ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ ဆုမ်ခရမ်ပွဲတော်ကို ဧပြီလမှာ နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။ ၂၀၂၀ ခုနှစ် ဆုမ်ခရမ်ပွဲတော်ဟာ ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပဖို့ ရှိခဲ့ပေမယ့် COVID-19 ကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ထိုင်းအစိုးရက ဇူလိုင်လ ၂၇ ရက်မှာ အစားထိုး ဆုမ်ခရမ်ပိတ်ရက်ပေးမယ်လို့ မူလက ကြေညာထားခဲ့ပါတယ်။
ပြည်တွင်းကူးစက်မှုတွေ မရှိတော့ပေမယ့်လည်း ပြည်ပက ပြန်လာသူတွေမှာ COVID-19 တွေ့ရှိနေရတဲ့အတွက် ဇူလိုင် ၂၇ ရက်နေ့မှာ အစားထိုးပိတ်ရက်ပေးမယ့် အစီအစဉ်ကိုလည်း ယာယီရပ်ဆိုင်းခဲ့ပါတယ်။
ထိုင်းယဉ်ကျေးမှုဝန်ကြီး Ittipol Khunpluem က ဆုမ်ခရမ် အစားထိုးပိတ်ရက်ကို စက်တင်ဘာ ၄ ရက်ကနေ ၇ ရက်နေ့အထိ အစားထိုးပေးဖို့ တင်ပြခဲ့ရာမှာ ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ဆုမ်ခရမ်ပွဲတော် အားလပ်ရက်ကို အစားထိုးပေးခဲ့ပေမယ့် COVID-19 ကန့်သတ်ချက်တွေ ရှိနေသေးတဲ့အတွက် ကြီးမားတဲ့ ပါတီပွဲတော်တွေနဲ့ ရေကစားခြင်းတွေကိုတော့ ခွင့်မပြုထားဘူးလို့ the thaiger သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။
COVID-19 မဖြစ်ပွားခင်အချိန်ကဆိုရင် ဆုမ်ခရမ်ပွဲတော်ကို နိုင်ငံတကာ ခရီးသွားများစွာ လာရောက်လေ့ ရှိကြတဲ့အတွက် ဝင်ငွေများစွာ ရရှိခဲ့ပါတယ်။ ၂၀၂၀ မှာတော့ COVID-19 ကြောင့် ဆုမ်ခရမ်ပွဲတော်ဟာ အစားထိုး အားလပ်ရက်သာဖြစ်ပြီး ရေကစားတာမျိုးတွေလည်း မပါဝင်နိုင်တော့ပါဘူး။ စက်တင်ဘာလမှာ အားလပ်ရက် မရှိတဲ့အတွက် အခုလို အစားထိုးပေးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာပြည်တွင်းကူးစက်မှုတွေ မရှိခဲ့တာ ၃ လနီးပါး ကြာမြင့်ခဲ့ပြီလို့ ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က ထိုင်းမီဒီယာတွေကို ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ COVID-19 ကို ထိန်းချုပ်လာနိုင်ပြီးနောက်ပိုင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားပွဲတော်တွေအတွက် ကန့်သတ်ထားတဲ့ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးခဲ့ပါတယ်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေမှာဆိုရင်လည်း လူဦးရေ ကန့်သတ်ချက် မရှိတော့သလို Social distancing စည်းမျဉ်းတွေလည်း မရှိတော့ပါဘူး။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ ထိုင်းနိုင်ငံယဉ်ကျေးမှုဝန်ကြီး Ittipol Khunpluem က ရေကစားတာကို ခွင့်မပြုပေမယ့် ဆုမ်ခရမ်ပွဲတော် အားလပ်ရက်ကို ခွင့်ပြုပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
Ref: thethaiger, khaosodenglish
You may also like these stories:
ဆိုးရွားနေတဲ့ အမေဇုန်သစ်တော မီးလောင်ကျွမ်းမှုကို ဘရာဇီးသမ္မတ ငြင်းဆို
ဒါနန်းမြို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အားလုံး ယာယီရပ်ဆိုင်း
WeChat ပိတ်လိုက်တာကြောင့် တရုတ် iPhone ဈေးကွက် ရောင်းအား ကျဆင်းနိုင်