သတင်း

တရုတ်လုပ် ဖရီဂိတ် စစ်သင်္ဘောနှစ်စင်း ဘင်္ဂလားဒေ့ရှ် လက်ခံရယူ

ဘင်္ဂလားဒေ့ရှ် ရေတပ်က တရုတ်နိုင်ငံလုပ် Type-053H3 ဖရီဂိတ်သင်္ဘောများဖြစ်သော ကျာရှောင် Jiaxing (Hull 521) နှင့် လျှန်ယွင်ဂေါင် Lianyungang (Hull 522) တို့ကို ရှန်ဟိုင်းရှိ ကျောင်နန် သင်္ဘောကျင်းတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က လက်ခံရယူခဲ့သည်.

ထိုဒုံးကျည်တင် ဖရီဂိတ်သင်္ဘောနှစ်စင်းကို ဘင်္ဂလားဒေ့ရှ်ဖက်က ၂၀၁၈ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လွှဲပြောင်းပေး အပ်ပွဲ အခမ်းအနားအပြီးတွင် ဘင်္ဂလားဒေ့ရှ်သို့ ခုတ်မောင်းသွားသည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်း စစ်မျက်နှာ စစ်ဌာနချုပ်လက်အောက်ရှိ ရေတပ်၏ ဒုတိယတပ်မှူး အက်ဒမိုင်ရယ် ဘိုင်ယောင်ပင်းနှင့် ဘင်္ဂလားဒေ့ရှ် ရေတပ်ဦးစီးချုပ် အက်ဒမိုင်ရယ် အော်ရန်ဇက် ချောင်ဒရီတို့သည် ရှန်ဟိုင်းတွင် ကျင်းပသည့် ထိုရေယာဉ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

Type 053H3 ဖရီဂိတ် သင်္ဘောများသည် တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော် ရေတပ်၏ ဖရီဂိတ် သင်္ဘောများ တွင် ဒုတိယမျိုးဆက်ဖြစ်ပြီး လေယာဉ်ပစ်ဒုံးကျည်စနစ်များ တပ်ဆင်ထား သည်။ တရုတ်နိုင်ငံသည် Type 053H3 ဆယ်စင်းတည်ဆောက်ခဲ့သည်။ လက်ရှိအချိန်အထိ တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် ရေတပ်သည် ထို ဖရီဂိတ် စစ်သင်္ဘော ၈ ဆင်းပိုင်ဆိုင်ထားသည်။

တရုတ်နိုင်ငံမှ အနားပေးတော့မည့် Type 053H3 ဖရီဂိတ် စစ်သင်္ဘော နှစ်စင်းဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၈ ခုနှစ် ဇွန်လက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်တွင် ထို ဖရီဂိတ် စစ်သင်္ဘောနှစ်စင်းကို တရုတ်နိုင်ငံက အနားပေးကာ ပြန်လည်ကြံ့ခိုင်အောင် လုပ်ဆောင်ခဲ့သည်။

ထို စစ်သင်္ဘောနှစ်စင်းကို ဘင်္ဂလားဒေ့ရှ် ရေတပ်သို့ ရောက်ရှိသောအခါ BNS-Omar Farooq နှင့် BNS-Abu Ubaidah ဟု တရားဝင် အမည်ပြောင်းမည်ဟု သိရသည်။

ထိုတရုတ်လုပ် ဖရီဂိတ် စစ်သင်္ဘောများ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးတွင် အသုံးပြုနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်ရေးလေ့လာသူများက ရေးသားကြသည်။

သတင်းများအရ ယခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်သည် တရုတ် မြောက်ပိုင်းစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် 44 Type VT-5 အပေါ့စား တင့်ကားများ ဝယ်ယူမည်ဟု ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

မြန်မာ့ တပ်မတော်(ရေ)မှ ရုရှားလုပ် ကီလိုအမျိုးအစား ရေငုပ်သင်္ဘော ဝယ်ယူပြီးသည့် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ရေတပ်သည်လည်း ဖရီဂိတ်စစ်သင်္ဘော ဝယ်ယူဖြည့်ဆည်းခြင်းဖြစ်ပြီး မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်သည့် ဘင်္ဂလားဒေ့ရှ် စစ်ဘက်အကြီးအကဲ့ ဗိုလ်ချုပ်ကြီး အဇစ်ကမူ မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေး ကောင်းလိုကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

မြန်မာနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘော တပ်တော်ဝင်ရန် ရှိ

တပ်တော်ဝင် လေယာဉ်သစ်များကြောင့် ဒေသတွင်း၌ အင်အားရှိလာဟု ဆို

Loading