ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနှင့် ဆင်တူသည်ဟုဆိုကာ အငြင်းပွားဖွယ်ဖြစ်နေသည့် ကျောက်စိမ်းဆင်းတုတော် မှာ ဝိနည်းများနှင့် ညီညွတ်မှုရှိကြောင်း ရွှေတိဂုံစေတီတော် ဩဝါဒဆရာတော်ကြီးများက ဆုံးဖြတ်မိန့်ကြားခဲ့ကြောင်း ဂေါပကအဖွဲ့က ပြောသည်။
ဆင်းတုတော်နှင့် ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ဩဝါဒဆရာတော်ကြီးများဖြစ်သည့် ယောဆရာတော်၊ ကျိုက် ပိဆရာတော်၊ အင်းစိန်းဆရာတော်၊ ရန်ကုန်တိုင်းသံဃနာယက ဥက္ကဋ္ဌ ဆရာတော် တို့အပါအဝင် ဆရာတော်ကြီး ၁၀ ပါးလုံးက ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့မွန်းလွဲပိုင်းက သွားရောက်ကာ ကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။
ဂေါပကအဖွဲ့ဝင် ဒေါက်တာရဲအောင်က “ဘုရား၊ စေတီတဆူက လွယ်လွယ်နဲ့ဖျက်လို့မရပါဘူး။ အဓိကတော့ မုဒြာ (ကိုယ်နေဟန်ထား) ကိုကြည့်တာပေါ့၊ မုဒြာနဲ့ ညီညွတ်ရဲ့လား၊ ဆင်းတုတော်ရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်ရဲ့လား ကြည့်ရှုကြတာပေါ့၊ ပိဋိကတ်တော်အတိုင်း ထုထားတာဖြစ်တယ်ဆိုပြီး ဩဝါဒပေးခဲ့တာပေါ့။ ဘယ်ဟာမှ အမှားမ ရှိပါဘူးဆိုပြီး သုံးသပ်သွားတယ်၊ ဝိနည်းနဲ့ညီနေတဲ့ ဘုရားတဆူက သွားဖျက်လို့မရပါဘူး” ဟု ရှင်းပြသည်။
အဆိုပါ ဆင်းတုတော်သည် ရွှေတိဂုံစေတီတော်၊ စနေထောင့်ရှိ ပုညကုသလအသင်း ဓမ္မာရုံတွင် တည်ရှိပြီး ၁၉၉၉ ခုနှစ်တွင် သတ္ထုတွင်းဝန်ကြီးဌာနက ထုလုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဆင်းတုတော်၏ ဉာဏ်တော်အမြင့်မှာ ၁.၅ မီတာနှင့် အလေးချိန်မှာ ၃၂၄ ကီလိုဂရမ်ရှိပြီး ပတ္တမြား ၉၁ ပွင့်၊ စိန် ၉ ပွင့်၊ ရွှေ ၂၅၀၀.၂၈ ဂရမ်တို့ဖြင့် ထည့်သွင်းပုံဖော်ထားကြောင်း ဆင်းတုတော်သမိုင်းတွင်း ဖော်ပြထားသည်။
ဆင်းတုတော်များနှင့်ပတ်သက်ပြီး ဩဝါဒဆရာတော်ကြီးများက အန္ဒိယနိုင်ငံရှိ ဆင်တုတော်များမှာ အန္ဒိယ ယဉ် ကျေးမှုဟန် လွှမ်းမိုးတတ်ကြောင်း၊ ထိုင်းနိုင်ငံရှိ ဆင်တုတော်များမှာ ထိုင်းယဉ်ကျေးမှုဟန် လွှမ်းမိုးတတ်ကြောင်း တို့ကို ဥပမာပေးကာ မိန့်ကြားခဲ့ကြောင်းလည်း ဒေါက်တာရဲအောင်က ရှင်းပြသည်။
ပြီးခဲ့သည့် ဇူလိုင် ပထမပတ်အတွင်းက နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃ နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝံတောင်ဘုရားပရဝုဏ်အတွင်းရှိ ဆင်တုတော် ၆၇ ဆူမှာ ထေရဝါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီခြင်း၊ လောကီအကျိုးအတွက် ဗေဒင်ယတြာအစီအမံများနှင့် ပေါင်းစပ်ပြုလုပ်ထားခြင်းတို့ကြောင့် ကြည်ညိုဖွယ်မဆောင်သည့်အတွက် ဖယ်ရှားရှင်းလင်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့သည်။
ယင်းအပြင် ပဋိကတ်တော်လာ ကျမ်းဂန်များနှင့် ကိုက်ညီမှုမရှိဘဲ ကြည်ညိုဖွယ်မဆောင်သည့် ဘုရားစေတီများအား ကျမ်းဂန်များနှင့်ညီညွတ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားထားသည်။