ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့နယ်တွင် ရက္ခိုင့် တပ်မတော် (AA) တပ်ဖွဲ့ ဝင် ၄ ဦးနှင့် တောင်ကုတ်မြို့နယ်တွင် AA နှင့် ဆက်သွယ်သူ ၅ ဦး တို့ကို ဖမ်းဆီးရမိသဖြင့် ရဲတပ်ဖွဲ့ သို့ လွှဲပြောင်းပေးပြီး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။
ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံ ပြည်သူတချို့ ၏ သတင်းပေးမှုအရ အမ်းမြို့နယ်၊ အမ်းမြောက် ကျေးရွာ အုပ်စု၊ ကမ်းဒိတ်ကျေးရွာနှင့် အမ်းမြို့ အကြား နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ပြုလုပ်ခဲ့ရာ AA တပ်ဖွဲ့ ဝင် ၄ ဦးကို လက်နက် မဲ့ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရခိုင်တောင်ပိုင်းကို AA က စိမ့်ဝင်နေတာ ကြာပြီ။ အခုလို ဖော်ထုတ် ဖမ်းဆီးနိုင်တာကတော့ ဒါပထမဆုံး အကြိမ်လို့တောင် ပြောလို့ရတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ခရီးစဉ်မှာတောင် ကျောက်ဖြူမှာ မိုင်းကွဲသေးတာပဲ။ သူတို့ အမာခံတွေက အရင်ကတည်းက ရှိနေပြီးသားပဲ” ဟု ပြောသည်။
ဖမ်းဆီးရမိသူများမှာ AA တွင် တပ်သား အဆင့်ရှိသူများ ဖြစ်ကြပြီး လင်းနိုင်၊ လှကျော်ဝင်း၊ ခိုင်လင်းနိုင်၊ ကျော်ဝင်းသန်းတို့ ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့ ၄ ဦး၏ ထွက်ဆိုချက်အရ ၂၀၁၉ ခုနှစ်တွင် AA ထဲသို့ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ်၊ KNU (၉၀၉) စစ်ဒေသ ဦးဒါ စခန်းတွင် တပ်သားအဆင့်ရှိ လင်းနိုင်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှ မတ်လအထိ လည်းကောင်း၊ ကျန် ၃ ဦးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ အခြေခံတပ်သားသစ် သင်တန်းများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
သင်တန်းဆင်းပြီးနောက် ၎င်းတို့သည် အမ်းမြို့နယ်၊ ဒါးလက် အလယ်ကျွန်းကျေးရွာ အနောက်ဘက်ရှိ အိုးထိန်းတောင် တွင် နေထိုင်ကြပြီး နေ့စဉ် ကတုတ်ကျင်းများ တူးပေးရခြင်း၊ ရိက္ခာများ သယ်ယူပို့ဆောင်ပေးရခြင်း၊ ဘန်ကာများ ဆောက် လုပ်ပေးရခြင်းနှင့် ကင်းစောင့်ခြင်းများ ဆောင်ရွက်ခဲ့ရသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အဲဒီနေရာမှာ ပင်ပန်းဆင်းရဲတော့ ဒဏ်မခံနိုင်တဲ့အခါ သူတို့ ဧပြီလ ၃ ရက်နေ့ ညမှာ ထွက်ပြေးလာကြတယ်လို့ သိရ တယ်။ အဲဒီနောက်မှာ အဖမ်းခံရတာပေါ့” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် သတင်း ဆက်စပ်ဖော်ထုတ်ချက်များအရ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာ အတွင်း AA နှင့် အဆက်အသွယ် ရှိသူ ဦးသန်းနိုင်၊ ဦးလှဖြူ၊ ဦးအောင်ထူး၊ ဦးမြင့်အောင်နှင့် ဦးပြုံးချိုတို့ ၅ ဦးကိုလည်း ထပ်မံ ဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ပြီး အသေးစိတ် မေးမြန်းမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
ရက္ခိုင် တပ်မတော် (AA) ကို မတရားအသင်းနှင့် အကြမ်းအဖက် အဖွဲ့အစည်းအဖြစ် မတ်လအတွင်း အစိုးရက ကြေညာခဲ့ ပြီး ဖြစ်သည်။
ယခု AA တပ်ဖွဲ့ ဝင်များ အဖမ်းခံရသည့် သတင်းနှင့် ပတ်သက်၍ AA ဘက်သို့ ဆက်သွယ်မေးမြန်းရန်မှာ ဧရာဝတီ အနေ ဖြင့် ဥပဒေအရ ဆက်သွယ်ရန် အခက်အခဲ ရှိနေခြင်းကြောင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါ။
လတ်တလော AA နှင့် ဆက်သွယ်မေးမြန်းသော သတင်းစာဆရာများအားလည်း အကြမ်းဖက်ဥပဒေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီး အရေးယူလျက်ရှိသည်။
You may also like these stories:
လေရှီးတွင် စောင့်ကြည့်လူနာများ အတွက် ကျန်းမာရေး ဝန်ထမ်း မလုံလောက်၍ စိုးရိမ်နေ
တပ်မတော်ပြောသော AA နှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် သမ္မတရုံး ပြန်ရှင်း