အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရပ်/ကျေး အလုပ်အမှုဆောင် ဦးလွင်မောင်ထွေးအား အဖွဲ့အစည်းတခုမှ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားမှုနှင့် ပတ်သက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ NLD ပါတီဗဟိုက တောင်းဆိုလိုက် သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာ အုပ်စု၊ သံယောဇဉ် ရွှေမော်အတွင်း နေထိုင်သူ ဦးလွင်မောင် ထွေး အနေဖြင့် ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ဖမ်းဆီးခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က ဖမ်းဆီးသည်ကို မသိရသေးကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က “ဘာကြောင့် ဖမ်းတယ်၊ ဘယ်အဖွဲ့က ဖမ်းတယ် ဆိုတာ မသိရသေးပါဘူး။ ကျနော်တို့ကတော့ ဖမ်းဆီးထားတဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ အသက်အိုးအိမ်နဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ဖြစ်သည့် သံယောဇဉ် ရွှေမော်ဒေသအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရှမ်းနီ အမျိုးသား တပ်မတော်(SNA) တို့ နယ်မြေ လှုပ်ရှားလျက်ရှိပြီး ဒေသခံအချို့အနေဖြင့် ဖမ်းဆီမှုမှာ SNA တပ်ဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိသော်လည်း တိကျသေခြာသည့် အထောက်အထား မရှိသေးကြောင်းလည်း ပါတီတာဝန်ရှိသူများက ပြောသည်။
ဦးလွင်မောင်ထွေး၏ မိသားစုဝင်တဦးက “ဘာအဆက်အသွယ်မှ မရသေးဘူး။ ဘယ်နေရာမှာ ရောက်နေမှန်းလည်း မသိ ဘူး။ ကျမတို့လည်း အရမ်းသိချင်နေပြီ။ လာဖမ်းတာက ၄ ယောက်လောက်ပဲ။ မနေ့ည ၇ နာရီလောက်မှာ ‘ကိုကုလားရေ’ လို့ လှမ်းခေါ်တော့ ဧည့်သည်ပဲ ထင်ပြီး ဆင်းသွားတာမှာ ပါသွားတော့တာပါ။ ပြောကြတာတွေတော့ ရှိပေမယ့် အရမ်း လည်း မပြောရဲဘူး။ တော်ကြာ သူ့အတွက် ပိုပြီးအကြပ်အတည်း ဖြစ်မှာ စိုးရိမ်ပါတယ်။ ဘာလုပ်ရမှန်းကို မသိပါဘူး။ ကူညီ ပေးမယ့်သူတွေ ပေါ်စေချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် ၁၁ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေးက “ပုဂ္ဂိုလ်ရေးလား၊ ပါတီ ကြောင့်လား၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်လား၊ ငွေကြေးကြောင့်လား ဘာမှကို မသိရသေးဘူး။ နယ်မြေက အဖြူရောင် နယ်မြေလို့ ပြောလို့ မရဘူး။ ဒီကိစ္စက နိုင်ငံရေးကြောင့်ပဲ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးတွေ ပါမယ်လို့ ထင်ပါတယ်” ဟု ပြောပြ သည်။
ဦးလွင်မောင်ထွေး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ရှမ်းနီအမျိုးသား တပ်မတော်ဘက်က မသိရှိသေးကြောင်းနှင့် ဖမ်းဆီးရန် စေခိုင်းထားခြင်းမျိုးလည်း မရှိကြောင်း SNA တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆေးစိုင်းထွန်းက ပြောသည်။
ဗိုလ်မှူးကြီး ဆေးစိုင်ထွန်းက “ကျနော်တို့ အခုပြောမှ သိရတာပါ။ ကျနော်တို့ ဒီလို ဖမ်းဆီးမှုမျိုး မလုပ်ဖို့လည်း (အဖွဲ့အစည်း အတွင်း) တားမြစ်ထားပါတယ်။ ကျနော်တို့ ပြန်စိစစ်ပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ၎င်း၏ မိသားစုဝင်များနှင့် NLD ပါတီဘက်က ဖမ်းဆီးသည့် အကြောင်း အရင်းနှင့် အဖွဲ့အစည်းအား စုံစမ်းနေဆဲသာဖြစ်ပြီး ယနေ့မနက်ပိုင်းအထိ ရဲတပ်ဖွဲ့ထံ အမှုဖွင့်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကလည်း မသိရှိသေးကြောင်း ပြောသည်။
You may also like these stories:
SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ပြန်လွတ်ဖို့ UWSA ထံ မိသားစု အကူအညီတောင်း