လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်မရှိကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ဧရာဝတီကို ပြောသည်။
“ကိုယ်စားလှယ်လောင်း အရွေးခံဖို့ လျှောက်လွှာတင်တယ် ဆိုတာမဟုတ်ပါဘူး။ ကျနော်မတင်ပါဘူး။ ဝင်ပြိုင်ဖို့လည်း အစီအစဉ် မရှိပါဘူး ခင်ဗျ။ ကျနော်ဘာကိုမှ ကြိုမပြောပါရစေနဲ့ဦး” ဟု ဒေါက်တာရဲလွင်က ပြောသည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်း ကိုယ်ပိုင်မျက်စိဆေးခန်းဖွင့်လှစ်ထားသူ ဒေါက်တာရဲလွင်သည် မန္တလေး တိုင်း အစိုးရအဖွဲ့ဝင်၊စည်ပင်သာယာရေးဝန်ကြီးသည် တာဝန်စတင် ထမ်းဆောင်စဉ်က ဝေဖန်ခံရမှုများ ရှိခဲ့သော် လည်း မြို့ပြုပြင်ပြောင်းလဲရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်မှုများကြောင့် လူထု၏ ထောက်ခံမှုကို ရရှိနေ သူလည်း ဖြစ်သည်။
ဒေါက်တာရဲလွင်သည် လာမည့် ရွေးကောက်ပွဲ၌ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှ ဝင်ရောက် အရွေးချယ် ခံရန်အတွက် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ပြီးခဲ့သည့်သီတင်းပတ်က လျှောက်လွှာတင်ထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ကောလာဟလများသာ ဖြစ်သည်ဟု သိရသည်။
မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှုးဦးတင်ကိုကိုက “ကိုယ်စားလှယ်တွေ လျှောက်လွှာ တွေကလည်း အခုမှ လက်ခံနေတုန်းဆိုတော့ အဲဒီကိစ္စက ကျနော်တို့တိုင်းရုံးက မသိရသေးပါဘူး။” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးမြို့ခံ အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်သော ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်းမှ ကိုတေဇာစန်းက လက်ရှိမြို့တော်ဝန် တာဝန်ယူပြီး နောက်ပိုင်းတွင် မြို့ပြစနစ်သည် ယခင်ထက်ပိုမိုကောင်းမွန်လာသဖြင့် သိသာသည့် အပြောင်းအလဲကို တွေ့ရကြောင်း၊ လူမှုကွန်ရက်ကို အသုံးပြုကာ ပြည်သူလူထုနှင့် အမြဲတစေ ထိတွေ့ဆက်ဆံကာ သတင်းစကားများ ပြောကြားပေးခြင်း၊ လူထုဆီမှ အကြံဉာဏ်တွေကို ရယူခြင်းက ကောင်းမွန်သည့် အပြောင်းအလဲ များဖြစ်ကြောင်း ထောက်ပြသည်။
သို့သော် မန္တလေး ပြင်ပ အခြားမြို့နယ်များ၏ စည်ပင်သာယာရေးလုပ်ငန်းများ အတွက်လည်း တာဝန်ရှိသူ ဖြစ်သော် လည်း ယင်းဒေသများတွင်မှု သိသာထင်ရှားသည့် ပြောင်းလဲမှုများအား မတွေ့ရကြောင်းလည်း ဆက်လက် သုံးသပ် သည်။
၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေအရ ဝန်ကြီးချုပ်မှ အပ အခြားဝန်ကြီးများအား ရွေးကောက်ခံမဟုတ်သောသူများကို ခန့်အပ်နိုင်သလို ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရတက်လာချိန်တွင် တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား ရွေးကောက်ခံကိုယ်စားလှယ်များ သာမက ပြင်ပပညာရှင်အချို့ကိုလည်း ရွေးချယ်၍ အဆိုပြု ခန့်အပ်ခဲ့ရာ ဒေါက်တာရဲလွင်သည်လည်း ၁ ဦး အပါအဝင် ဖြစ်ခဲ့သည်။
ဆက်စပ်လင့်
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
လာမည့်ဘဏ္ဍာနှစ် မန္တလေးမြို့တွင်း လမ်းမီးများ အားလုံးလင်းမည် ဟုဆို