စီးပွားရေး

RCEP ကုန်သွယ်ရေး သဘောတူစာချုပ်က မြန်မာအတွက် ဘာအဓိပ္ပါယ်လဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသည် ကုန်သွယ်ရေးမြှင့်တင်ရန်၊ ဒေသတွင်းသို့ ရင်းနှီးမြှုပ်မှုများ ဆွဲဆောင်ရန်၊ ပြည်တွင်း အသေးစားအလတ်စား လုပ်ငန်းများ နိုင်ငံတကာ ကုန်ထုတ်လုပ်ရေး ကွန်ရက်နှင့် ချိတ်ဆက်မိစေရန်၊ ကိုဗစ်အလွန်ကာလ မြန်မာ့စီးပွားရေးနာလန်ထမှုကို အထောက်အကူ ပြုရန် မျှော်လင့်ချက်ဖြင့် ကမ္ဘာ့စုစုပေါင်း ကုန်ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းရှိသော ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေးဇုန် တည်ထောင်ရေးတွင် တရုတ်၊ ဂျပန်နှင့် အခြားနိုင်ငံ ၁၂ နိုင်ငံတို့နှင့် ပူးပေါင်းခဲ့သည်။

ကာလကြာမြင့်စွာ နှောင့်နှေးနေသော ထို ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) ကို တနင်္ဂနွေနေ့တွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျှ၊ နယူးဇီလန်နှင့် အရှေ့တောင်အာရှ နိုင်ငံများ (ASEAN) အသင်းဝင် ၁၀ နိုင်ငံတို့လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်၏ ရည်ရွယ်ချက်မှာ အထူးသဖြင့် စက်မှုနှင့် လယ်ယာ စိုက်ပျိုးရေး ထုတ်ကုန်များအတွက် အခွန်များကို ဖယ်ရှား လျှော့ချခြင်းဖြင့် အာရှပစိဖိတ်ဒေသ တခုလုံးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုုပ်နှံမှု ဖွင့်ပေးရန်နှင့် အစိုးရဝယ်ယူမှုများ၊ ယှဉ်ပြိုင်မှု မူဝါဒ၊ အီးကောမာ့စ်၊ ကုန်သွယ်ရေး၊ အချက်အလက်ထုတ်လွှင့်ရေးနှင့် ဉာဏပစ္စည်းများနှင့် ပတ်သက်သည့် စည်းမျည်းသစ်များ ချမှတ်ရန်ဖြစ်သည်။

ဗီဒီယိုမှ ကျင်းပသည့် ထိုလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ဒီသမိုင်းဝင် ကုန်သွယ်ရေး သဘောတူစာချုပ်က ကျမတို့ဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု စနစ်အပေါ် ယုံကြည်မှုကို ထိန်းသိမ်းဖို့၊ စီးပွားရေး လုပ်ငန်းအသိုင်းအဝန်းရဲ့ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ ဒေသတွင် စီးပွားရေး ပြန်လည်နာလန်ထမှုကို အထောက်အကူပြုဖို့ ကတိကဝတ်ပြုကြောင်း ကမ္ဘာကို အခိုင်အမာ ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်” ဟုပြောသည်။

RCEP သည် ကောင်းစွာ အလုပ်လုပ်ပြီး စွမ်းရည်မြင့်မားကာ စည်းမျဉ်းအခြေပြု နိုင်ငံတကာ ကုန်သွယ်ရေးစနစ်၏ အစိတ်အပိုင်းအဖြစ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေပြီး အရှိန်အဟုန် ရလာစေမည့် မောင်းနှင်အားသစ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

RCEP နိုင်ငံများသည် ကမ္ဘာ့စုစုပေါင်း ကုန်ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး စားသုံးသူ ၂.၂ ဘီလျံ အကျုံးဝင်မည်ဖြစ်သည်။

RCEP သည် ကောင်းစွာ အလုပ်လုပ်ပြီး စွမ်းရည်မြင့်မားကာ စည်းမျဉ်းအခြေပြု နိုင်ငံတကာ ကုန်သွယ်ရေးစနစ်၏ အစိတ်အပိုင်းအဖြစ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေပြီး အရှိန်အဟုန် ရလာစေမည့် မောင်းနှင်အားသစ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

မြန်မာနိုင်ငံသည် RCEP သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖေါ်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကတိပြုသည်။

RCEP သည် မြန်မာနိုင်ငံအတွက် ဘာယူဆောင်လာမည်နည်း။

၂၀၁၁ ခုနှစ်က အဆိုပြုခဲ့သော ထိုသဘောတူစာချုပ်သည် အဖွဲ့ဝင်နိုင်ငံများအကြား ၈ နှစ်ကြာ ညှိနှိုင်းမှုများ၏ ရလဒ်ဖြစ်သည်။ RCEP သဘောတူစာချုပ်ပါ စာရွက်စာတမ်းများအရ ထိုသဘောတူစာချုပ်သည် အဖွဲ့ဝင်နိုင်ငံများက အတည်ပြုပြီး တနှစ်ခွဲမှ နှစ်နှစ်အတွင်း စတင်အသက်ဝင်မည်ဖြစ်သည်။

ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) ကို တနင်္ဂနွေနေ့က တယ်လီကွန်ဖရင့်တွင် လက်မှတ်ထိုးရာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်းတို့ နေပြည်တော်မှ ပါဝင်ခဲ့ကြစဉ်/MIFER

အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့အကြား ကုန်စည်ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကို စာချုပ်အသက်ဝင်သည့် အချိန်မှ နှစ် ၂၀ အတွင်း အခွန်ဖယ်ရှားပေးရန် သဘောတူကြသည်။ သို့သော် မြန်မာနိုင်ငံသည် ဒေသတွင်းတွင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအနက် တန်ိုင်ငံဖြစ်သောကြောင့် ထိုစာချုပ်သစ်တွင် ပါဝင်ရန် မြန်မာနိုင်ငံ၏ အသင့်ဖြစ်မှုနှင့် အဖွဲဝင်နိုင်ငံများက ချမှတ်သည့် စည်းမျဉ်းသစ်များအား အကောင်အထည်ဖေါ်ရန် အစိုးရက မည်သည့် ပြင်ဆင်မှုများပြုလုပ်ထားသည်တို့ နှင့်ပတ်သက်ပြီး မေးခွန်းများ ပေါ်ထွက်လာသည်။

အဖွဲ့ဝင်နိုင်ငံများက အုပ်စုအတွင်းမှ မြန်မာအပါအဝင် အဆင်းရဲဆုံး နိုင်ငံများအတွက် အထူးအခွင့်အရေးများ ပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန(MIFER) မှ ညွှန်ကြားရေးမှူးချုပ်တဦးဖြစ်သူ ဦးသန်းအောင်ကျော်ပြောသည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအတွက် ကုလသမဂ္ဂက တောင်းဆိုသည့် နောက်ဆက်တွဲ အခွင့်အရေးများနှင့် ပြဋ္ဌာန်းချက်များဆိုင်ရာ အရ အလျှော့ပေးမှုများ ပြုလုပ်ရန်လည်း သဘောတူကြောင်း သူပြောသည်။

ဦးသန်းအောင်ကျော်သည် ညှိနှိုင်းမှုများတွင် သက်ဆိုင်ရာ အလုပ်အဖွဲ့ဝင်များကို ဦးဆောင်ပြီး အဖွဲ့ဝင် ၁၆ ဦးပါသည့် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှု ညှိနှိုင်းရေးကော်မတီတွင် RCEP ကုန်သွယ်ရေးညှိနှိုင်းရေးမှူးတာဝန်တွင် ၂၀၁၉ ခုနှစ်မှ စတင် ထမ်းဆောင်နေသည်။

 မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့ကမူ ၎င်းတို့၏ ဖွံဖြိုးတိုးတက်မှု အဆင့်အရ ကုန်စည်ကုန်သွယ်မှုအတွက် အခွန်များ၏ ၃၀ ရာခိုင်နှုန်းကိုသာ ဖျက်သိမ်းရန် လိုမည်ဖြစ်သည်။

အခွန်ဖျက်သိမ်းရေးနှင့် ပတ်သက်သည့် ထိုသဘောတူညီချက်၏ ပြဋ္ဌာန်းချက်များအရ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို တို့သည် အခြားနိုင်ငံများထက် အခွင့်ထူးများ ရရှိမည်ဖြစ်ကြောင်း ဦးသန်းအောင်ကျော်ပြောပြီး အဖွဲ့ဝင် နိုင်ငံများသည် စာချုပ်အသက်ဝင်သည်နှင့် တပြိုင်နက် အဖွဲ့ဝင်များအကြား ကုန်စည် ကုန်သွယ်မှု၏ ၆၅ ရာခိုင်နှုန်းအတွက် အခွန်များကို ဖျက်သိမ်းရမည်ဖြစ်သည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့ကမူ ၎င်းတို့၏ ဖွံဖြိုးတိုးတက်မှု အဆင့်အရ ကုန်စည်ကုန်သွယ်မှုအတွက် အခွန်များ၏ ၃၀ ရာခိုင်နှုန်းကိုသာ ဖျက်သိမ်းရန် လိုမည်ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများသည် စာချုပ်အသက်ဝင်သည့် အချိန်မှ ၁၀ နှစ်အတွင်း ၎င်းတို့အကြား ကုန်စည်ကုန်သွယ်မှုအတွက် အခွန် ၈၀ ရာခိုင်နှုန်းကို ဖျက်သိမ်းရန်လည်း သဘောတူကြသော်လည်း မြန်မာနှင့် အထက်ပါ အခြား နှစ်နိုင်ငံသည် ထိုကိစ္စအတွက် အချိန် ၁၅ နှစ် ရမည်ဖြစ်ကြောင်း ဦးသန်းအောင်ကျော်ပြောသည်။

ထို့အပြင် အီးကောမာ့စ်၊ ဉာဏပစ္စည်းနှင့် ယှဉ်ပြိုင်မှု ဆိုင်ရာ သဘောတူညီချက်များအရ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလသည် အနည်းဆုံး သုံးနှစ်မှ အများဆုံး ၁၀ နှစ်အတွင်း ဖြစ်သည်ကို အဖွဲ့ဝင် နိုင်ငံများက သဘောတူကြသည်။ ကုန်သွယ်ရေး ကဏ္ဍအတွက် အသွင်ကူးပြောင်မှုကာလကိုမူ စာချုပ်က မြန်မာနိုင်ငံအတွက် ၁၅ နှစ်အထိခွင့်ပြုသည်။ အစိုးရ၏ ဝယ်ယူရေး ကဏ္ဍနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသည် ပဋိညာဉ်ပါ တာဝန်များမှ ကင်းလွှတ်ခွင့် ရမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပွင့်လင်းမြင်သာမှုဆိုင်ရာတွင် ပူးပေါင်းဆောင်ရွက်ရာတွင်သာ ထိုစာချုပ်ကို လိုက်နာရန်လိုသည်။

RCEP သည် အသေးစားလုပ်ငန်းများကို ကာကွယ်ရန် ပျက်ကွက်သောကြောင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်နိုင်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ မြန်မာနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးနီးပါးတို့တွင် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် အမျိုးမျိုး ရှိပြီးဖြစ်သည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်ကြောင်းနှင့် RCEP သည် ထိုလုပ်ငန်းစဉ်ကို ပိုမိုအဆင့်မြင့်စွာ တစုတစည်းတည်း ပေါင်းစည်းလိုက်ခြင်းသာဖြစ်ကြောင်း ဦးသန်းအောင်ကျော်ပြောသည်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ထိခိုက်စရာ အကြောင်းမရှိကြောင်း သူပြောသည်။

“ကျနော်တို့က ကျနော်တို့ ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ ဖွင့်ပေးရပြီး တခြားနိုင်ငံတွေက ၆၅ ရာခိုင်နှုန်း ဖွင့်ပေးရမှာ။ ကျနော်တို့က သူများတွေထက် အခွင့်ထူးရနေတယ်။ ဒီလိုအခွင့်အရေးကို အရယူဖို့ လိုတယ်” ဟု ဦးသန်းအောင်ကျော်ပြောသည်။

ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံသည် ထိုမူဘောင်မှ နိုင်ငံတကာ စံနှုန်းများကို ကျင့်သုံးခြင်း၊ ၎င်း၏ လုပ်ငန်းအဆင့်ဆင့်နှင့် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများကို နိုင်ငံတကာ အဆင့်သို့ အဆင့်မြှင့်တင်ခြင်း အပါအဝင် ထိုစာချုပ်တွင် ပေါင်းစည်းရေး ပြင်ဆင်ရန် အချိန်အလုံအလောက်ရကြောင်း ဦးသန်းအောင်ကျော်ပြောသည်။

MIFER ၏ အဆိုအရ ထိုစာချုပ်အကောင်အထည်ဖေါ်ရေး အတွက် ပြင်ဆင်ရန် တာဝန်ပေးခံထားရသော မြန်မာအစိုးရ အရာရှိများသည် ပြည်တွင်းထုတ်ကုန်များအတွက် ဈေးကွက်သစ်များ ရှာဖွေရန် စီမံကိန်းများရေးဆွဲခြင်း အပါအဝင် ကိစ္စမျာအတွက် ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် ဆွေးနွေးရန် ပြင်ဆင်နေကြောင်း သိရသည်။

“ကျနော်တို့နိုင်ငံကနေ တင်ပို့ဖို့ ထုတ်ကုန်တွေ ပြင်ဆင်ဖို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ကျနော်တို့ အကြောင်းကြားမှာပါ။ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ပို့ကုန်အတွက် တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ဖို့ စီမံကိန်း ကျနော်တို့မှာ ရှိတယ်”

“ကျနော်တို့နိုင်ငံကနေ တင်ပို့ဖို့ ထုတ်ကုန်တွေ ပြင်ဆင်ဖို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ကျနော်တို့ အကြောင်းကြားမှာပါ။ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ပို့ကုန်အတွက် တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ဖို့ စီမံကိန်း ကျနော်တို့မှာ ရှိတယ်” ဟု ဦးသန်းအောင်ကျော်ပြောသည်။

ထိုသဘောတူညီချက်သည် ကိုဗစ်-၁၉ အလွန်ကာလတွင် မြန်မာ့ ပို့ကုန် ကဏ္ဍကို အထောက်အကူပြုခြင်းဖြင့် မြန်မာ့စီးပွားရေးကို ပြန်လည် အသက်သွင်းရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း MIFER က ဆိုသည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ရန် ကိုယ်စားလှယ်နေရာ အလုံအလောက်ရသည်။ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်လည်း အသေးစားအလတ်စားလုပ်ငန်းများနှင့် ပိုမိုတာဝန်သိပြီး အရည်အချင်း ပိုမိုပြည့်မီသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရေး၊ ကိုဗစ်-၁၉ က စီးပွားရေးအပေါ်ထိခိုက်မှုကို သက်သာစေမည့် အချက်များ၊ တိုင်းပြည်စီးပွားရေးကို ပြန်လည်အသက်သွင်းကာ ဈေးကွက်သစ်များ ရှာဖွေခြင်းတို့အပါအဝင် အချက် ၈ ချက်ပါ စီးပွားရေး အစီအစဉ်ပါဝင်သည်။

RCEP သည် မြန်မာနိုင်ငံမှ ပို့ကုန်များအတွက် ကြီးမားသော ဈေးကွက်နှင့် တာဝန်သိ အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု MIFER က ဆိုသည်။

လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးအပါအဝင် လိုအပ်သော အခြေခံ အဆောက်အအုံများ တည်ဆောက် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေကြောင်း ဦးသန်းအောင်ကျော်ပြောသည်။

“ ဒီစာချုပ်မှာ အပြည်အဝပါဝင်ဖို့ ပြင်ဆင်ချိန် အလုံအလောက် ကျနော်တို့ ရထားတယ်။ ဒါကြောင့် ဒီအခွင့်အရေးတွေ အများဆုံးရအောင် အကောင်းဆုံးပြင်ဆင်ဖို့ လိုတယ်” ဟု ဦးသန်းအောင်ကျော်ပြောသည်။

(Nan Lwin ၏ What Does the RCEP Trade Agreement Mean for Myanmar? ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

NLD အစိုးရသစ်က မြန်မာ့စီးပွားရေး အားကောင်းအောင် လုပ်နိုင်မလား

အသစ်တက်လာမည့် အစိုးရသစ်အပေါ် လုပ်ငန်းရှင်တွေ ဘာတွေ မျှော်လင့်ထားကြသလဲ

စားနပ်ရိက္ခာဟာ ဝမ်းဝရုံ အသက်မွေးရုံ သက်သက် မဟုတ်ဘူး

Did you find apk for android? You can find new Free Android Games and apps.
Loading