ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဦးဆောင်သူများကို ဖမ်းဆီးရမိရေး အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) သို့ အကြောင်းကြားထားပြီး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများတွင် ယနေ့ (မတ် ၂၃ ရက်) ထည့်သွင်းကြေညာထားသည်။
အဆိုပါ ကြေညာချက်တွင် CRPH ကို ဦးဆောင်ဖွဲ့စည်းထားသည့် အဖွဲ့ဝင် ၁၅ ဦး ဟုဆိုကာ ဓာတ်ပုံများနှင့်တကွ အမည်၊ အဖအမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာများပါ ပူးတွဲဖော်ပြထားပြီး သက်ဆိုင်ရာ တရားရုံးများက ဖမ်းဝရမ်း ထုတ်ဆင့်ထား သည့် ၎င်းတို့အား နီးစပ်ရာ ရဲစခန်းများသို့ သတင်းပေးပို့ရန်နှင့် လက်ခံထားသူများကိုပါ ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်း စစ်ကောင်စီက CRPH ကော်မတီဝင် ၁၅ ဦးနှင့် ယင်းကော်မတီက ခန့်အပ်တာဝန်ပေးခြင်းကို လက်ခံဆောင် ရွက်နေသူများအား နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုများဖြင့် အမှုဖွင့်ပြီး ဖမ်းဝရမ်း ထုတ်ထားသလို CRPH နှင့် ၎င်း၏အဖွဲ့အစည်းများကိုလည်း မတရားအသင်းအဖြစ် မတ် ၂၁ ရက်နေ့က ကြေညာခဲ့သည်။
တဖက်တွင်လည်း CRPH က အာဏာသိမ်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာထားရုံသာ မက လက်နက်မဲ့ ပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်နေမှုများ၊ ဖမ်းဆီးနှိပ်စက်နေမှုများနှင့် ပတ်သက်၍လည်း နိုင်ငံ တကာရာဇဝတ်ရုံး (ICC) သို့ တင်နိုင်ရန် ကြိုးစားနေသည်။
CRPH ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ကျမတို့က အရင်ကြေညာထားပြီးသားလေ။ တစ်အချက်က အာဏာ သိမ်းစစ်ကောင်စီ ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ အာဏာသိမ်းတယ်။ လူသတ်တယ်။ လူတွေကို ဖမ်းတယ်။ အတင်းအဓမ္မ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးတယ်။ ဒီလို အဖွဲ့အစည်းမျိုးက ဘယ်လိုပဲ ကြေညာသည်ဖြစ်စေ ကျမတို့အနေနဲ့က ဒါကို အသိအမှတ်ပြုစရာလည်း မလိုပါဘူး” ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “ကျမတို့ဘက်မှာ ပြည်သူရှိတယ်။ ကျမတို့ လုပ်နေတဲ့ အလုပ်တွေဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ပြီးတော့ တာဝန်ပေးအပ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါ တယ်။ ဒီအတွက်တော့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ စစ်ကောင်စီက ထုတ်တဲ့ မည်သည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် ကိုမှ လိုက်နာစရာ အသိအမှတ်ပြုစရာ မလိုပါဘူး” ဟုလည်း ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က နိုင်ငံ့အကြီးအကဲများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာ သိမ်းယူခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)ကို ဖွဲ့စည်းခဲ့ပြီး ခေတ္တ ဒုသမ္မတ အပါအဝင် အရေးပါသည့် အစိုးရအဖွဲ့ ယာယီဝန်ကြီးများ၊ နိုင်ငံတကာဆက်ဆံရေး သံတမန်များကို ခန့်အပ်ကာ စစ်အစိုးရကို ဖြုတ်ချပြီး အရပ်သားအစိုးရ ထူထောင်နိုင်ရေး ကြိုးပမ်းနေသည်။
အာဏာသိမ်း စစ်ကောင်စီသည် အာဏာသိမ်းယူပြီး ၅၁ ရက်မြောက် ရှိပြီဖြစ်သော်လည်း ပြည်သူ့ဝန်ထမ်များ၏ အကြမ်း မဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကြောင့် အစိုးရယန္တရားများ လည်ပတ်ရန် အခက်တွေ့နေသလို နိုင်ငံတကာ မျက်နှာစာတွင်လည်း ယနေ့အချိန်ထိ ၎င်းအား တရားဝင် အစိုးရအဖြစ် အသိအမှတ် ပြုထားခြင်း မရှိသေးပေ။
You may also like these stories:
သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း
အင်တာနက် ပုံမှန် ပြန်ပေးရန် အစီအစဉ် မရှိသေးဟု စစ်ကောင်စီ ပြော
စစ်ကောင်စီ၏ ဦးဖြိုးမင်းသိန်း ဗီဒီယိုဖိုင် ထုတ်ပြန်မှု လူများ မယုံကြည်ကြ