ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာသား ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို ထားရာမှ သြဂုတ်လ ၁၂ ရက်တွင် ပြန်လည် လွှတ်ပေးလိုက်ကြောင်း အမှုအားလိုက်ပါ ဆောင်ရွက်သူတရား လွှတ်တော် ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။
ဒေါ်သိင်္ဂီမောင်က “မနေ့ ညနေပိုင်းမှာပဲ အားလုံး လွတ်မြောက်လာပါပြီ။ တရားရုံးတော်ကတော့ စွဲချက်တင်လောက်တဲ့ သက်သေ အထောက်အထား ရှာဖွေ မတွေ့ရှိတဲ့အတွက် စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်တာပါ” ဟု ဧရာဝတီသို့ ပြော သည်။
အဆိုပါ ဆားပြင်ရွာသား ၅ ဦး အမှုအား တရားရုံးမှ မှားယွင်းမှုဟု သတ်မှတ်ပြီး ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၁) အရ စွဲချက်မတင်မီ တရားရှင် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်းလည်း အမှုလိုက်ပါဆောင်ရွက်သူ ရှေ့နေများထံက သိရ သည်။
လွတ်မြောက်လာသော ဆားပြင် ကျေးရွာသား ၅ ဦးမှာ ရခိုင် အမျိုးသားပါတီ (ANP) မှ ဆားပြင်ကျေးရပ်/ ကျေး ဥက္ကဋ္ဌ ဦးပြုံးချို၊ ဦးသန်းနိုင်၊ ဦးလှဖြူ ၊ ဦးအောင်ထူး၊ ဦးအောင်မြင့်တို့ ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ် မ ၅၂ (က) ဖြင့် တပ်မတော် အရာရှိ ၁ ဦးမှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကာ၊ တရားရုံး၌ တရားလိုပြ သက်သေ ၁၆ ဦးထိ စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
ထို ၅ ဦးကို ဧပြီလ ၅ ရက်က တပ်မတော်သားများ အပါအဝင်၊ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစရာ ရှိသည်ဟု ခေါ်ယူခဲ့ပြီး နောက် ရက္ခိုင်စစ်တပ် (AA) အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည် ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီး ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။
ယင်း ၅ ဦးကို AA အဖွဲ့နှင့် ဆက်နွယ်သည်ဟု ဆိုကာ မေလ ၇ ရက်က ပထမအကြိမ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ဖြင့် အမှုစွဲတင်ခဲ့ရာတွင် သက်သေအထောက်အထား မခိုင်လုံသည့်အတွက် ပြန်လွှတ်ပေးခဲ့သော်လည်း နောက် ထပ် ဗုံးပေါက်ကွဲမှုဖြင့် ရဲတပ်ဖွဲ့က ချုပ်ရမန် ရယူပြီး တရားရုံးတွင် အမှုစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဧပြီလ ၆ ရက်က တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် အမ်းမြို့နယ်အတွင်းမှ AA တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးမိရာမှနေ ဆက်စပ် ဖော်ထုတ် စစ်ဆေးမှုအရ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ AA နှင့်ပတ်သက် ဆက်နွယ်သူ ၅ ဦးကို ထပ်မံ ဖမ်းဆီးရမိသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ ရဲတပ်ဖွဲ့သို့ လွှဲပေးထားကြောင်းကို ဖော်ပြထားသည်။
လက်ရှိတွင် တောင်ကုတ်မြို့နယ်တွင် ရခိုင် အမျိုးသားပါတီ မှ မြို့နယ်အလုပ် အမှုဆောင် ၁ ဦး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ၁ ဦး အပါအဝင် အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေဖြင့် ဆက်လက် တရား ရင်ဆိုင်နေရသည်။
You may also like these stories:
တောင်ကုတ် ဆားပြင်ရွာသား ၅ ဦး အကြမ်းဖက် ဥပဒေဖြင့် တရားစွဲခံရ
ရခိုင်တောင်ပိုင်းတွင် AA တပ်ဖွဲ့ ဝင် ၄ ဦး ဖမ်းထားဟု တပ်မတော် ထုတ်ပြန်
တရားရုံးက လွှတ်ပေးသည့် တောင်ကုတ် ဒေသခံ ၅ ဦး ဗုံးခွဲမှုဖြင့် ပြန်အဖမ်းခံရ