မြဝတီ- မဲဆောက် နယ်စပ်ကုန်သွယ်ရေးကို အခြေပြု လုပ်ကိုင်နေသော ကုန်သည်များနှင့် မြန်မာနိုင်ငံသားများ၏ ထိုင်း နိုင်ငံဘက်တွင် ဖွင့်လှစ်ထားသော ဘဏ်အကောင့် ၁၀၀ ကျော်ကို တရားမဝင်ငွေကြေး သံသယဖြင့် ပိတ်သိမ်းလိုက် ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များသည် တရားမဝင်ငွေကြေးနှင့် မူးယစ်ဆေးဝါးမှ ရရှိထားသော ငွေကြေးများ ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် နိုဝင်ဘာ လလယ်ပိုင်းမှ ဒီဇင်ဘာ၂ ရက်အချိန်ထိ အကောင့်များ ပိတ်ပစ်လျက် ရှိကြောင်း မြဝတီအခြေပြု ကုန်သည်များနှင့် ငွေလွှဲလုပ်ငန်း လုပ်ဆောင်နေသူများက ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ကိုဗစ်ကြောင့် အသွားအလာ ကန့်သတ်ချက်များကြောင့် ကုန်ပစ္စည်း အရောင်းအဝယ်များအတွက် ငွေ ပေးချေမှုများကို လူချင်းတွေ့ကာ ပေးချေ မရ၍ ငွေလွှဲလုပ်ငန်းများ၏ အကောင့်များဖြင့်သာ ငွေပေးချေရခြင်းကြောင့် ယခု ကဲ့သို့ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် ထိုသို့ ငွေလွှဲလုပ်ကိုင်ခြင်းများမှာ အစိုးရများက တရားဝင်ခွင့်ပြုထားခြင်းမရှိသဖြင့် တရားမဝင် ငွေလွှဲ လုပ်ငန်း(ဟွန်ဒီ) များ ဖြစ်သည်။
ထိုင်းနိုင်ငံဘက်ကလည်း ဘဏ်အကောင့်များထဲသို့ ငွေကြေးအများအပြား ဝင်ရောက်လာခြင်းနှင့် အခြားအကောင့်များသို့ အကြိမ်အရေအတွက် အများအပြား ငွေလွှဲခြင်းများကြောင့် မူးယစ်ဆေးဝါးများမှ ရရှိသော ငွေမည်းကို ငွေကြေးခဝါချသည် ဟူသော သံသယဖြင့် မြန်မာနိုင်ငံသားများ၏ အကောင့်များကို ပိတ်ပစ်သည့် အခြေအနေရှိကြောင်း ဧရာဝတီ၏ သတင်း ရင်းမြစ်များက ပြောသည်။
ထိုသို့ မူးယစ်ဆေးရောင်းဝယ်မှုနှင့် ပတ်သက်၍ ငွေကြေးလွှဲပြောင်းမှုများ၊ ငွေကြေးခဝါချမှုများကြောင့် မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးမှုများ ရှိသကဲ့သို့ ပုံမှန်မဟုတ်သည့် ငွေလွှဲပြောင်းမှုများကို တွေ့ရှိခြင်း သို့မဟုတ် ဆက်နွယ်မှု ရှိသည်ဟု သံသယဖြစ်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံသားတချို့ကိုလည်း မကြာခဏ ခေါ်ယူစစ်ဆေးမှုများလည်း ရှိသည်။
၂၀၁၇ခုနှစ် နိုဝင်ဘာလက တာချီလိတ်မြို့တွင် နေထိုင်သည့် နန်းမြင့်သိန်းအေးဆိုသည့် အမျိုးသမီးသည် ဘန်ကောက်မြို့ သို့ သွားရောက်လည်ပတ်စဉ် ထိုင်း-မြန်မာနယ်စပ် မှ မူးယစ်ဆေးဝါး ဖောက်ကားသူများ၏ ငွေကြေးများကို လွှဲပြောင်းပေး သည်ဟု ဆိုကာ ထိုင်းရဲတပ်ဖွဲ့က စောင့်ကြည့်ဖမ်းဆီးပြီး သေဒဏ်အပြစ်ပေးခဲ့မှုများလည်း ရှိခဲ့သည်။
မြဝတီမြို့ခံ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတဦးက“အခုက အကောင့်ထဲကို ဘတ်(ထိုင်းငွေ) နည်းနည်းဝင်တာနဲ့ ချက်ချင်း ပိတ်ခံနေရတော့ အကုန်လုံးက လန့်နေကြရတာ။ အခုက ကိုဗစ်ကြောင့် ငွေပေးချေရေးကိစ္စက လူကိုယ်တိုင် မလုပ်နိုင် ကြတော့ ဘဏ်တွေကနေ ဘတ်နဲ့ ငွေချေတာကို အဓိက လုပ်နေရတာ” ဟု ဧရာဝတီသို့ ပြောဆိုသည်။
မြဝတီနယ်စပ် ကုန်သွယ်ရေးသည် ထိုင်းငွေဘတ်ဖြင့်သာ အဓိက ငွေပေးချေခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားများ၏ ငွေ ကြေးကို မြန်မာငွေဖြင့် လဲလှယ်ခြင်း လုပ်ဆောင်သော ဟွန်ဒီလုပ်ငန်း လုပ်ကိုင်ကြသူများ၏ ဘဏ်အကောင့်များသည် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ငွေပေးချေမှု လုပ်ဆောင်ပေးသည့် လုပ်ငန်းများ ဖြစ်လာ သည်။
“အလုပ်သမားတွေကဆီကရတဲ့ ဘတ်ကို ဘဏ်အကောင့်ထဲ ထည့်ပြီး ဒီဘက်က ကုန်သည်က ဟိုဘက်ထိုင်း ကုမ္ပဏီကို ငွေချေတဲ့အခါမှာ ဒီအကောင့်ထဲကနေ တဆင့် ငွေပေးချေကြတာ” ဟု ၎င်းက ရှင်းပြသည်။
ယခု အကောင့် ပိတ်ခံလိုက်သည့် ဘဏ်အကောင့်များတွင် အနည်းဆုံး ဘတ် ၄ သောင်း၊ ၅ သောင်းမှ အများဆုံး ဘတ်၂ သန်း (ကျပ်သိန်း ၁ ထောင်)မှ ၄ သန်းကျော် အထိရှိသည့် အကောင့်များ ပါဝင်ကြောင်း သိရသည်။
အလားတူ မြဝတီအခြေစိုက် ကုန်သည်တဦးက “ဒီနေ့ပဲ (ဒီဇင်ဘာ ၂ရက်) ကျနော်အကောင့် ပိတ်ခံရတယ်။ ဘာကြောင့် လဲဆိုတာ သေချာ မသိရသေးဘူး။ ဘတ်က သောင်းဂဏန်းပဲ ရှိတာ။ ကျနော်အကောင့်ဆိုရင် ထိုင်းမှာ ဆယ်စုနှစ် တခု လောက် နေနေတဲ့ မြန်မာနိုင်ငံသားက အမည်ခံ ဖွင့်ပေးထားတာပေါ့။ သူလည်း စုံစမ်းပေးနေတုန်းပဲ။ ဘာကြောင့် ဆိုတာ သေချာ မသိရသေးဘူး” ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံဘက်က ဘတ် ၁ သောင်းခန့် ဝင်ရောက်လျှင်ပင် မူးယစ်ဆေးဝါးမှရရှိသည့် ငွေကြေးများအဖြစ် အမည်တပ်လေ့ ရှိကာ ဘဏ်အကောင့်များကို ပိတ်သိမ်းလျက်ရှိကာ ၉၀ ရာခိုင်နှုန်းခန့်မှာ ငွေကြေးပြန်လည် မရရှိဘဲ ဆုံးရှုံးရလေ့ ရှိ ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ကိစ္စရပ်များ ဖြစ်ပေါ်နေရခြင်းမှာ နယ်စပ်ကုန်သွယ်ရေး၌ တရားဝင် ငွေပေးချေရေးစနစ်တခု အသေအချာ မရှိ ခြင်းကြောင့် ဖြစ်ပြီး၊ တရားဝင်ဘဏ် လုပ်ငန်းတချို့မှ ငွေလွှဲခြင်းများ လုပ်ဆောင်နိုင်သော်လည်း ဝန် ဆောင်ခနှုန်းထား စရိတ်စကလည်း ကြီးမားနေကြောင်း မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်း မြတ်က ဧရာဝတီသို့ ပြောသည်။
၎င်းက “သူတို့က ငွေလွှဲဆိုတော့ ၁ ရက်ထဲမှာပဲ သုံးလေးငါးကြိမ်၊ ၁၀ ကြိမ် ဖြစ်နေမှာပေါ့။ ထိုင်းဘက်က အကြိမ်ရေ များပြီဆိုရင် မူးယစ်ဆေးဝါး ဆိုပြီး သတ်မှတ်လိုက်ပြီးတော့ ပိတ် ပိတ်ပစ်တာ” ဟု ဆိုသည်။
မြဝတီအခြေစိုက် ကုန်သည်အများစုတွင်မူ ကိုယ်ပိုင်အကောင့်များ ရှိကြသည့်အတွက် ယင်းသို့ ပြဿနာများ မဖြစ်ပွား သော်လည်း အခြားဒေသများမှ လာရောက် ကုန်သွယ်ရေး လုပ်ဆောင်ကြသူများအတွက်မူ ယခု ကိုဗစ်ကာလတွင် ငွေ ပေးချေမှုကို ငွေလွှဲလုပ်ငန်းများကသာ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဒေါ်သင်းသင်းမြတ်က “အဓိက ကိုယ့်ငွေက မှန်ဖို့ လိုတာပေါ့။ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘူးဆိုရင် ဘာမှကြောက်စရာ မလိုဘူးလေ။ ကျမတို့ဆီ ဆက်သွယ်ပါ။ ဒီပြဿနာကို ကူညီဆောင်ရွက်ပေးလို့ ရပါတယ်။ ထိုင်း အကောင့်တခုကို ဒီဘက် ကပိတ်တုန်းကလည်း ကျမတို့ ကူညီဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ အချိန်တွင် ဘဏ်အကောင့်များ ပိတ်သိမ်းခံရသည့် သတင်းများကို ကြားသိနေရသော်လည်း မြဝတီ နယ်စပ်ကုန် သည်ကြီးအသင်းထံသို့ တရားဝင် ဆက်သွယ် အကူအညီ တောင်းခံခြင်းမျိုး မရှိသေးကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေးများ၌ နှစ်နိုင်ငံငွေကြေးများကို တရားဝင် ကိုင်ဆောင်ကာ ငွေပေးချေနိုင်မည့် မူဝါဒများ အကောင် အထည်ပေါ်လာပါက ထိုအခြေအနေများကို လျော့နည်းစေမည် ဖြစ်ကြောင်း ဒေါ်သင်းသင်းမြတ်က မှတ်ချက်ပြုသည်။
အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ ဘဏ်လုပ်ငန်းပညာရှင် ဦးသန်းလွင်က “ တကယ်တော့ ဒီလိုမျိုး ခဏခဏခံရတာ လည်း များပြီ။ ဘဏ်စနစ်က သူတို့ပြောသလို ဝန်ဆောင်ခက များတာ မှန်ပေမဲ့ အာမခံချက်ရှိတယ်၊ ဆုံးရှုံးမှုတွေ မဖြစ်တော့ဘူးပေါ့။ ကုန်သည်တွေကလည်း ဘာလို့ ဘဏ် စနစ်ကို မသုံးချင်လည်း ဆိုတာတော့ မသိဘူး” ဟု ပြောဆိုသည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေးငွေပေးချေမှုတွင် ယခုအခက်အခဲများဖြစ်ပေါ်နေသည်မှာ အချိန်ကာလများစွာ ရှိနေသည့်တိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးခြင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အားနည်းချက်များစွာ ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
ဦးသန်းလွင်က “ ထိုင်းဗဟိုဘဏ်နဲ့ MoU ထိုးတာကလည်း အဖြစ်သဘောများ လုပ်သလားမသိဘူး။ ထိုင်း ဗဟိုဘဏ်ဥက္ကဋ္ဌ တောင် ပြောင်းသွားပြီး ထင်တယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်များ ထုတ်ပေးထားပြီး ဖြစ်သော်လည်း ယင်းလုပ်ငန်းများသည် ရွေ့ပြောင်း လုပ်သားများ၏ တဦးတယောက်ချင်း၏ ဝင်ငွေကိုသာ ပြန်လွှဲပေးနိုင်မည့် ဝန်ဆောင်မှုဖြစ်ပြီး ကုန်သွယ်ရေးငွေပေးချေမှု ကိစ္စရပ်များ မပါဝင်သေးသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တို့က ကုန်သည်များနှင့် တွေ့ဆုံကာ ကုန်သွယ်ရေးငွေပေး ချေရေး စနစ်တခု ဖန်တီးပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ပြည်တွင်းဘဏ်တခုမှ ထိုင်းနိုင်ငံ၏ ဘဏ်တခုသို့ အမေရိကန်ဒေါ်လာ ၂၀၀၀၀ အောက်(ကျပ်သိန်း ၃၀၀ဝန်းကျင်) ငွေလွှဲမည်ဆိုပါက ဝန်ဆောင်ခအနေဖြင့် အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ (ကျပ် ၅ သောင်းခန့်) ကျသင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀၀၀၀ အထက်ဖြစ်ပါက ဝန်ဆောင်ခ ၁၀ ဒေါ်လာ နှင့် ငွေလွှဲသည့် ပမာဏကို ၀. ၂၅ ရာခိုင်နှုန်းဖြင့် မြှောက်သည့် ပမာဏကို ဝန်ဆောင်ခ ပေးရမည်ဖြစ်သည်။
ထိုင်းနိုင်ငံဘဏ် တခုမှ ပြည်တွင်းဘဏ်တခုခု၏ ဘဏ်အကောင့်စာရင်းထဲသို့ ငွေလွှဲမည့်ဆိုပါက ဝန်ဆောင်ခ မြန်မာကျပ် ငွေ ၁၂၀၀၀ (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁၁ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ (ဘဏ်အပေါ်မူတည်ပြီး ဝန်ဆောင်ခ အပြောင်းအလဲရှိနိုင်ပါသည်။)
ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းဘတ်နှင့် မြန်မာကျပ်ငွေ အသုံးပြုရေးအတွက် ထိုင်းဗဟိုဘဏ်နှင့် မြန်မာဗဟိုဘဏ်တို့ကြား၂၀၁၉ အောက်တိုဘာလ ၁၈ ရက်တွင် အမေရိကန်၌ ကျင်းပခဲ့သော ကမာ္ဘ့ဘဏ်အဖွဲ့ဝင် နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ့၏ အစည်းအဝေးတွင် နှစ်နိုင်ငံ ဗဟိုဘဏ်များကြား နားလည်မှု စာချွန်လွှာ နှစ်စောင်ကို လက် မှတ် ရေးထိုးထားသည်။
ထို MoU၂ စောင်မှာ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုနှင့် ငွေရှင်းလင်းမှုများတွင် မြန်မာကျပ်ငွေနှင့် ထိုင်း ဘတ်ငွေ အသုံးပြုမှု အားပေးရေးအတွက် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးနှင့် ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် ငွေလွှဲ ပြောင်းမှုများ ပိုမို ထိရောက်ရေးနှင့် လုံခြုံရေး အားပေးရန် ဘဏ္ဍာရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုများနှင့် ငွေပေးချေမှု ဝန် ဆောင်မှုများကို ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားရန်တို့ ဖြစ်သည်။
အဆိုပါ နှစ်နိုင်ငံကြား နယ်စပ်ငွေပေးချေရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လတ်တလော အချိန်ထိ အကြောင်းတစုံတရာ ထပ်မံ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
သို့သော်လည်း မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများကြား တရားမဝင် ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး နိုင်ငံတွင်း တရားဝင် ငွေ ကြေး စီးဆင်းမှု တိုးတက်စေရန် ရည်ရွယ်၍ ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင်ကို ပထမဦးဆုံး အကြိမ်အဖြစ် စတင် ခွင့်ပြုပေး လျက်ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ပြည်တွင်းကုမ္ပဏီ ၄ ခုနှင့် ထိုင်းအခြေစိုက် ကုမ္ပဏီ ၁ ခုကို ပြည်ပ ငွေလွှဲ လုပ်ငန်း လိုင်စင် ထုတ်ပေးထားလျက် ရှိသည်။
အထက်ပါ မြဝတီမြို့မှ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ တဦးက “ကျနော်တို့လည်း ဒီလုပ်ငန်းလိုင်စင်ကို လျှောက် ထားတယ်။ ဒီဟာ လုပ်ကိုင်ခွင့် ရရှိလာမယ်ဆိုရင် ဒီလို ပြဿနာတွေကို အထိုက်လျှောက် ဖြေရှင်းနိုင်လိမ့်မယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
You may also like these stories:
ပြည်ပငွေလွှဲလုပ်ငန်း လုပ်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅ခုကို စတင်ခွင်ပြု
ငွေကြေးခဝါချမှုများ ထပ်မဖြစ်ရန် ဘဏ်များကို ပို၍ တင်းကြပ်သွားမည်ဟု ဗဟိုဘဏ်ပြော