သတင်း

“စကားလုံးတလုံး” အပေါ်မှာ ဆက်လက် ငြင်းခုံနေရတဲ့ နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ညီလာခံ မတိုင်မီ နိုင်ငံရေးအရ သဘောတူညီမှုတွေ ရရှိဖို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား ၁၀ ဖွဲ့ က ကိုယ်စားလှယ်တွေကြားမှာ တွေ့ဆုံညှိနှိုင်းမှုတွေကို အခုလဆန်းပိုင်းကစပြီး နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

နေပြည်တော်မှာ သြဂုတ်လ ၄ ရက်နှင့် ၅ ရက်နေ့တွေမှာ အစိုးရနဲ့ အပစ်ရပ် အဖွဲ့ များကြား ညှိနှိုင်း အစည်းအဝေး ၂ ရက် ပြုလုပ်ခဲ့ပြီး NCA အကောင်အထည်ဖော်ရန် မူဘောင်သဘောတူညီချက်တွေ၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့ ဆက် ရမည့် လုပ်ငန်းစဉ်တွေနဲ့ အခြေခံမူ သဘောတူညီချက်တွေ ရရှိနိုင်ဖို့ စတင် ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတွေက တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပုံမှန်ပြုလုပ်လာနိုင်ပေမယ့် အရမ်း အဆင်ပြေပြေ ချောချောမွေ့ မွေ့ နဲ့ ပြီးဆုံးသွားတာမျိုး မဟုတ်ဘဲ ၂ ရက်ပဲ သတ်မှတ်ထားတဲ့ ဆွေးနွေးပွဲတွေမှာ ၂ ဖက် မကြေလည်ကြလို့ ၁ ရက် ထပ် တိုး ဆွေးနွေးရတာတွေ၊ မိမိ အစုအဖွဲ့အတွင်းမှာပဲ ပြန်ဆွေးနွေးရတာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က နေပြည်တော်မှာပဲ ပြုလုပ်ခဲ့တဲ့ NCA ၄ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အခြေခံရမယ့် မူ ၅ ချက်ကို ချပြခဲ့ပါတယ်။

အဲဒီမူ ၅ ချက်တော့ ဖက်ဒရယ်စနစ်နဲ့အညီ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု၊ ပါဝင်သူအားလုံး တန်းတူညီတူ ရှိမှုနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင် အခြေခံ ဥပဒေတွေ ရှိရမယ်ဆိုတဲ့ အချက်တွေကပဲ ဖြစ်ပါတယ်။

အဲဒီအချက်တွေကို အခုလာမယ့် ပင်လုံညီလာခံမှာ ပြည်ထောင်စု သဘောတူညီချက် စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုနိုင်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဦးဆောင်သူတွေက ကြိုးစားခဲ့ကြတာပါ။ ဒါပေမယ့် “ပြည်နယ် အခြေခံ ဥပဒေ ရေးဆွဲရေး” ဆိုတဲ့ ကိစ္စရပ်မှာတော့ သဘောတူညီမှု မရရှိခဲ့ကြပါဘူး။

ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားတွေဘက်က ပြည်နယ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေလို့ သုံးနှုန်းလိုပြီး အစိုးရနဲ့ တပ်မတော် ဘက်က သဘောမတူဘဲ ပြည်နယ် အခြေခံ ဥပဒေလို့သာ ခေါ်ဝေါ်စေချင်တာပါ။

အဲဒီလို “ဖွဲ့ စည်းပုံ ထည့်မယ်၊ မထည့်ဘူး”ဆိုတဲ့ အဲဒီ စကားလုံး တလုံးလေး အပေါ်မှာ တော်တော်လေး ငြင်းခုံခဲ့ကြရတာပါ။

UPDJC အစည်းအဝေး မြင်ကွင်း (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

အဲဒီ အခေါ်အဝေါ်ကို ညှိမရလို့ နောက်ပိုင်းကျမှ သဘောတူနိုင်ရေးနည်းလမ်းရှာဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ချင်းအမျိုးသား တပ်ဦးက ဒုတိယ ဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းရဲ့ မနေ့က UPDJC အဖွင့်မိန့်ခွန်းကြောင့် ဒီစကားလုံး အငြင်းပွားမှုက တိုင်းရင်းသားတွေဘက်မှာလည်း အစာမကြေသေးဘူးဆိုတာကို သိခဲ့ရပါတယ်။

၂၁ ပင်လုံ ညီလာခံ မတိုင်မီ အကြို ပြုလုပ်ခဲ့တဲ့ အလုပ်အဖွဲ့ အစည်းအဝေးတွေမှာ ပြည်နယ်အခြေခံ ဥပဒေနဲ့ ပြည်နယ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးရင် ဖွဲ့ စည်းပုံဆိုတဲ့ စကားလုံးတခုဟာ အနီရောင်နဲ့ ကျန်သွားခဲ့ရတယ် လို့ ဒေါက်တာ ဆလိုင်လျန်မှုန်းဆာခေါင်းက စပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော့်အမြင်ကို ရိုးရိုးသားသားပွင့်ပွင့်လင်း တင်ပြပါရစေ။ ဒီနေရာမှာ ဖွဲ့စည်းပုံဆိုတဲ့ စကားလုံး ပါလည်း ရပါတယ်။ မပါလည်း ရပါတယ်။ ကျနော်တယောက်ထဲအနေနဲ့တော့ ပါရင် ပိုနှစ်သက်တာပေါ့။ ကျနော်တို့ တိုင်းရင်းသား လူမျိုးများ နိုင်ငံရေးအရ နှစ်ပေါင်းများစွာတောင်းဆိုခဲ့တဲ့ တောင်းဆိုချက် ဖြစ်ပါတယ်”လို့ သူက ပြော
တာပါ။

ဒါပေမယ့် သူ့ရဲ့ ဒီအဖွင့်မိန့်ခွန်း ပြောဆိုချက်ဟာ ကျန်တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့ တွေရဲ့ သဘောတူညီမှု မပါဘဲ သူတယောက်တည်းရဲ့ သဘောထား ဖြစ်ပါတယ်လို့ အပိတ်မိန့်ခွန်းများ ပြန်ပြောဆိုခဲ့ပြီး မီဒီယာတွေ အနေနဲ့လည်း နားလည်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အဖွင့်မိန့်ခွန်းမှာ သူဆက်ပြောတာက အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေရှု့ ထောင့်အရ ဖြစ်စေ၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရှု့ ထောင့်အရ ဖြစ်စေ ပြည်နယ် အခြေခံ ဥပဒေလို့ သုံးလည်း ရတယ်လို့ ပြောဆိုခဲ့တာပါ။

ကမာ္ဘ့ အကောင်းဆုံး ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျာမနီတို့ ဆွစ်ဇာလန်တို့ကို ဥပမာပေးပြီး အဲဒီနိုင်ငံတွေ မှာလည်း ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့်မှာ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို အမည်နာမတွေ ပေးတာ မတူညီကြဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီနိုင်ငံတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကြာမြင့်ခဲ့ပြီး ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ယှဉ်ရင် သူတို့ဆီက အင်စတီကျူးရှင်းတွေ အားကောင်းသလို တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးတွေနဲ့ တည်ငြိမ်နေတဲ့ တိုင်းပြည်တွေ ဖြစ်နေ တာပါ။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကတော့“ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ စကားလုံးအပေါ်မှာ အငြင်းအခုံမလုပ်ပဲ အနှစ် သာရကို ဖော်ထုတ်ဖို့ လိုတယ်လို့ ကျနော် ထင်ပါတယ်။ အကယ်၍ ဖြစ်နိုင်တဲ့နည်းလမ်းရှိရင် ဒီညီလာခံမတိုင်ခင်မှာ ပြန်ပါလာနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်”လို့ ပြောဆိုခဲ့တာပါ။

သူ့ရဲ့ ပြောဆိုချက်တွေဟာ တိုင်းရင်းသား အစုအဖွဲ့ အတွင်းမှာတောင် မကျေလည်သေးတဲ့ ကိစ္စတခု ဖြစ်တာကြောင့် ဒီမိန့် ခွန်းဟာ တိုင်းရင်းသားအစုအဖွဲ့ အားလုံးကို ကိုယ်စားမပြုဘဲ သူ့ရဲ့ ပါစင်နယ် မိန့်ခွန်းသာ ဖြစ်တဲ့အတွက် တောင်းပန်တယ် လို့ တိုင်းရင်းသား အစုအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက UPDJC ပွဲအပြီးမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

နိုင်အောင်မငေးက “ဒီကိစ္စကလည်း နောက်ထပ် ဆွေးနွေးမယ့်အပိုင်း ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒီကိစ္စဆွေးနွေးလို့ မပြီးပြတ်သေးပါဘူး။ ရှေ့ဆက်ဆွေးနွေးဖို့ ထားခဲ့ပါတယ်။ ဒါပေမယ့် သူက တူသလိုလိုဖြစ်သွားတဲ့ စကားရပ်အတွက် ပြန်တောင်းပန်တဲ့စကား ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ဘက်က ပြည်ထောင်စု အဆင့်မှာ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေလို့ သုံးနှုန်းလိုပြီး ပြည်နယ် အဆင့်မှာတော့ ပြည်နယ် အခြေခံ ဥပဒေလို့ သုံးနှုန်းလိုတာကြောင့် ၂ ဖက် သဘောတူညီမှု မရလို့ ဆက်လက်ဆွေးနွေးမယ်ဆိုပြီး ချန်ခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့ ပြည်နယ် အခြေခံ ဥပဒေတို့ကို ငြင်းခုံနေကြပေမယ့် အင်္ဂလိပ်လိုမှာတော့ Constitution တလုံးတည်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

“တပ်မတော်ဘက်က စင်ပြိုင်ဖြစ်လာမှာကို စိုးရိမ်ပုံရပါတယ်။ ပြည်ထောင်စုနဲ့ စင်ပြိုင်ဖြစ်လာမှာဆိုလို့ လက်မခံနိုင်ဘူး ဆိုတဲ့ အခြေခံကပဲ လာတယ်လို့ သုံးသပ်ရပါတယ်။ ပြည်နယ်တွေကတော့ Constitution ဖြစ်တဲ့အတွက် ပြည်နယ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေလို့ပဲ ပြည်စုံမယ်လို့ ယူရတယ်။ သူတို့က တန်းတူရည်တူမှုဘက်က ကြည့်တာ”လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

တဖက်နဲ့ တဖက်ကြားတွင် စကားလုံးဆိုတာထက် စကားလုံးနောက်တွင် ပါလာမည့် ပြဿနာများစွာ ရှိနေကြောင်း၊ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွင် ပို၍ အသေးစိတ် ဆွေးနွေးလေ၊ ပို၍ အခက်အခဲများ ရှိလာမည် ဖြစ်ကြောင်း၊ အခြေခံ ဥပဒေ ရေးဆွဲ၍ သဘောတူညီမှု ရပါကလည်း ပြည်နယ် အခြေခံ ဥပဒေများသည့် ပြည်ထောင်စု၏ အခြေခံဥပဒေအောက် တွင် ရှိရမည် ဆိုသည့် သဘောတူညီချက်ဖြင့် သဘောတူခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

“ပြည်ထောင်စု အခြေခံ ဥပဒေဆိုတာ ၂၀၀၈ အခြေခံ ဥပဒေကို ပြောတာ၊ ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဘဲနဲ့ အဲဒီအောက်ကပဲ သွားမယ်ဆိုရင် တိုင်းရင်းသားတွေက လက်ခံနိုင်မလားဆိုတဲ့ မေးခွန်းကလည်း ရှိတယ်”လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆန့်ကျင်ဘက်အစုအဖွဲ့များကြားမှာ နှစ်ပေါင်း ၇၀ ကျော် ရှိခဲ့တဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ သဘောထား ကွဲပြားမှုတွေကို လျှော့ချပြီး ယုံကြည်မှု တည်ဆောက်ရေးကို များစွာ လုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ သူရဲ့ UPDJC အဖွဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြီးတော့ တဦးတဖွဲ့ တည်း အကျိုးထက် အားလုံးရဲ့ အကျိုးစီးပွားကို ကြည့်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

“ဝေါဟာရတွေ၊ စကားရပ်တွေ၊ အခေါ်အဝေါ်တွေအပေါ်မှာ အငြင်းပွားနေတဲ့ အခက်အခဲတွေရဲ့ အရင်းခံဇစ်မြစ်ဟာ ယုံ ကြည်မှုတည်ဆောက်ရေးပြဿနာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ကြုံတွေ့ရတဲ့ပြဿနာမဟုတ်ဘဲ တဖက်နဲ့တဖက် ယုံကြည်မှုအရ ကြုံတွေ့ရတဲ့ပြဿနာတွေလို့ ဆိုနိုင်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ညီလာခံကို မနက်ဖြန် သြဂုတ်လ ၁၉ ရက်နေ့ကစပြီး သြဂုတ်လ ၂၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပြီး မနေ့က UPDJC အစည်းအဝေးမှာတော့ ၂၁ ရာစု ပင်လုံညီလာခံသို့ တင်သွင်းမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ အပါအဝင် ညီလာခံ ကျင်းပမယ့် အစီအစဉ် အချက် ၉ ချက်ကို ဆွေးနွေး အတည်ပြုခဲ့ကြပါတယ်။

မနေ့က ကျင်းပတဲ့ UPDJC အစည်းအဝေးကနေ အတည်ပြုပေးလိုက်တဲ့ အချက်တွေကတော့ ညီလာခံ ကိုယ်စားလှယ် အရေအတွက်၊ ရွေးကောက်ပွဲ ဝင်မယ့် ပဒိုမန်းငြိမ်းမောင်အစား KNU က ကိုယ်စားလှယ်တဦး ပြောင်းထည့်လိုက်တာ၊ ၉ ကြိမ်မြောက် JICM ရဲ့ ဆုံးဖြတ်ချက်တွေကို UPDJC မှာ မှတ်တမ်း တင်တာ၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ရဲ့ အပိုင်း (၁)၊ (၂)၊ (၃)တွေကို မှတ်တမ်းတင်တာတွေ ပါပါတယ်။

နောက်ပြီး ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၁)မှာပါတဲ့ UPDJC နဲ့သက်ဆိုင်တဲ့အပိုင်းမှာ နိုင် ငံရေး ပါတီတွေကနေ ဆောင်ရွက်မယ့် အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သဘောတူညီမှု ထပ်ယူတာ၊ နောက်ညီလာခံမှာ UPDJC နဲ့ JMC အစီရင်ခံစာ တင်သွင်းရေးကိစ္စရပ်တွေမှာလည်း သဘောတူဆုံးဖြတ်တာနဲ့ နောက်ညီလာခံမှာ တာဝန်ယူမယ့် သဘာပတိအဖွဲ့ဝင်တွေကိုလည်း အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ညီလာခံနဲ့ပတ်သက်လို့ လုပ်ငန်းတာဝန်ခွဲဝေမှုတွေ၊ ညီလာခံကိုယ်စားလှယ်တွေလိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို UPDJC က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

အခုတခေါက် ပင်လုံညီလာခံကို အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ဖြစ်တဲ့ မြောက်ပိုင်းက အဖွဲ့ တွေလည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ သူတို့ အခုလို မတက်ရောက်နိုင်တာဟာ ကိုဗစ်ကာလမှာ ခရီးသွားလာရေး စည်းကမ်းသတ်မှတ်ချက်တွေကြောင့် ဖြစ်တယ်လို့ အကြောင်းပြတဲ့အတွက် ဒီအပေါ်မှာ နားလည်ပေး ရမယ်လို့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။

You may also like these stories:

တပ်ချုပ်နှင့် ၃၄ ပါတီ တွေ့ဆုံမှုအပေါ် သူတို့အမြင်

ကိုဗစ်ကာလတွင် အပစ်ရပ် တိုင်းရင်းသား ၈ ဖွဲ့ အစိုးရ၏ ထောက်ပံ့ကြေး ရရှိ

တန်းတူညီမျှရေး လုပ်ပေးနိုင်မယ့် အစိုးရကို လိုချင်တယ်

Did you find apk for android? You can find new Free Android Games and apps.
Loading