ငံတော်အစိုးရဆီမှာ ကျူးလွန်ခံနေရတယ်။ တကယ့် ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေ ကိုယ်တိုင်က ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နယ်မြေမှာ သူများကို ကျူးလွန်တုန်းကတော့ ကျူးလွန်ပြီး ကိုယ်ခံရတဲ့ အချိန်မှာမှ ဒီမိုကရေစီစံချိန်စံညွှန်းတွေ ကို လျောက်ပြော တာကတော့ လက်တွေ့မဆန်ပါဘူး” ဟု ပြောသည်။
ICJ တွင် မြန်မာ့တပ်မတော်အပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများအပေါ် အရေးယူရန် ကြိုးစားသည်ကို AA ၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) တို့ စုဖွဲ့ထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေဖြင့် ထောက်ခံကြောင်း နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်တွင်း နေထိုင်သည့် မွတ်ဆလင်ဘာသာဝင်များအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ပြီး လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု ဆိုကာ အပြည်အပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရသည်။
ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ နယ်သာလန်နိုင်ငံ၊ ICJ တရားရုံးတွင် မြန်မာနှင့် ဂမ်ဘီယာ နှစ်ဖက် အပြန်အလှန် လျှောက်လဲချက်များ တင်ကြရာ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင်သည့် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဖြေရှင်းသွားသည်။
ဒေါ်အောင်ဆန်းစုကြည် ICJ တွင် ဖြေရှင်းနေစဉ် မြန်မာနိုင်ငံတွင်လည်း ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ ပင်းတယ၊ တောင်ကြီး၊ သံတွဲ၊ တောင်ကုတ်နှင့် ထားဝယ် မြို့ကြီးများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း၊ အားပေးကြောင်း ထောက်ခံပွဲများ ပြုလုပ်ရာ လူဦးရေ ထောင်ချီ တတ်ရောက်ခဲ့ကြသည်။
နယ်သာလန် နိုင်ငံ၊ ICJ တရားရုံးရှေ့တွင်လည်း နိုင်ငံတကာရောက် မြန်မာနိုင်ငံသား များက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ဝန်ရံကြသည်ကို တွေ့ရသည်။
တဖက်တွင်လည်း ပြည်တွင်းစစ်ကာလအတွင်း တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ရှုံ့ချသဖြင့် ဂမ်ဘီယာနိုင်ငံဘက်မှ လာရောက်ထောက်ခံသည့် မြန်မာနိုင်ငံသားများလည်း ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံသူ၊ ထောက်ခံသူများအနေဖြင့် စစ်ရာဇဝတ်မှုများ ဖြစ်သည့် လူသတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများကို လာရောက် ထောက်ခံကြခြင်း မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ လေးစားခြင်း၊ တပ်မတော်မှ ကျူးလွန်ခဲ့သည်များကို နိုင်ငံခေါင်းဆောင်တဦးအနေဖြင့် ဦးဆောင် ဖြေရှင်းပေးနေခြင်းကို အားပေးခြင်း တို့ ကြောင့် ထောက်ခံကြခြင်း ဖြစ်သည်ဟုလည်း ပြောဆိုထားကြသည်။
ဆက်စပ်ဖတ်ရှူရန်
ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ ပျောက်ဆုံးနေ