မြန်မာနိုင်ငံသို့ ပြန်လာရန် ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် စောင့်ဆိုင်းနေရသည့် အလုပ်သမားများကို ရွေးကောက်ပွဲ အမီ ပြန်ခေါ်ရေး အတိုက်အခံ ကြံ့ခိုင်ရေးပါတီ၏ အရေးကြီးအဆိုသည် နိုင်ငံရေးအရ ရိုးသားမှု မရှိသဖြင့် မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာ အလုပ်သမား များအား တပ်မတော် သယ်ယူပို့ဆောင်ရေး ရေယာဉ်၊ လေယာဉ်များအသုံးပြု၍ မိမိဆန္ဒအရ လွတ်လပ်စွာ မဲပေး နိုင်ရေး ရွေးကောက်ပွဲ အမီ ပြန်လည်ခေါ်ဆောင်ရန် တိုက်တွန်းကြောင်း အရေးကြီး အဆိုမှာ အာဏာရပါတီ၏ ထောက်ခံမှု မရသဖြင့် အဆိုတင်သွင်းခွင့် မရဘဲ ရှုံးနိမ့်ခဲ့သည်။
ယင်းအရေးကြီးအဆိုကို ကြံ့ခိုင်ရေးပါတီမှ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မနေ့ က လွှတ်တော် အစည်းအဝေးသို့ လွှတ်တော်ဥက္ကဌထံ လက်မှတ်ရေးထိုး တင်ပြခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်ဥက္ကဌ ဦးတီ ခွန်မြတ်က ယင်းအရေးကြီးအဆိုကို လွှတ်တော်သို့ ပြန်လည် တင်ပြပေးခဲ့သည်။
“မရိုးသားဘူး။ သူတို့က အချိန်ကွက်တိဖြစ်အောင် လုပ်တာ။ နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင် လုပ်နေတာ အားလုံး သိပြီး သားပဲလေ။ အဲဒါကြောင့် ကျနော်တို့က ကန့်ကွက်လိုက်တာ။ သူများနိုင်ငံကို တပ်က လေယာဉ်တွေ၊ သဘောင်္တွေနဲ့ သွား ဝင်ဖို့ ဆိုတာ မလွယ်ဘူးလေ။ ကျနော်တို့ နာဂစ်ဖြစ်တုန်းကရော အဝင်ခံခဲ့လို့လား”ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်းက ပြောသည်။
NLD အမတ်များ အဓိက ထောက်ပြသည့်အချက်မှာ အစိုးရက ဆောင်ရွက်လျက်ရှိပြီးသား ကိစ္စရပ်တခုကို အရေးကြီး အ ဆိုအဖြစ် ပုံကြီးချဲ့ ခြင်း၊ တပ်မတော်၏ ရေယာဉ်၊ လေယာဉ်များ အသုံးပြုခိုင်းခြင်း၊ ယင်းနေရပ်ပြန်များအတွက် မြန်မာက မည်ကဲ့သို့ စီစဉ်ပေးရမည့် ဆိုသည့် အသေးစိတ် အစီအစဉ်မျိုး အဆိုတွင် မပါဝင်ခြင်းတို့ ဖြစ်ကြောင်း ပြောကြသည်။
ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ကော်မတီဝင် ဒေါ်ဖြူဖြူသင်းက“အကုန်လုံး သိနေတာပဲ။ မရိုးသားဘူး ဆိုတာ ကတော့ . . . အကုန်လုံးလည်း စနစ်တကျနဲ့ ပြန်ခေါ်နေတာပဲ။ မခေါ်ဘူးလို့လည်း တခါမှ မပြောဘူး။ ခေါ်လည်း ခေါ်နေ တယ်။ လုပ်လည်း လုပ်နေပြီးသား။ ပြောရရင် တပ်မတော်ကကူညီပြီးတော့ လေယာဉ်တွေနဲ့ ရောက်လာလို့ အုံလိုက်ကျင်း လိုက်ဆိုရင် ဒီမှာရော ဘယ်လောက် အဆင်သင့်ဖြစ်လဲဆိုတာ ရှိတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “အရင်လို လေယာဉ်နဲ့ သွားခေါ်ပြီး ချလိုက်လို့ ရတာ မဟုတ်ဘူး။ ကျန်းမာရေးအရ ၂၁ ရက် စောင့်ကြည့်ဖို့ လိုတယ်။ အစရှိသဖြင့် လုပ်ရမယ့် Process တွေ အများကြီး ရှိတယ်။ အဲဒါတွေ လုပ်ဖို့ မေ့နေသလားလို့တောင် ထင်ရ တယ်။ တင်လိုက်တဲ့အဆိုကလေ”ဟု ပြောသည်။
ထို့ပြင် ယင်းလုပ်သားများ မြန်မာနိုင်ငံသို့ မဲလာထည့်ရန်အတွက်လည်း ပြန်ခေါ်စရာ မလိုသေးဘဲ သက်ဆိုင်ရာ သံရုံးများမှ တဆင့် ကြိုတင်မဲများ ပေးနိုင်ရန် အစိုးရက စီစဉ်ပေးလျက်ရှိကြောင်း NLD ကိုယ်စားလှယ်များက ပြောသည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးကလည်း“ဒီဘက်ကလည်း ဘယ်လိုမြင်လဲ ဆိုတော့ ရွေးကောက်ပွဲနီးလို့ နိုင်ငံရေးအရ နာမည်ရချင်တာပေါ့။ လက်ရှိအစိုးရလည်း လုပ်နေတဲ့ကိစ္စကို လာပြီး အရေးကြီး အဆိုတင်နေသေးတယ်ဆိုပြီး မြင်တာပေါ့။ ပြီးတော့ သူတို့ပြောသလို အကုန်ပြန်လက်ခံရင် Quarantine ထားဖို့ ကိစ္စတွေ လည်း ရှိသေးတယ်။ အများကြီးပဲ”ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကမူ ၎င်းတို့ပါတီက ယခု အရေးကြီးအဆိုကို တင်ပြရခြင်းမှာ နိုင်ငံရေး အကျိုးအမြတ်အတွက် မဟုတ်ဘဲ နိုင်ငံသားများ အကျိုးအတွက်ဖြစ်ကြောင်း ပြောသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံသားတွေ အတွက် ဆွေးနွေးတာ၊ ဘာနိုင်ငံရေး အကျိုးအမြတ်မှ ထုတ်စရာ မလိုဘူး။ တပ်မတော်ကလည်း ကြိုတင်ညှိနှိုင်းတာမျိုး မလုပ်ဘူး။ ဟိုဘက်က လူတွေ ပြန်ခေါ်ရင် အရပ်ဘက်နဲ့တင် မလုံလောက်ဘူး ဆိုရင် သူတို့မှာ ယာဉ်ယန္တရားတွေ ရှိတဲ့အတွက် ကူညီနိုင်မှာပဲ ဆိုပြီး တင်ပြတာပဲ ရှိတယ်”ဟု ၎င်းက ပြောသည်။
ကိုဗစ်ကြောင့် ပိတ်မိနေသည့် အလုပ်သမားများသည် နေထိုင်စားသောက်ရေး အဆင်မပြေသဖြင့် စိတ်ကျရောဂါများ ခံ စားရပြီး မိမိကိုယ် သတ်သေသည့် အမှုများ တိုးလာနေကြောင်း၊ ယခုအရေးကို အစိုးရ အနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ်သဖြင့် လွှတ်တော်သို့ တင်ပြရခြင်း ဖြစ်ကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် – 19 အခြေအနေကြောင့် ပြည်တွင်းသို့ လမ်းကြောင်းမျိုးစုံဖြင့် ပြန်လည် ဝင်ရောက်လျက်ရှိပြီး မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀ဦးသည် မိမိကိုယ့် ကိုယ်သတ် သေခြင်းများဖြစ်ပေါ်ခဲ့ကြောင်း အရေးကြီး အဆိုကို တင်သွင်းခဲ့သူ ရပ်စောက်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မနေ့က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ပြန်လာလိုသူ ၂ သောင်းကျော်မှာ သံရုံးသို့ စာရင်းပေးထားကြောင်း သိရှိရကာ လေယာဉ်ဖြင့်ပြန်လာရန် နှောင့်နှေး ကြန့်ကြာမှုများလည်းဖြစ် ပေါ်နေကြာင်းလည်း သိရှိရကြောင်း အဆိုရှင်က တင်ပြထားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ဦးစိုင်းထွန်းအေးက ကိုဗစ်ကာလတွင် အခက်အခဲ ဖြစ်နေသည့် အလုပ်သမားများ စရိတ်ငြိမ်း ပြည်တော်ပြန်နိုင်မည့် အခြေအနေဖြစ်၍ ဝမ်းသာအားရ ထောက်ခံခဲ့သော်လည်း အာဏာရပါတီက မထောက်ခံသဖြင့် အဆိုမအောင်မြင်ခဲ့ရကြောင်း ပြောသည်။
“နိုင်ငံရေးအရ သူတို့ကတော့ အားပြိုင်ကြတာပေါ့။ ကျနော်တို့ကတော့ တစ်အချက် နိုင်ငံသားတိုင်းဟာ မဲပေးနိုင်တဲ့ အခွင့် အရေး ပိုရလာမှာ ဖြစ်တဲ့အတွက် ကျနော်တို့က ထောက်ခံတယ်။ ကိုဗစ်ကာလမှာ နိုင်ငံတကာမှာ ဒုက္ခရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ခေါ်လာမှာဖြစ်တဲ့အတွက် သဘောကျတဲ့အတွက် ထောက်ခံရခြင်း ဖြစ်တယ်”ဟု ဦးစိုင်းထွန်းအေးက ပြောသည်။
ယင်းအရေးကြီးအဆိုကို အဆုံးအဖြတ် ရယူရာတွင် ကိုဗစ်ကာလတွင် ထိုင်ခုံများ ခြားထားသည့်အတွက် စက်ခလုတ်နှိပ်ရန် အဆင်မပြေသေးချိန် မတ်တပ်ရပ် မဲခွဲဆုံးဖြတ်ရာ တပ်မတော်၊ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တချို့က ထောက်ခံ၍ ထောက်ခံသူ စုစုပေါင်း ၁၂၅ မဲ ရရှိသော်လည်း အဆိုအောင်မြင်ရန် လိုအပ်သည့် ထောက်ခံမဲမှာ ၁၄၄ မဲ ဖြစ်သဖြင့် ယင်းအရေးကြီးအဆို မအောင်မြင်ခဲ့ပါ။
ကိုဗစ်ကာလတွင် ပြည်ပနိုင်ငံများမှ ပြည်တော်ပြန် အလုပ်သမားအရေအတွက် တသိန်းကျော်ရှိကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောဆိုခဲ့သည်။
You may also like these stories:
ပါတီခေါင်းဆောင်ပုံ ဆိုင်းဘုတ်တင်မှု ကန့်သတ်ခံရသဖြင့် ကြံ့ခိုင်ရေး မကျေနပ်
တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော