လက်နက်ကြီးကျည် ထိမှန်သွားသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ရွာဟောင်းကျေးရွာမှ ဒေသခံ ရွာသား၂ ဦးမှာ ဒဏ်ရာပြင်းထန်သည့် အတွက် ယနေ့တွင် ကမ်းထောင်းကြီးတိုက်နယ် ဆေးရုံမှ တဆင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင် ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အဆိုပါ ၂ ဦးမှာ အသက် ၃၈ အရွယ် ဦးစိန်ဝင်းမောင်နှင့်၊ အသက် ၄၈ နှစ်အရွယ် ဦးသန်းမြင့်တို့ ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက် နေ့လယ်ပိုင်းတွင် ရွာအနီး ဒါးလက်ချောင်းထဲ၌ ငါးရှာနေစဉ် ကဇုကိုင်းကျေးရွာနှင့် ဂျိတ် ချောင်းကျေးရွာကြား ကျွဲဟိန်းတောင်ပေါ်ရှိ တပ်မတော် ယာယီ အမြောက်စခန်းဘက်မှ ပစ်လိုက်သည့် လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာများရရှိခြင်း ဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။
ဒဏ်ရာရသူ ဦးစိန်ဝင်းမောင်က “ကျနော်တို့က အဲဒီနေရာမှာ နေ့တိုင်း လှေတွေနဲ့ ငါးရှာနေကြတာ။ အဲဒီနေ့က ကဇူးကိုင်း ကျေးရွာနား ကျွဲဟိန်းတောင်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ၇ လုံးလောက်က ကျနော်တို့ အနားက ချောင်းထဲကို ကျ လာတယ်။ အဲဒီကနေ ကျည်စတွေ လွင့်စင်ကျလာပြီး ဒဏ်ရာ ရသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ လက်နက်ကြီးကျည်ကျမှုကြောင့် ဦးသန်းမြင့် ဆိုသူတွင် ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိကာ စစ်တွေ ပြည်သူ့ ဆေးရုံ အရိုး လူနာဆောင်တွင် ကုသနေပြီး၊ ဦးစိန်ဝင်းမောင်မှာ ရင်ဘတ်နှင့် လက်ဖံျတို့တွင် ဒဏ်ရာရှိခဲ့သည့် အတွက် ခွဲ စိတ်ဆောင်တွင် ကုသနေရခြင်း ဖြစ်သည်။
ထု့ိပြင် အခင်းဖြစ်ပွားရာနေ့က အမြောက်ပစ်ခတ်စဉ် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်းသိရသည်။
ဒဏ်ရာရသူများအား မြို့ပေါ် ဆေးရုံသို့ ဆေးကုသရန် သွားရာတွင်လည်း တပ်မတော်သားများက သွားလာခွင့် ကန့်သတ် ထားသည့်အတွက် ဒါးလက်ချောင်းမှနေ တပ်မတော်သားများ မသိအောင် ခိုးထွက်ကာ မြေပုံမြို့နယ် ကမ်းထောင်းကြီး ဆေးရုံမှတဆင့် စစ်တွေသို့ ယနေ့ ရောက်ရှိခြင်း ဖြစ်ကြောင်းလည်း ဦးစိန်ဝင်းမောင်က ရှင်းပြသည်။
အလားတူ အလယ်ရွာ အိုးထိန်းတောင်၊ အလယ်ကျွန်း ဘုရားသိမ်တောင်၊ ဒါးလက် ရှမ်းကုန်း စသည့် ဒါးလက်ဒေသတွင် တပ်မတော် ယာယီ အမြှောက်စခန်းများ တောင်ကုန်းတို့မှလည်း နေ့စဉ် လက်နက်ကြီးများ ပစ်ခတ်မှုများ ရှိနေသည့် အတွက် ဒေသခံများမှာ စိုးရိမ်နေကြရကြောင်း သိရသည်။
ဦးစိန်ဝင်းမောင်၏ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်းသန်းက “ကျမတို့ ကိုယ့်ရွာမှာပဲ အေးချမ်းစွာ လုပ်ကိုင် စားသောက်ချင် တယ်။ ဒါပေမယ့် အခုက လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိတဲ့အတွက် နေ့တိုင်း စိုးရိမ်ကြောက်လန့်နေရတယ်” ဟု ပြော သည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် တပ်မတော် သတင်း မှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်း တို့ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ထိုသို့ တပ်မတော်မှ ကန့်သတ်ခြင်းများ ရှိနေသည့်အတွက် ဒါးလက်အုပ်စုအတွင်း ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများ မှာ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စများတွင် သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြသည်။
အမ်းမြို့မှ လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်နေသူ ကိုမျိုးလွင်က “ဒေသခံတွေ လက်နက်ကြီးကျလို့ အသက်အန္တရာယ် ရှိနေရင် အချိန်မီ ဆေးကုသနိုင်ဖို့အတွက် လမ်းဖွင့်ပေးဖို့ လိုအပ်တယ်။ ဒီလို ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတွေကို ပိတ်ဆို့ ထားတဲ့အခါ ဒေသခံတွေ တော်တော် အခက်အခဲ ဖြစ်တာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ၂ နှစ်ကျော်အထိ ကြာမြင့်လာပြီး ဒေသခံ ပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
လက်နက်ကြီး၊ လက်နက်ငယ်များထိမှန်၍ အရပ်သားများမှာလည်း နေ့စဉ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့်အတူ အရပ် သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုလည်းများလည်း ရှိနေသည်။
You may also like these stories:
မီးရှို့ခံရသည့် ကျောက်တော် ရွာ၂ ရွာကို အစိုးရ ပြန်ဆောက်ပေးမည်
ရသေ့တောင်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်းထန်