အထက်တန်းကျောင်း အားလုံး နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် စီစဉ်နေ
အထက်တန်းကျောင်းများ အားလုံးကို လာမည့် နှစ်ပတ်အတွင်း ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း အခြေခံ ပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
“မနေ့က ထပ်ပြီး ကျောင်း ၅၀၀ ကျော်လောက် ကိုဗစ် ဗဟိုကော်မတီကို တင်တယ်။ ထပ်ပြီး ထပ်တိုးဖို့ ရှိတယ်။ နေ့စဉ် တိုးသွားမှာပါ။ တပတ် နှစ်ပတ်အတွင်းမှာ အကုန် ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်။ ကျန်တာတွေလည်း ဖွင့်သွားလိမ့်မယ်။ ဖွင့်ဖို့ အတွက် ကြိုးစားနေတာပဲ” ဟု ၎င်းက ဆိုသည်။
အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၇၁၇၃ ကျောင်းအနက် ၇၁၁၁ ကျောင်းအား စစ်ဆေး အကဲဖြတ်နိုင် ခဲ့ပြီး ယနေ့အထိ ပြည့်စုံမှုရှိသော A အဆင့် ၄၁၅၆ ကျောင်း ပြန်လည် ဖွင့်လှစ်ရန် ခွင့်ပြုပေးလျက် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
COVID-19 ကပ်ရောဂါ ကာလအတွင်း အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက် ၈၀ ပါဝင်သော ဆန်းစစ်ချက်များဖြင့် အထက်တန်းဆင့် ကျောင်းများအား စစ်ဆေးအကဲ ဖြတ်နေခြင်း ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သုံးခုမှ စစ်ဆေးပြီး A အဆင့် ရရှိပါက ဗဟိုအဆင့်ကို ပေးပို့ပြီးနောက် ကျန်းမာရေးနှင့် အခြေခံပညာ ဦးစီးဌာနက ဒုတိယအကြိမ် ထပ်မံ စစ် ဆေးခြင်း ဖြစ်ကြောင်း ဦးကိုလေးဝင်းက ရှင်းပြသည်။
ဆက်လက်ပြီး ဦးကိုလေးဝင်းက “နောက်တပတ်လောက် အတွင်းမှာကို တော်တော်များများ အကုန်လုံး နီးပါးကို ဖွင့်ဖို့ ကြိုး စားနေတယ်။ A မရရင် ဖွင့်ခွင့် မပေးဘူး။ ပိတ်နေလိမ့်မယ် အဲဒီကျောင်းက သတ်မှတ်ချက်နဲ့ မကိုက်ရင်။ ဘာဖြစ်လို့လဲဆို တော့ ဒါက ထိန်းချုပ်ဖို့ လိုတယ်။ မပြန့်ပွားဖို့ လိုတယ်။ ဒါက အရေးကြီးတာ ဖြစ်တဲ့အတွက် ကျနော်တို့က လျှော့ပေးလို့ မရဘူး” ဟု ဆိုသည်။
ကျောင်းများ ပြန်လည်ဖွင့်ရာတွင် Social Distancing ပြုလုပ်ရမည်ဖြစ်သဖြင့် စာသင်ခန်းများ၌ ကျောင်းသား အရေ အတွက် လျှော့ချမှုများ လုပ်ထားရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများကို အသုတ်လိုက် ခွဲကာ ရက်ခြား၊ အပတ် ခြား သင်ကြားရေး စနစ်ဖြင့် သင်ကြားမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ရက်ခြား၊ အပတ်ခြား သင်ကြားမှုနှင့် ပတ်သက်ပြီး ကျောင်းသားမိဘ အချို့မှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။
မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် Grade-10 ကျောင်းသား၏ မိဘ ကိုကျော်ကျော်ခိုင်က “အခုလို ပုံစံမျိုးကတော့ အရမ်း စိုးရိမ်တာပေါ့။ အတိုင်းအတာထက်ကို ပိုပြီးတော့ စိုးရိမ်တယ်။ ဒီလိုပုံစံနဲ့ကျတော့ တိုးတက်မှုဆိုတာ ရှိလာမယ် မထင်တော့ဘူး။ ကလေးတွေက အရည်အချင်း မရှိတော့ဘဲ အရေအတွက်တွေချည်းပဲ ဖြစ်နေတယ်။ အဲဒီလိုချည်းကျတော့ အဆင်မပြေဘူးပေါ့” ဟုပြောသည်။
Grade-11 ကျောင်းသား မိဘ တဦးဖြစ်သည့် တောင်ဒဂုံတွင်နေထိုင်သူ ဒေါ်စန်းစန်းအေးကလည်း “အရင်လို ကျောင်းနဲ့ စာနဲ့ အဆက်မပြတ် နီးကပ်နေတာတောင် ကလေးတွေဆိုတဲ့ သဘောတရားအရ မနည်း တိုက်တွန်းနေရတာ။ အခုလို သတ်မှတ်လိုက်တော့ ကိုယ့်စိတ်ကိုယ်ပဲ အရင် ပြင်ဆင်ထားရတယ်။ တကယ်တော့ ဒီနှစ်ကျောင်းတောင် မထားတော့ဘူး စဉ်းစားထားတာ။ ကလေးရဲ့ စိတ်ဆန္ဒအရ၊ အတွေ့အကြုံလည်း ရအောင် ထားလိုက်တာ။ အများကြီးတော့ မျှော်လင့်လို့ ရတဲ့ အနေအထား မဟုတ်ဘူး” ဟု ဆိုသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းတက်ချိန် လျော့နည်းမည် ဖြစ်ရာ သင်ရိုးညွှန်းတန်းများကို ပြန်လည် ညှိနှိုင်း ပြီး လျှော့ချမှုများ ပြုလုပ်ထားကြောင်းနှင့် ဖွင့်ရက် နောက်ကျသည့် ကျောင်းများတွင် အချိန်ပို သင်ကြားခြင်း၊ Home Assignment များများပေးခြင်း တို့ကို ပြုလုပ်သွားမည် ဟုလည်း ဦးကိုလေးဝင်းက ပြောဆိုသည်။
“Home Assignment ပေးတာကတော့ မိဘတော်တော်များများက ပံ့ပိုးပေးကြပါတယ်။ ဒါပေမယ့် ဒီနှစ်ပုံစံကတော့ စနစ် သစ် ပြောင်းတော့ ကျနော်တို့လည်း လိုက်မမီနိုင်ဘူး။ ကျနော်တို့က ထောက်ပံ့ပြီး ကူညီဖို့ အင်အားက အဆင်မပြေဘူးလို့ ကို ထင်တယ်။ မိဘတွေကလည်း အပြင်မှာလည်း အလုပ်ထွက် လုပ်ရတယ်။ အခုလို ပြောင်းလိုက်တဲ့ စနစ်မှာကျတော့ ကျနော်တို့ခေတ်နဲ့ အရမ်းကြီးကွာဟမှု ရှိတယ်လေ။ အခု စနစ်သစ်ကျတော့ ပံ့ပိုးပေးနိုင်မှု မရှိတော့ ကလေးတွေမှာ ပေါ့ ပျက်သွားမယ်” ဟု ကိုကျော်ကျော်ခိုင် က ဆိုသည်။
အထက်တန်းဆင့် ကျောင်းများ အားလုံးဖွင့်လှစ်ပြီး နောက်ထပ် ရက်သတ္တပတ် ၃ ပတ်ကြာမှသာ အလယ်တန်းဆင့် ကျောင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်၍ အထက်တန်းဆင့်ကျောင်းများကဲ့သို့ အချက် ၈၀ ပါ ဆန်းစစ် အကဲဖြတ်လွှာဖြင့်စစ်ဆေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်း ဖြစ်ဖို့ လမ်းညွှန်ချက်တွေ ရှိတယ်
ကျောင်းဖွင့်ရာသီ နှာခေါင်းစည်း သန်း၂၀ ကျော် ဝေရန် ပညာရေးဝန်ကြီးဌာန ပြင်ဆင်