ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID 19 ရောဂါပိုးတွေ့လူနာများ ဆက်တိုက် ထွက်ပေါ်နေခြင်းကြောင့် ညမထွက်အမိန့် ပုဒ်မ ၁၄၄ ကို ယနေ့ သြဂုတ်လ၂၁ ရက်ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါအမိန့်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး ထုတ်ပြန်ထားကာ ညနေ ၉ နာရီမှ နံနက် ၄ နာရီ အထိ သတ်မှတ်ထားပြီး၊ ထုတ်ပြန်သည့်နေ့မှ စ၍ ၂ လ အထိ အတည်ဖြစ်ကြောင်းလည်း ယနေ့ ညနေ ၃ နာရီကျော်အချိန် က မြို့အတွင်း လှည့်လည်၍ အသိပေး ကြေညာသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “ညမထွက်ရ အမိန့် ထုတ်ပြန်ရတာက အဓိကတော့ ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူသွား၊ လူလာ ကျဲသွားအောင်ပေါ့။ ညအချိန်မတော် စုပြီး သောက်စားမူးယစ်မှု တွေ မဖြစ်အောင်ပေါ့။ အဲဒါမျိုးတွေ မရှိအောင် ထုတ်ပြန်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ညမထွက်ရ အမိန့်အား အများပြည်သူ အကျိုးအတွက် ရည်ရွယ်ပြီး ထုတ်ပြန်ထားခြင်း ဖြစ်သည့်အတွက် လိုက်နာ မှု မရှိပါက တည်ဆဲဥပဒေအတိုင်း အရေးယူခံရမည် ဖြစ်ကြောင်းလည်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ထား သည်။
လက်ရှိအချိန်တွင် စစ်တွေမြို့ပေါ်၌ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားလာနေသည့်အတွက် မြို့လူထုကြားတွင် စိုး ရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကာ အများစုမှာ Mask တပ်ကာ လှုပ်ရှားသွား လာနေသည်ကို တွေ့ရသည်။
ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင် တဦးဖြစ်သူ ဦးခိုင်ကောင်းစံက “ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် တော့ အစိုးရအနေနဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီးတော့ လုပ်နေတာကို တွေ့ရတယ်။ သို့သော်လည်း လော့ဒေါင်း ချထားတဲ့ ရပ်ကွက်၊ လမ်းထဲကလူတွေ၊ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် ဘယ်လိုပုံစံမျိုး ဆောင်ရွက်ပေးမယ် ဆိုတာ လည်း တိတိကျကျ တခုမှ ချပြတာ မတွေ့ရဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် အရေးပေါ်ကာလ သုံးစွဲရန် ရန်ပုံငွေ ဘီလီလီယံချီ ရှိနေကြောင်းကို ကြားသိနေရ သော်လည်း ယခု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပေါ်နေသော အခြေအနေတွင် ထိုငွေများကို မည်ကဲ့သို့ အရေးပေါ်သုံး စွဲမည်ဆိုသည်ကိုလည်း အသိပေး ထုတ်ပြန်ထားသည်ကို မတွေ့ရှိသေးကြောင်း ၎င်းက ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်တွေမြို့ပေါ်မှ ယမန်နေ့က ကိုဗစ် ပိုးတွေ့ရှိသူ ၃ ဦး၊ ယနေ့ သြဂုတ်လ၂၁ ရက်တွင် ပိုးတွေ့ရှိသူ စစ်တွေမြို့မှ ၉ ဦး၊ မြောက်ဦးမြို့မှ ၁ ဦး စုစုပေါင်း သြဂုတ်လအတွင်း ပိုးတွေ့ ရှိသူ ၁၉ ဦးအထိ ရှိလာပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ တနေ့တခြား များပြားလာသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ စစ်တွေမြို့နယ်အတွင်း ပြည်သူများ အနေဖြင့် Stay at Home နေထိုင်ရန် ကန့်သတ်ထားပြီး ပြည်နယ် အစိုးရအဖွဲ့မှလည်း ပိုးတွေ့လူနာများ နေ ထိုင်ရာ ရပ်ကွက်ရှိ လမ်းများကို လော့ဒေါင်း ချထားသည်။
ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သြဂုတ်လ၂၀ ရက် မနက်ပိုင်းက ထုတ်ပြန်ချက်တွင် စစ်တွေမြို့မှ လူနာအမှတ် ၃၉၅ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးနှင့် လူနာအမှတ် ၃၉၆ အသက်၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ပိုးတွေ့ရှိခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပိုးတွေ့ရှိသူ လူနာအမှတ် ၃၉၅ မှာ စစ်တွေ ပြည်သူ့ ဆေးရုံမှ အထူးကု ဆရာဝန် ၁ ဦး ဖြစ်ပြီး လူနာအမှတ် ၃၉၆ မှာ ထွေအုပ် ဝန်ထမ်း ၁ ဦး ဖြစ်ကြောင်းလည်း စစ်တွေပြည်သူ့ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြော သည်။
အဆိုပါ ထွေအုပ် ဝန်ထမ်းနှင့် ဆက်စပ်ထိတွေ့မှု ရှိသည့်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၁ ဦးပါ စောင့်ကြည့်အခြေအနေဖြင့် ထားရှိခဲ့ပြီး ယမန်နေ့က ၎င်းတို့၏ ဆေးစစ်ချက်နမူနာများကိုရယူပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် ယနေ့ Negative အဖြေထွက်ရှိသည့်အတွက် စိုးရိမ်စရာ မရှိကြောင်း စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူများ အများပြည်သူနှင့်ဆက်စပ် လုပ်ကိုင်နေရသည့် ဘဏ်ဝန်ထမ်း၊ အထူးကု ဆရာ ဝန်၊ သူနာပြု၊ ထွေအုပ် ဝန်ထမ်း၊ အန်ဂျီအို ဝန်ထမ်း အစရှိသည့်သူများပါဝင်နေခြင်းကြောင့် ရောဂါထိန်းချုပ်နိုင်ရေး အတွက်လည်း အပူတပြင်း လိုအပ်နေပြီး သက်ဆိုင်ရာ ဌာဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့်လည်း စည်ကမ်းလိုက်နာရန် ကွင်းဆင်း ကြပ်မတ်ရန် လိုအပ်နေကြောင်း သိရသည်။
စစ်တွေမြို့ခံများအနေဖြင့် လက်ရှိအချိန်တွင် စားဝတ်နေရေး ကြပ်တည်းသည့်အတွက် အပြင်ထွက်ပြီး အလုပ် လုပ်ကိုင် နေသည်များကို တွေ့ရှိရသလို တချို့မှာလည်း စားနပ်ရိက္ခာများကို စုဆောင်းဝယ်ယူမှုများကို တွေ့မြင်လာရသလို ကုန် ဈေး နှုန်းများမှာလည်း မြင့်တက်လာလျက်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
You may also like these stories:
စစ်တွေတွင် Mask မတပ်ဘဲ အပြင်ထွက်လျှင် အရေးယူမည်
စစ်တွေပိုးတွေ့သူများ၌ ဒုက္ခသည် စခန်းသွားခဲ့သူ INGO ဝန်ထမ်း ၁ ဦး ပါဝင်