မန္တလေးတိုင်းဒေသကြီး အနေဖြင့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်အား စောင့်ကြည့် ကာကွယ်နိုင်ရန် ပြင်ဆင်ပြီး ဖြစ် ကြောင်း တိုင်းဒေသကြီး ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
“တရုတ်နိုင်ငံနဲ့က အိမ်နီးချင်း ဖြစ်သလို နှစ်နိုင်ငံ ဟိုဘက်ဒီဘက် ကူးလူးဆက်ဆံပြီး အလုပ်လုပ် နေကြတဲ့ သူတွေ လည်း မနည်းဘူးရှိတယ်။ အဲဒီလိုပဲ တရုတ်တိုးလ်တွေကလည်း နေ့စဉ် ဒီမှာဝင်ထွက် နေတာက ထောင်ကျော်ရှိတယ်။ ဒါကြောင့် မန္တလေးတိုင်းအနေနဲ့ ဒီဗိုင်းရပ်စ် ကာကွယ် စောင့်ကြည့်ဖို့အတွက် လိုအပ် တာတွေ ပြင်ဆင်ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၂၇ ရက်က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်၍ Surveillance Response Team (SRT) အဖွဲ့အား မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်အား ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးကာ တိုင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ကျန်းမာရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွား၊ အထွေထွေအုပ်ချုပ်ရေး အစရှိသော ဆက်စပ်ဌာနများ ပါဝင်ဖွဲ့စည်းခဲ့ သည်ဟု သိရသည်။
အဆိုပါအဖွဲ့က မန္တလေးတိုင်းသို့ လေကြောင်း၊ ကုန်းကြောင်းဖြင့် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ဧည့်သည်များ အား မန္တလေးလေဆိပ် သာမက ပြင်ဦးလွင် အထွက်ရှိ ဝက်ဝံကျေးရွာ အနီးတွင် ကျန်းမာရေး စစ်ဆေးရေး စခန်း ဖွင့်လှစ်ကာ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် သွားမည်ဟု သိရ သည်။
ထို့အတူ ဟိုတယ်နှင့်တည်းခိုခန်းများတွင် တည်းခိုနေထိုင်သော တရုတ်နိုင်ငံသားများ၏ ကျန်းမာရေး သံသ ယ ဖြစ်ဖွယ် တစုံတရာ တွေ့ရှိပါက SRT အဖွဲ့အား အချိန်မရွေး အကြောင်းကြားရန် သက်ဆိုင်ရာအဖွဲ့ အသီးသီးထံ ညွှန်ကြားထားပြီး ဖြစ်သည်ဟု ဝန်ကြီးဦးဇာနည်အောင်က ရှင်းပြသည်။
“သံသယရှိလူနာတွေ့ရင် SRT အဖွဲ့ကို အကြောင်းကြားပြီး စနစ်တကျနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဖို့၊ ပြီးတော့ တကယ်လို့ သံသယဖြစ်ဖွယ် လူနာတွေ့ရရင်လည်း သီးသန့်ကုသမှု ပေးနိုင်ဖို့ ဆေးရုံ ၁ ခု စီစဉ်ထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ မန္တလေးလေဆိပ်တွင် တရုတ်လေကြောင်းလိုင်း ၇ လိုင်း ဆက်သွယ်ပျံသန်းခြင်းကို ယာယီ ရပ်နား ထားပြီး ကုန်းလမ်း၊ ရေလမ်းများတွင်လည်း လိုအပ်သော စစ်ဆေးမှုများ စတင်သွားမည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
မန္တလေးကျောက်ဝိုင်းတွင် အရောင်းအဝယ်လုပ်နေသော ကျောက်ကုန်သည် ကိုဖြိုးက “မန္တလေးမှာ တရုတ် အဝင် အထွက် အများဆုံးနေရာက ကျောက်ဝိုင်းပဲလေ။ အဲဒီတော့ အခုလို အချိန်မှာတော့ အဝင်အထွက် ဂိတ်ပေါက်တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေကို စစ်ဆေးပေးရင်တော့ ဝိုင်းမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် ကြိုတင်ကာကွယ်မှု တခု ရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံ့လာသည့် ကိုရိုနာ ကူးစက်မြန်ဗိုင်းရပ်စ်ပိုးသည် တရုတ်နိုင်ငံ သာမက အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ကမ္ဘောဒီးယား စသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ကူးစက် ပျံ့နှံ့လျက်ရှိပြီး အဆိုပါဗိုင်းရပ်စ်ကြောင့် ယနေ့အထိ သေဆုံးသူ ၁၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်လာမည်ကို စိုးရိမ်သဖြင့် တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် ကချင်ပြည်နယ်၊ ကန်ပိုက်တီးရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းကို မြန်မာနိုင်ငံဘက်က ယမန်နေ့မှစ၍ ယာယီပိတ်လိုက်ပြီဖြစ်သည်။
ဆက်စပ်လင့်-
ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်
ကိုရိုနာဗိုင်းရပ်စ်နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ရောဂါဆန်း
အပ်ကြောင်းထပ်နေသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ကျော်လွန်၍