အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်အခတ် ရပ်ဆိုင်းသည့် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကို လူထု၏ သဘောဆန္ဒနှင့် ကွဲလွဲသည့်လုပ်ရပ် လုပ်သည်ဟုဆိုကာ တအန်း အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့က ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်သည်။
အဆိုပါ ၁၂ ဖွဲ့တွင် တအန်းအမျိုးသမီးအဖွဲ့စည်း၊ တအန်းပညာရေးအင်စတီကျူ့၊ တအန်းဥပဒေအထောက်အကူပြုအဖွဲ့၊ တအန်းကျောင်းသားနှင့်လူငယ်များ အဖွဲ့အပြင် ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့နယ်များမှ တအန်းလူငယ်အဖွဲ့များပါ ပါဝင် သည်။
TNLA ၏ လုပ်ရပ်ကို ကန့်ကွက်စာ ထုတ်သည့် တအန်းအရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့သည် တအန်းလူမှုအသိုင်းအဝိုင်း ထဲတွင် ဥပဒေရေးရာ အကူအညီများ၊ ပဋိပက္ခတွင်း အမျိုးသမီးများ၏ အခွင့်အရေးများ ရရှိရေး၊ ပညာရေး လက်လှမ်းမမီ သည့် တအန်းကလေးငယ်များကို အကူအညီပေးနေသည့်အပြင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ် ရှားနေသူများလည်း ပါဝင်ကြသည်။
တအန်းဥပဒေအထောက်အကူပြုအဖွဲ့မှ ဦးမိုင်းမျိုးအောင်က “လူထုတရပ်လုံးက စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက် နေချိန်မှာ သူတို့က တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်လိုက်တာက လူထုရဲ့ဆန္ဒနဲ့ ဆန့်ကျင်ကွဲ လွဲနေတာ တွေ့ရပါတယ်။ အဲဒီလို မဖြစ်ရအောင် ကျနော်တို့က လူထုနဲ့ တသားတည်း ရပ်တည်စေချင်လို့ပါ။ ကျနော်တို့က လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တယ်။ သူတို့ကိုလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သဘောထားပဲ ဖြစ်စေချင်လို့ပါ” ဟု ပြောသည်။
TNLA သည် မတ် ၁ ရက်မှစ၍ ၃၁ ရက်ထိ အာဏာသိမ်း စစ်ကောင်စီကို တဖက်သတ် အပစ်ရပ်ဆိုင်းပေးပါကြောင်း ၎င်း၏ မဟာမိတ်များ ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင်စစ်တပ် (AA) တို့နှင့် ပူးတွဲထုတ်ပြန်ချက်တစောင် ထုတ်ပြန်ထားသည့်အပေါ် တအန်းအရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက် ခြင်း ဖြစ်သည်။
တအန်း အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် တအန်းလူထုနှင့် တိုင်းရင်းသားပြည်သူ တရပ်လုံးက စစ်အာ ဏာရှင်စနစ် ပျက်ဆီးစေရန် ငြိမ်းချမ်းစွာ ဆန္ဒပြသော်လည်း စစ်တပ်နှင့်ရဲတို့က သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်နေသည်ကို TNLA က လူထုနှင့် မရပ်တည်ဘဲ အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်ရပ်ဆိုင်းသဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ဦးမိုင်းမျိုးအောင်က “ကျနော်တို့က အာဏာရှင်စနစ်ကို မလိုလားဘူး။ မလိုလားတာကို သူတို့ကိုလည်း လူထုသဘောထား နဲ့တူညီတဲ့ ရပ်တည်ချက်ကို ဖြစ်စေချင်ပါတယ်” ဟု ဆိုသည်။
TNLA အနေဖြင့် လူထုနှင့်အတူ မရပ်တည်ဘဲ စစ်ကောင်စီ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေး မည်ဆိုပါကလည်း တအန်းအရပ်ဘက် အဖွဲ့အစည်းများက လက်ခံမည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က တအန်းအရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့၏ ကန့် ကွက်စာနှင့်ပတ်သတ်၍ တစုံတရာ တုန့်ပြန်ပြောဆိုရန် မရှိပါဟု ပြောသည်။
စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးမည်ဟု ပြောဆိုထားသည်။
စစ်ကောင်စီက ကမ်းလှမ်းလာပါက ဆွေးနွေးခြင်း ပြုမပြု မေးမြန်းရာ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ဘယ်လို ရှိမလဲဆိုတော့ နဂိုတည်းက ကျနော်တို့ ရပ်တည်ချက်ဖြစ်တဲ့ စစ်ရေးနဲ့ဆိုရင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့၊ နိုင်ငံရေးဆိုရင် FPNCC ပေါ့။ အဲဒါ နဲ့ သွားရမှာပါ။ ကမ်းလှမ်းလာရင်လည်း မြောက်ပိုင်း ၄ ဖွဲ့ရော၊ FPNCC ရော အကုန်ညှိနှိုင်းပြီးမှ ဆောင်ရွက် ဖြစ်မှာပါ။ လော လောဆယ်တော့ ကမ်းလှမ်းတာလည်း မကြားရသေးပါဘူး”ဟု ပြောသည်။
ယနေ့ နံနက်ပိုင်းက TNLA တပ်ဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပြင်ရှိ မယ်ဟန်ကျေးရွာသို့ ရောက်လာသဖြင့် တပ်မတော်ဘက်ကလည်း မြို့ပြင်တဝိုက်တွင် တပ်ဖြန့်ထားခြင်းများ ပြုလုပ်ခဲ့သည်။
လားရှိုးမြို့တွင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆန္ဒပြနေသည့် လူထုကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ နေ့စဉ် ပစ်ခတ်ဖြိုခွင်းနေရာ ယနေ့ နံနက်ပိုင်းက TNLA ၏ လှုပ်ရှားမှု ရှိပြီးနောက် ဖြိုခွင်းခြင်း မပြုဘဲ နှုတ်ဖြင့်သာ လူစုခွဲရန် ပြောဆိုခဲ့သည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့က လူထုကို ဖြိုခွင်းခြင်း၊ ပစ်ခတ်ခြင်း ပြုလုပ်ပါက TNLA အနေဖြင့် တစုံတရာ တုန့်ပြန်ခြင်း၊ အကာ အကွယ်ပေးခြင်း ပြုမပြု မေးမြန်းရာ ဗိုလ်မှူးမိုင်းအိုက်ကျော်က ထိုအကြောင်းအရာနှင့် ပတ်သတ်၍ အထက်မှ တစုံတရာ ညွှန်ကြားထားခြင်း မရှိကြောင်းနှင့် ယနေ့ နံနက်ပိုင်းက ၎င်းတို့တပ်ဖွဲ့ လှုပ်ရှားမှုမှာလည်း ပုံမှန် စစ်ကြောင်း ဖြန့်ကျက်သွား လာလှုပ်ရှားမှု တခုသာ ဖြစ်ပါသည်ဟု ပြောဆိုသည်။
တပ်မတော်က ရွေးကောက်ခံအစိုးရ တဖွဲ့လုံးကို ဖမ်းဆီးပြီး အာဏာ သိမ်းလိုက်သည့်နောက်တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးထားသည့် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့က ဆန့် ကျင်ကြောင်း၊ ဆောင်ရွက်နေဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း လူထုကို အသိပေး ထုတ်ပြန်ခဲ့သော်လည်း TNLA အပါအဝင် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားတပ်ဖွဲ့များက နှုတ်ဆိတ်နေခဲ့သည်။
TNLA ၏ ခေါင်းဆောင်ပိုင်း တချို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လက္ခဏာအဖြစ် လက်သုံးချောင်း ထောင်ကာ လူထုနှင့် အတူ ရပ်တည်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် တင်ခဲ့သော်လည်း အဖွဲ့အစည်းအနေဖြင့် တပ်မတော်၏ အာဏာသိမ်း လုပ်ရပ်ကို တစုံတရာ ပြောဆိုခြင်း ယနေ့အချိန်ထိ မရှိပါ။
You may also like these stories:
ကော့ကရိတ်တွင် တပ်မတော် အရာရှိနှင့်စစ်သည်များ လုပ်ကြံခံရမှု လက်သည်မပေါ်သေး
AA ဖမ်းဆီးသွားသည့် ALP အဖွဲ့ဝင် ၅ ဦး ပြန်လည် လွတ်မြောက်လာ
စခန်းမှူး လုပ်ကြံသတ်ဖြတ်ခံရသည့် ကျောက်တော်တွင် လုံခြုံရေးတိုးမြှင့်