တရုတ်နိုင်ငံဘက်က လောင်းကစားနှင့် တရားမဝင် ငွေကြေးသံသယဖြင့် ပြီးခဲ့သည့် နှစ်ပိုင်းများကတည်းက ပိတ်ထားခဲ့ သည့် မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကို ပြန်လည် ဖွင့်လှစ်ပေးရန် မြန်မာကုန်သည်များဘက်က တောင်းဆို လိုက်သည်။
ဒီဇင်ဘာလ ၇ ရက်က တရုတ်- မြန်မာ နှစ်ဖက် ခရိုင်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ၂ နိုင်ငံဆက်ဆံရေးရုံးမှ တာဝန်ရှိ သူများ အပါအဝင် မြန်မာနိုင်ငံဘက်က နယ်စပ်ကုန်သည်များတို့ တွေ့ဆုံဆွေးနွေးရာတွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကုန်သွယ်ရေး လုပ်ဆောင်နေကြသည့် သကြားကုန်သည်၊ ပဲ၊ ပြောင်း၊ နှမ်းကုန် သည်၊ ရေထွက်ကုန် တင်ပို့သည့်သူများနှင့် သစ်သီးဝလံ တင်ပို့သူများ အစရှိသည့် လုပ်ငန်း ပေါင်းစုံမှ တင်ပြလာသည့် ယခင်ကတည်း ပိတ်ထားခံရပြီး ယခုအချိန်အထိ မဖွင့်ပေးသော ဘဏ်အကောင့် ပေါင်း ၁၆၂ ကို ပြန်လည် စိစစ်ပြီး ပြန် ဖွင့်လှစ်ပေးရန် တရုတ်နိုင်ငံဘက်ကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးမင်းသိန်းက “တချို့အကောင့်တွေက ၂ နှစ် ၃ နှစ်လောက်ရှိပြီ။ တချို့က ၁ နှစ် စသဖြင့်ပေါ့။ တခြား အကောင့်တွေက ပြန်ပွင့်ပြီးတော့ ဒါတွေ ကျန်နေတာပေါ့။ တရုတ်နိုင်ငံဘက်ကလည်း အဆင့်ဆင့်ကို တင်ပြ ပြီးတော့ အမြန်ဆုံး ပြန်စိစစ် ပေးမယ်လို့ ပြောတယ်။ တရားမဝင် ငွေကြေးနဲ့ မပတ်သက်ဘူးဆိုရင် ချက်ချင်း ပြန် ဖွင့်ပေးမယ်လို့ ပြောသွားတယ်” ဟု ရှင်းပြသည်။
တရုတ်-မြန်မာ နယ်စပ် ကျယ်ဂေါင်နှင့် ရွှေလီရှိ တရုတ်ဘဏ်များတွင် ငွေစာရင်း ဖွင့်လှစ်ထားသည့် မြန်မာ ကုန်သည်များ ၏ ဘဏ်စာရင်းများကို တရုတ်နိုင်ငံဘက်က အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်ပြီးပစ္စည်း ရောင်းချမှုမှ ရရှိ သည့် ငွေများဟု စွပ်စွဲချက်ဖြင့် မကြာခဏ ပိတ်ခံရလေ့ ရှိသည်။
နယ်စပ် ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှု ပြုလုပ်ရာတွင် မြန်မာ ကုန်သည်အများစုသည် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ Agricultural Bank of China နှင့် Industrial and Commercial Bank of China ဘဏ်များတွင် ငွေစာရင်း ဖွင့်လှစ်ပြီး လုပ်ဆောင်ကြလျက် ရှိကြသည်။
၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင်လည်း အွန်လိုင်း လောင်းကစားမှုကို စစ်ဆေးရန် တရုတ်နိုင်ငံမှ ပိတ်ထားသည့် ဘဏ် အကောင့် ၃၄၉ ခု အနက် မြန်မာနိုင်ငံသားပိုင် ဘဏ်အကောင့် ၁၃၂ ခု ပါဝင်ခဲ့ကာ နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်မှုများ ပြု လုပ်ပြီးနောက် အကောင့်များ ပြန်လည် ဖွင့်ပေးခဲ့သည်။
လက်ရှိ အချိန်တွင် အဆိုပါ တွေ့ဆုံဆွေးနွေးမှု၏ အသေးစိတ်ရလဒ် အခြေအနေများကို သိရှိထားခြင်း မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ဘဏ်အကောင့်တွေနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ယူနန်အစိုးရက တင်ပြပြီး ဖွင့်နိုင်အောင် လုပ်ပေးသွားမယ် လို့ ပြောသွားတာ ရှိတယ်လို့ သိထားရတယ်” ဟု ဆိုသည်။
လတ်တလောတွင် နယ်စပ် ကုန်သွယ်ရေး၌ ပိုမို အဆင်ပြေနိုင်မည့် ငွေပေးချေရေးစနစ်တခု ဖြစ်ပေါ်လာစေရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းလျှက်ရှိပြီး ထိုသို့ ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များသည် ဗဟိုဘဏ်က အဓိက ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။
၎င်းက “တရားဝင် ငွေပေးချေမှု ဖြစ်သွားရင် ဘာပဲပြောပြော ဆုံးရှုံးနစ်နာမှုတွေ နည်းသွားမှာပေါ့။ နိုင်ငံတော်အတွက် လည်း တရားဝင် အခွန်တွေ ပိုရလာမှာ ဖြစ်တယ်။ ပြီးတော့ အခုကာလ ငွေပေးချေမှု ကိစ္စတွေက အဆင်မပြေမှု ပိုပြီး ဖြစ်လာတယ်။ ဒီအတွက်လည်း တင်ပြဆောင်ရွက်နေတယ်။ အဓိကတော့ ဗဟိုဘဏ်က လုပ်ပေးရမှာ” ဟု ပြောဆိုသည်။
တရုတ်နိုင်ငံဘက်က ဘဏ်အကောင့်များကို စိစစ်ရာတွင် ငွေကြေးစီးဆင်းမှုအပေါ် အခြေခံသည့်အတွက် ကုန်သွယ်မှု လုပ်ဆောင်နေသော ဘဏ်အကောင့်များ အပိတ်ခံရခြင်းဖြစ်ပြီး ထိုအပြင် အချိန်ကာလ ၆ လ မှ ၁ နှစ် ကျော်အထိ အပိတ်ခံရသည့်အတွက် ငွေကြေးလည်ပတ်မှု ရပ်တန့်သွားကာ လုပ်ငန်းဆောင်ရွက်ချက်များ အပေါ်အထိ သက်ရောက် ကြောင်း မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “၂ နိုင်ငံ ငွေကြေးဆိုင်ရာ ချိတ်ဆက်မှုက တရားဝင် လမ်းကြောင်း ရှိဖို့ လိုတယ်။ ဥပမာအားဖြင့် တရုတ်ဘက်က မြန်မာအကောင့်ထဲကို ငွေလွှဲပေးလိုက် လို့ရရင် ပြဿနာမရှိဘူး။ ဒီလိုစနစ်မျိုးကို အမြန်အကောင် အထည်ဖော်ပေးချင် တယ်။ ဒီလိုငွေပေးချေမှုကို ကောင်းသွားရင် တဖက်စောင်းနင်းဖြစ်နေတဲ့ ကုန်သွယ်ရေး အတွက်လည်း ပိုကောင်းလာမယ်” ဟု ပြောသည်။
မြန်မာ နိုင်ငံတော်ဗဟိုဘဏ် အနေဖြင့်လည်း ကုန်သွယ်မှု ငွေပေးချေရှင်းလင်းမှုကို ဂျပန်ယန်းနှင့် တရုတ်ယွမ် ငွေတို့ကို လိုင်စင်ရ ဘဏ်အချင်းချင်း အပြန်အလှန် စာရင်းဖွင့်ပြီး စာရင်းရှင်းလင်းပေးချေခြင်းမျိုး ခွင့်ပြုပေးထားပြီး လူတဦးချင်းနှင့် တရားဝင် အဖွဲ့အစည်းများအတွက် မပါဝင်သေးပေ။
ထို့ပြင် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ဆန်၊ သကြား အပါအဝင် ကုန်သွယ်မှု အများစုကို တရားဝင် သတ်မှတ် ထားသော်လည်း တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းအချို့ကိုသာ တရားဝင်ဖြစ်ကြောင်း သတ်မှတ်ထားသည့် ဘဏ်အချင်း ချင်း ငွေစာရင်းလွှဲပြောင်းမှုများအတွက် အခက်အခဲ ရှိနေသေးကြောင်း ကုန်သည်များက ပြောသည်။
လက်ရှိအချိန်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုသည် တရက်လျှင် ကုန်ကားအစီးရေ ၁၀၀ ကျော်ရှိပြီး ကုန်သွယ်မှု ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀ သန်း ဝန်းကျင်အထိ ရှိသည်။
တရုတ်-မြန်မာ နယ်စပ် မူဆယ် နယ်စပ်ကုန်သွယ်ရေးသည် ပုံမှန်အချိန်ကာလတွင် တရက်လျှင် အမေရိကန် ဒေါ်လာ ၁၅ သန်း ခန့် ရှိသော်လည်း ကိုဗစ်ကာလ၏ ကုန်သွယ်မှု အကန့်အသတ်များကြောင့် ကုန်သွယ်မှုမှာ ၃ ပုံ ၁ ပုံ လျော့ကျလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံက သိရသည်။
You may also like these stories:
တရားမဝင်ငွေကြေး သံသယဖြင့် မြန်မာဘဏ်အကောင့် ၁၀၀ ကျော် ထိုင်းဘက်က ပိတ်
နယ်စပ် ကုန်သွယ်ရေး စည်းကမ်းတချို့ တရုတ် ပြန်လည် ဖြေလျှော့ရန်ရှိ