COVID-19 ရောဂါနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ အတွင်းသို့ လာရောက် တွေ့ဆုံသည်မှာ လက်ဆောင်ပစ္စည်းများ ပေးရုံသာ ဖြစ်ပြီး မြေပြင်တွင် ပူးတွဲဆောင်ရွက်ရန် ညှိနှိုင်းခြင်းများ မရှိသေးကြောင်း KIA ဘက်က ပြောသည်။
တပ်မတော်သည် မေ ၂၀ ရက်က KIA ၏ ထိန်းချုပ် နယ်မြေ မိုင်ဆပ်ပါ ကျေးရွာသို့ လာရောက်ပြီး KIO ၏ COVID-19 ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီနှင့် တွေ့ဆုံခဲ့သည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “မနေ့ကတော့ ထူးထူးထွေထွေ ဘာမှ မဆွေးနွေး ပါဘူး။ စစ်ရေးကိစ္စ၊ နိုင်ငံရေးကိစ္စတွေ ဘာမှ မဆွေးနွေးပါဘူး။ ကိုဗစ်ရောဂါ ကာကွယ် နှိမ်နင်းရေးနဲ့ ပတ်သက်လို့ တချက်ပဲ ပြောခဲ့ဆွေးနွေးခဲ့ပါတယ်။ ဘယ်အချိန်မှာ ဘယ်လို လုပ်မယ် ဆိုတာတော့ လက်တွေ့မှာ ညှိနှိုင်းတာ မရှိပါ ဘူး”ဟု ပြောသည်။
KIA သည် ၎င်းတို့၏ ထိန်းချုပ် နယ်မြေတွင်း COVID -19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ကော် မတီဖွဲ့ကာ ဆောင်ရွက်နေပြီး အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည် ဆိုပါက မြေပြင်တွင် အခက်အခဲများ ရှိနေကြောင်း ပြောဆိုထားသည်။
KIA သည် အစိုးရ၊ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိသဖြင့် အစိုးရနှင့် မြေပြင်တွင် ပူးပေါင်းဆောင်ရွက်ပါက မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၊ ပုဒ်မ ၁၇ (၁) က အဟန့်အတား ဖြစ် နေကြောင်း ပြောဆိုထားသည်။
သို့သော် မေ ၂၀ ရက်က တပ်မတော်နှင့် တွေ့ဆုံရာတွင် ၁၇(၁) ကိစ္စနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုဆွေးနွေး ခြင်း မရှိဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “အဲဒီရောဂါကတော့ အားလုံး ဝိုင်းဝန်း တိုက်ထုတ်ရမယ့် တာဝန်ဖြစ်ပါတယ်။ အစိုးရ၊ တပ် မတော်က ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးနဲ့ အတူ တိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သဘောထား ဖြူစင်စွာနဲ့ ကိုဗစ်ရောဂါကို ရှေးရှုပြီး အားလုံး ဝိုင်းလုပ်ရင်တော့ ပြည်သူလူထုအတွက် ကျနော်တို့ တိုင်းပြည်အတွက် ပိုပြီး အကျိုးရှိမယ်လို့ ပြောလိုပါတယ်” ဟုလည်း ပြောသည်။
မြေပြင်တွင် လက်တွေ့ ပူးပေါင်းမည်ဆိုပါက ၁၇(၁) ကိစ္စကိုလည်း ညှိနှိုင်းရမည် ဖြစ်ကြောင်းနှင့် မေ ၂၀ ရက်တွင် လာ ရောက် တွေ့ဆုံခြင်းမှာ တွေ့ရုံသက်သက်သာ ဖြစ်ပါသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တပ်မတော်နှင့် KIA ကြား ဆက်ဆံရေးနှင့် ပတ်သက်၍ မေးမြန်းရာ ဗိုလ်မှူးကြီး နော်ဘူက “တပ်မတော်က စစ်ရေးနဲ့ ပတ်သက်လို့ကတော့ ရှုထောင့် အမျိုးမျိုးနဲ့ လာတာ ဖြစ်မှာပေါ့။ သူတို့ပြောတာကတော့ ကိုဗစ်ကိစ္စ သက်သက်လာ တာလို့တော့ ပြောပါတယ်။ ဒါပေမယ့် စစ်ရေးရှုထောင့်နဲ့ ပတ်သက်လို့ သူတို့ ကြည့်စရာတွေ စုံစမ်းစရာတွေကတော့ သူတို့ ကြည့်သွားမှာပါ။ ဒါကတော့ သူတို့ဘက်ကပဲ ဖြစ်ပါတယ်”ဟု ဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ မိုင်ဆပ်ပါ သို့ သွားကာ KIA နှင့် တွေ့ဆုံပြီး ဆွေးနွေးသည့်အပေါ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူ ဒါန်းခြင်း ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ထားသည်။
တပ်မတော်ဘက်မှ Surgical Mask အခု ၂၀၀၀၀ ၊ N95 Mask အခုရေ ၁၀၀၀ ၊ Face Shield-၂၅၀၊ Bleaching Powder ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ အစုံ ၅၀၀၊ Surgical Gloves အခု ၁၀၀၀ ၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူး အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ပေးလိုက်သည့် စားသောက် ဖွယ်ရာများကိုလည်း KIA ဘက်သို့ ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။
တပ်မတော်သည် ခိုင်မာသော အဖွဲ့အစည်းတခုဖြစ်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် လိုအပ် လာပါက အကူအညီ တောင်းခံသွားမည်ဟု ပြောပြီး COVID-19 အတွက် ပူးပေါင်း ဆောင်ရွက်ရာမှတဆင့် ငြိမ်းချမ်း ရေး၊ တိုင်းရင်းသား စည်းလုံးရေး တို့ကို ပိုမို ဆောင်ရွက်သွားနိုင်မည်ဟုလည်း KIA ဘက်မှ ပြောကြောင်း တပ်မတော် ၏ သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ဘက်မှ နေပြည်တော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် ခွန် သန့်ဇော်ထူး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိများ ပါဝင်ပြီး KIA ဘက်မှ COVID-19 ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီ၊ ဥက္ကဋ္ဌ ဦးဆွတ်လွတ်ဂမ်၊ ဒု ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် တို့က တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
တွေ့ဆုံပွဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဦးဆောင်လာခြင်း မဟုတ်ဘဲ နေပြည်တော်၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း) မှ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးက ရဟတ်ယာဉ်ဖြင့် နေပြည်တော်မှ လာရောက် တွေ့ဆုံခြင်း ဖြစ်သည်။
တပ်မတော်နှင့် KIA တို့ တွေ့ဆုံနိုင်ရန် ကြားဝင် ချိတ်ဆက်ပေးသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ အဖွဲ့ဝင်များလည်း တွေ့ဆုံပွဲတွင် ပါဝင်ကြသည်။
တွေ့ဆုံပွဲနှင့် ပတ်သက်၍ PCG မှ ဦးဆန်အောင်က “တပ်မတော်က လိုအပ်တဲ့ အကူအညီရှိရင် ကူညီဖို့ အသင့်ရှိပါ တယ် ဆိုတာလောက်ပဲ ပြောပါတယ်။ အသေးစိတ်ကတော့ ဆွေးနွေးတာ မရှိပါဘူး။ စေတနာသန့်သန့်နဲ့ ကူညီတာပါ။ နောက်နောင် လိုအပ်တဲ့ အကူအညီရှိရင်လည်း ကျနော်တို့ ကူညီဖို့ အဆင်သင့် ရှိပါတယ် ဆိုပြီး ပြောပါတယ်” ဟု ဆို သည်။
KIA ဘက်မှလည်း ပစ္စည်းများ ကူညီပေးသည်ကို ကျေးဇူးတင်ပြီး ကူညီပေးသည်များကို ကောင်းကောင်း အသုံးပြု မည် ဖြစ်ကြောင်းနှင့် COVID-19 ရောဂါအတွက် ပူးပေါင်းဆောင်ရွက်မှုမှ တဆင့် ငြိမ်းချမ်းရေး အတွက် ခြေလှမ်း ကောင်းများ ဖြစ်လာစေရန် မျှော်လင့်ကြောင်း တို့ကို ပြောဆိုသည်ဟုလည်း ဦးဆန်အောင်က ပြောသည်။
တပ်မတော်ဘက်မှ COVID-19 ရောဂါနှင့် ပတ်သက်၍ KIA ကို လက်ဆောင်ပစ္စည်းများ ပေးလိုကြောင်းနှင့် တဆင့် ချိတ်ဆက်ပေးရန် PCG ကို ဆက်သွယ်လာသဖြင့် တွေ့ဆုံပွဲ ဖြစ်မြောက်သွားခြင်း ဖြစ်သည်ဟုလည်း ဦးဆန်အောင် က ဆိုသည်။
တပ်မတော်သည် KIA နှင့် တွေ့ဆုံခြင်း မတိုင်မီ မေ ၁၀ ရက်ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် (NDAA) ခေါင်းဆောင်တို့ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တြိဂံတိုင်း စစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံပြီး COVID-19 ကိစ္စများတွင် ကူညီပေးမည်ဟု ပြောဆိုသည်။
UWSA နှင့် NDAA တို့သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် COVID-19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေး များ လုပ်နေကြရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန် ပြောဆိုပြီး တပ်မတော်၊ ဆေးတပ်ဖွဲ့များကိုလည်း UWSA နှင့် NDAA နယ်မြေများ အတွင်းသို့ လွှတ်ပေးခဲ့သည်။
အစိုးရဘက်မှ နိုင်ငံတော် နယ်မြေ ပိုင်နက်အတွင်း နေထိုင်သူ တဦးတယောက်ကိုမှ ချန်လှပ် မထားရေး မူဝါဒဖြင့် ဆောင်ရွက်နေသည် ဟုဆိုကာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများအတွင်း COVID-19 ကာကွယ်၊ ကုသရေး နှင့် ထိန်းချုပ်ရေး တို့တွင် ပူးပေါင်း လုပ်ဆောင်ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ဒု ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ကော်မတီ တရပ်ကို ဖွဲ့စည်းထားသည်။
NRPC ၏ လမ်းညွှန်ချက်အရ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီး ဦးနေဝင်း ဦးဆောင်သည့် အဖွဲ့သည် မေ ၁၃ ရက်က KIA ၏ COVID-19 နှိမ်နင်း ကာကွယ်ရေး ကော်မတီနှင့် တွေ့ဆုံကာ ရောဂါခြေချုပ်နေသူများအတွက် ငွေ ကျပ် ၅၇ သိန်း၊ Surgical Mask နှင့် လက်ကမ်း စာစောင်များ ပေးခဲ့သည်။
သို့သော် ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော် က KIA မှ အကူအညီ တောင်းသဖြင့် ငွေကြေးနှင့် အကူ အညီ ပစ္စည်းများ ပေးရသည်ဟု မြစ်ကြီးနားမြို့ အခြေစိုက် Voice Of Malikha News Agency ကို မေ ၁၄ ရက်က ဖြေဆိုလိုက်သည်။
KIA ဘက်မှ ၎င်းတို့ အကူအညီ မတောင်းဘဲ တောင်းသည်ဟု ပြောသဖြင့် မကျေမလည် ဖြစ်ကာ ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံသို့ ငွေကျပ် ၅၇ သိန်း၊ Surgical Mask နှင့် လက်ကမ်းစာစောင်များကို ကချင်ငြိမ်းချမ်းရေး အကျိုး တော်ဆောင် အဖွဲ့ (PCG)မှ တဆင့် မေ ၁၈ ရက်တွင် ပြန်ပေးလိုက်သည်။
ဦးဆန်အောင် က “ကြားထဲမှာ ပြေလည်အောင် ဖြေရှင်းဖို့ ကျနော်တို့က အကြံပြုတာ ရှိပါတယ်။ ဘာမှ ဖြေရှင်းလာတာ မဟုတ်တော့ တပတ်လောက်ကြာတော့ လူတွေက အမျိုးမျိုးပေါ့။ KIO ဘက်ကလည်း သိက္ခာကျစရာ၊ ဆဲဆိုခံရတာ တွေ ဖြစ်လာတော့၊ တောင်းပန်တာ ပြေလည်အောင် လုပ်တာ မရှိတော့ ပြန်ပေးလိုက်တဲ့သဘော ဖြစ်သွားတာပေါ့” ဟု ပြောသည်။
အစိုးရနှင့် KIA ကြား ထိုသို့ မပြေမလည် ဖြစ်ပြီး ပစ္စည်းများ ပြန်ပို့လိုက်ရသည့် ဖြစ်ရပ် အပေါ်တွင်လည်း ကြားဝင် ဆောင်ရွက်ရသည့် PCG အနေဖြင့် စိတ်မကောင်းဖြစ်ရပါသည်ဟု ၎င်းက ဆိုသည်။
မပြေမလည် ဖြစ်သွားသည့် ကိစ္စရပ်များရှိသော်လည်း အစိုးရနှင့် KIA ကြား COVID-19 ရောဂါ နှင့် ပတ်သက်၍ မူ အားဖြင့် ဆက်လက် ပူးတွဲ လုပ်ဆောင်မည်ဖြစ်ပြီး သတင်း အချက်အလက်များ ဖလှယ်ရန် ရှိလာပါကလည်း အပြန် အလှန် ဖလှယ်ကြမည်ဟု KIA ထံမှ သိရသည်။
KIA သည် ၎င်းတို့ ထိန်းချုပ် နယ်မြေတွင်း ရောဂါ ကူးစက်မှုများ မရှိစေရန် ဧပြီမှ စ၍ နယ်စပ်ဂိတ်နှင့် အစိုးရ ဒေသ တွင်းမှ အဝင် အထွက်များကို ကြီးကြပ်ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
အခြားဒေသ အသီးသီးသို့ သွားပြီး KIA ထိန်းချုပ်နယ်မြေ အတွင်းသို့ ဝင်လာသူ အားလုံးကိုလည်း ရောဂါခြေချုပ်စခန်း (Quarantine Center) တွင် ၂၁ ရက် စောင့်ကြည့်ပြီးမှ ဒေသတွင်းသို့ ဝင်ခွင့်ပြုသည်ဟု သိရသည်။
လက်ရှိတွင် KIA ထိန်းချုပ်နယ်မြေ အတွင်း ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်ထားသူဦးရေ ၁၅၀ ခန့် ရှိသည်ဟု သိရ သည်။
KIA သည် COVID-19 ရောဂါနှင့် ပတ်သက်၍ သံသယလူနာ ရှိလာပါက လိုင်ဇာမြို့တွင် ကုသရန်လည်း ပြင်ဆင် ထားသည်။
ရောဂါ ကူးစက်ခံရသူ ရှိလာပါက သီးခြားခွဲပြီး ကုသရန်အတွက်လည်း ဆေးရုံသစ် တခုကို တည်ဆောက်ထားပြီး သံ သယလူနာရှိပါက ၎င်းတို့ ဆေးရုံတွင် ကနဦး စစ်ဆေးကာ လိုအပ်ပါက တရုတ်နိုင်ငံတွင် တို့ဖတ် နမူနာပို့ စစ်ဆေးရန် လည်း ပြင်ဆင်ထားသည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ပုဒ်မ ၁၇(၁)ကြောင့် ကိုဗစ်အရေး အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်မပြေဟု KIA ပြော
COVID-19 ကာကွယ်ကုသရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးတွဲလုပ်ရန် အစိုးရ ကော်မတီဖွဲ့
ဘုံရန်သူ COVID-19 ကို ပူးပေါင်းတိုက်ထုတ်၍ ငြိမ်းချမ်းရေး ယူပေးသင့်သည်