စီးပွားရေး

ပြည်ပငွေလွှဲလုပ်ငန်း လုပ်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅ခုကို စတင်ခွင်ပြု

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများကြား တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး နိုင်ငံတွင်း တရားဝင်ငွေကြေး စီးဆင်းမှု တိုးတက်စေရန် ရည်ရွယ်ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅ ခုကို ဗဟိုဘဏ်က ပြည်ပငွေလွှဲ လုပ်ငန်း လိုင်စင်ကို ပထမဦးဆုံးအကြိမ်အဖြစ် စတင် ခွင့်ပြုလိုက်သည်။

ပြည်ပငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ပြည်တွင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် OK Zune၊ ဝါးခယ် မ၊ Top Shine၊ OKM ကုမ္ပဏီများနှင့် ထိုင်းနိုင်ငံအခြေစိုက် 2C2P ကုမ္ပဏီတို့ကို နိုဝင်ဘာလ ၂၀ ရက်နေ့က လုပ်ငန်း လိုင်စင်ထုတ်ပေးလိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ယင်းသို့ ခွင့်ပြုခြင်းသည် အခြားနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် မိမိနိုင်ငံသို့ ငွေပြန်လွှဲရာတွင် အသုံးပြုနေရသည့် လုံခြုံစိတ်ချမှု မရှိသော တရားမဝင် ငွေလွှဲလုပ်ငန်းများ (ခေါ်) ဟွန်ဒီမှတဆင့် ငွေပြန်လွှဲခြင်းကို လျှော့ချစေရန် ဗဟိုဘဏ်က ရည်ရွယ်ခြင်းဖြစ်သည်။

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် သက်တမ်းကို သုံးနှစ်သတ်မှတ်ထားပြီး အာမခံ ငွေကြေး အနေဖြင့် ကျပ်သိန်း ၁၀၀၀ ပေးသွင်းရမည်ဖြစ်ကာ ကနဦးလိုင်စင်အတွက် ကျပ် ၁၀ သိန်း (ကျပ် ၁ သန်း) နှင့် နှစ်စဉ်ကြေးအနေဖြင့် ကျပ် ၁ သိန်း ပေးသွင်းရမည်ဖြစ်သည်။

“အခုလို တရားဝင်ခွင့်ပြုလိုက်တာ ကောင်းတယ်။ ဒါမှလည်း နိုင်ငံထဲ နိုင်ငံခြား ငွေစီးဆင်းမှုကို ဗဟိုဘဏ်ရဲ့ ထိန်း ချုပ်မှု အောက်မှ ပိုရှိလာမှာပေါ့။ ပိုပြီးတော့လည်း စီးပွားရေးအတွက်လည်း ပိုပြီးတော့ ချိန်ထိုးပြီးကြည့် လာနိုင်မှာပေါ့” ဟု စီးပွားရေးသုတေသီ ဦးမင်းဇာနည်လင်းက မှတ်ချက်ပြုသည်။

သို့သော်လည်း ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ငန်းအနီး ပတ်ဝန်းကျင်မှအစ ၎င်းတို့၏ မိသားစုများရှိရာ ကျေးလက် ဒေသ အထိပါ ကွန်ရက်ချိတ်ဆက် ထားနိုင်သော ဟွန်ဒီလုပ်ငန်းများကို အသုံးပြုမှုလျှော့ကျလာစေရန်အတွက် ကိုမူ အချိန်တခုအထိ စောင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးမင်းဇာနည်လင်းသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ မူဝါဒများ၊ ရွှေ့ပြောင်း လုပ်သားများအရေး၊ အစားအသောက်ဘေးကင်းလုံ့ခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာစောင့်ကြည့်နေသည့် အဖွဲ့အစည်းတခုဖြစ်သည့် မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ CESD မှ စီးပွားရေးသုတေသီ တဦးဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားသည် ၎င်းတို့ရရှိသော လစာငွေများကို မိသားစု ထံသို့ ပြန်လည်ငွေလွှဲရာတွင် ပြည်တွင်း ဘဏ်များနှင့် ချိတ်ဆက်ပြီး ငွေလွှဲမှုများ ရှိသော်လည်း အများစုမှာ တရားမဝင် ငွေလွှဲလုပ်ငန်း (ဟွန်ဒီ) များကိုသာ အသုံးပြုပြီး ပေးပို့လျက်ရှိကြသည်။

တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)ကို ရွှေ့ပြောင်းလုပ်သားများမှ ငွေလွှဲခြင်း အပြင် ငွေကြေးပမာဏများပြားသော နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုများတွင်လည်း အသုံးပြုလျက်ရှိကြသည်။

မြန်မာနိုင်ငံမှ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် နိုင်ငံ အစရှိသည့် ပြည်ပနိုင်ငံများသို့ တရားဝင် နှင့် တရားမဝင် သွားရောက် အလုပ်လုပ်ကိုင် လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားဦးရေသည် နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်း ဖြစ်သော ၅ သန်းကျော် အထိရှိသည်။

ထိုင်းနိုင်ငံတခုထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေပေါင်း ၄ သန်းကျော် အထိရှိပြီး ယင်းပမာဏ၏ ထက်ဝက် ကျော်မှာ တရားမဝင်လုပ်သားများ ဖြစ်သည်။

You may also like these stories:

RCEP ကုန်သွယ်ရေး သဘောတူစာချုပ်က မြန်မာအတွက် ဘာအဓိပ္ပါယ်လဲ

NLD အစိုးရသစ်က မြန်မာ့စီးပွားရေး အားကောင်းအောင် လုပ်နိုင်မလား

အသေးစား ချေးငွေ ပံ့ပိုးပေးနိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပြော

Loading