တောင်ကြီးမြို့ အမှတ်(၅) အေးသာယာရပ်ကွက်ရှိ “သက်ဖူးဝေ” KTV အား ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ ယမန်နေ့က ဝင်ရောက် စစ်ဆေးရာ ပြည့်တန်ဆာ လုပ်ကိုင်သူ အမျိုးသမီး ၆ ဦးနှင့် ဆိုင်ရှင် အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အေးသာယာ နယ်မြေရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ် အောင်မြင့်ကျော်က ဧရာဝတီသို့ ပြောသည်။
COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ရဲအုပ် အောင်မြင့်ကျော်က “ကိုဗစ်ကာလမို့ ရောဂါကူးစက်မှု ဖြစ်နေတော့ ပြန်ပြီး တင်းကျပ်တဲ့သဘောနဲ့ မနေ့ကစပြီး ဖမ်း တာပါ။ တနိုင်ငံလုံးက KTV၊ BAR တွေကို ပိတ်ခိုင်းထားတယ်လေ။ သူတို့က KTV ဆိုပြီး ပြည့်တန်ဆာ လုပ်တာဆိုတော့ ပြည့်တန်ဆာ ပုဒ်မနဲ့ပဲ အရေးယူပါတယ်။ ဖမ်းဆီးရေးအဖွဲ့ကိုက ပြည့်တန်ဆာကို ဦးစားပေးဖမ်းတာမို့ အဲဒီ ပုဒ်မနဲ့ပဲ အရေး ယူတာ။ နောက်ရက်တွေ ဖမ်းဆီးဖို့ ရှိပါသေးတယ်” ဟု ပြောသည်။
ဖမ်းဆီးရမိထားသည့် သက်ဖူးဝေ KTV ပိုင်ရှင် ဦးမြင့်ဌေးနှင့် အမျိုးသမီး ၆ ဦးကို ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ၃(က)/၅(၁)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်ဟု သိရသည်။
ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာ နေသူများသည် လေထုမှ တဆင့် ကူးစက်နိုင် သဖြင့် လူစုလူဝေး မဖြစ်စေရန်အတွက် KTV ဆိုင်များအား ပိတ်ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၃ ရက် တွင် ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီး ဖြစ်သည်။
ရှမ်းပြည်နယ် ကိုဗစ်ကာကွယ်၊ ကုသရေး ကော်မတီ၏ Content person ဦးစောထွန်းဦးက “ကျနော်တို့ဘက်က ခရိုင်တွေ မြို့နယ်တွေ ညွှန်ကြားထားတာကတော့ ဒီKTV တွေ၊ Bar တွေကို ခွင့်မပြုဘူး။ သူတို့ စည်းကမ်းဖောက်ဖျက်ရင် သဘာဝ ဘေးအန္တရာယ် ပုဒ်မ ၂၅ နဲ့ အရေးယူဖို့ ဗဟိုက ဒီလ ၃ ရက်က ညွှွန်ကြားထားပါတယ်။ ပြည့်တန်ဆာတွေကိုလည်း အရေး ယူဖို့ ညွှန်ကြားထားပါတယ်” ဟု ပြောသည်။
စည်းကမ်း ဖောက်ဖျက်သူများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဆိုင်ရာဥပဒေပုဒ်မ ၂၅ အရ ပြစ်မှုထင်ရှား ပါက ထောင်ဒဏ် ၃ နှစ်ထက် မပိုသော ပြစ်ဒဏ်နှင့် ၃၀ (က) အရ ပြစ်မှုထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
ဧပြီလ ၂၈ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ တိုင်းဒေသကြီး ပြည်နယ်များ၌ COVID-19 ရောဂါကာလ အတွင်း စည်း ကမ်းဖောက်ဖျက်ကာ KTV ၊ Bar ၊ Club များ ဖွင့်လှစ်ခဲ့ခြင်းကြောင့် အရေးယူခံရသည့် အမှုပေါင်း၂၂ မှုတွင် လူ ၁၃၇ ဦး အား အရေးယူနိုင်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်မှ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကိုဗစ်ရောဂါ ကူးစက်မှုများပြားလာခဲ့ခြင်းကြောင့် ထို ရောဂါ မဖြစ်ပွားစေရန် လူအများနှင့် ထိတွေ့မှု မဖြစ်ပေါ်စေရန်အတွက် ပြည်သူများ နေအိမ်ပြင်ပ မထွက်ကြရန် ရှမ်းပြည် နယ် အစိုးရက စက်တင်ဘာ ၆ ရက်တွင် အမိန့် ထုတ်ပြန်ထားသည်။
ထိုရောဂါပိုးနှင့် ထိတွေ့မှု တတ်နိုင်သမျှ နည်းသွားစေရန်အတွက် ပြည်သူများ အနေဖြင့် လူစုလူဝေးဖြစ်စေမည့် အခမ်း အနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ကြရန်၊ ဘာသာရေးနှင့် ဆက်နွယ်သော လူမှုရေးဆိုင်ရာ အခမ်းအနားများကို ကန့် သတ်ရခြင်း ဖြစ်ကြောင်းလည်း ရှင်းပြထားသည်။
ရှမ်းပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ စက်တင်ဘာ ၇ ရက်အထိ ၁၆ ဦးရှိပြီး ဧပြီ ၁၆ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ပြည်ပမှ ပြန်လာကာ Quarantine ဝင်နေရသူ စုစုပေါင်း ၅၄၆၀၀ ဦး ရှိသည်ဟု သိရသည်။
You may also like these stories:
ကမ္ဘာပေါ်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံများ