သူဌေးကြီး ဘီလ်ဂိတ်နဲ့ သူ့ရဲ့ ပရဟိတအဖွဲ့ဟာ COVID -19 ရောဂါ ကာကွယ်ဆေးစက်ရုံများ တည်ဆောက်မှုမှာ လှူဒါန်းသွားမယ်လို့ ဧပြီလ ၂ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကို ဘီလ်ဂိတ်က အစီအစဉ် တင်ဆက်သူ နိုရာထရီဗာရဲ့ “The Daily Show” ရဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ ပရဟိတ အဖွဲ့အစည်းဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ရှိတယ်။ အဲဒီအတွက် ကပ်ရောဂါနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လှူဒါန်းမှုတွေ ပြုလုပ်ချင်ပါတယ်။ လက်ရှိမှာတော့ ကျနော်တို့အနေနဲ့ ဆောက်မယ့် အဆောက်အဦ ၂ ခုကို ရွေးချယ်သွားမယ် ဆိုပေမယ့် တည်ဆောက်မယ့် အဆောက်အဦ ၇ ခုလုံးကို လှူဒါန်းသွားမှာပါ”လို့ ဘီလ်ဂိတ်က ပြောပါတယ်။
ဆေးကို ရှာဖွေမယ့် နေရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ ရှာဖွေမယ့် နေရာတခုစီမှာ မတူညီတဲ့ စမ်းသပ်မှုနဲ့ မတူညီတဲ့ စက်ပစ္စည်းတွေကို အသုံးပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အောင်မြင်တဲ့ ဆေးဝါးကို ရှာဖွေနိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်းနဲ့ချီ ကုန်ကျမှာ ဖြစ်တာကြောင့် ရှာဖွေမှု မှားယွင်းသွားခဲ့ရင် ဒေါ်လာ သန်းနဲ့ချီ ဆုံးရှုံးရမှာလည်း ဖြစ်ပါတယ်။
ဆေးဝါး ရှာဖွေမှုအတွက် အချိန် ၁၈ လခန့် ကြာမြင့်ဦးမှာ ဖြစ်ပြီး တကမ္ဘာလုံးအတွက် အရေအတွက်လုံလောက်အောင် ထုတ်လုပ်ပေးနိုင်ဖို့ကတော့ မသေချာသေးဘူးလို့ သိရပါတယ်။ အမေရိကန်မှာ နိုင်ငံတွင်း ပိတ်ဆို့မှုတွေကတော့ နောက်ထပ် ရက်သတ္တပတ် ၁၀ ပတ်လောက် ကြာမြင့်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. intelligentliving.co