သတင်းတို

အင်တာနက် ပုံမှန် ပြန်ပေးရန် အစီအစဉ် မရှိသေးဟု စစ်ကောင်စီ ပြော

လတ်တလော ဖြတ်တောက်ထားသည့် အင်တာနက်လိုင်းများကို ပုံမှန်ပြန်ပေးရန် အစီအစဉ် မရှိသေးကြောင်း အာဏာ သိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောသည်။

“အခုလောလောဆယ်တော့ လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး။ ဘာလို့ အစီအစဉ် မရှိသေးလဲဆိုတော့ ဒီဆူပူအကြမ်းဖက်မှု တွေရဲ့ အဓိက လှုံ့ဆော်နေတဲ့ဟာသည် အွန်လိုင်းပေါ်ကနေ လှုံ့ဆော်နေတဲ့အတွက် ကျနော်တို့အနေနဲ့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတနိုင်ငံတွင် အဓိက အခြေခံ အကျဆုံး အရေးကြီးဆုံး လုပ်ငန်းသည် တရားဥပဒေ စိုးမိုးရေး တည်ငြိမ်ရေး လုပ်ငန်း စဉ် ဖြစ်ကြောင်း၊ ယခုအချက်အပေါ်တွင် မူတည်ပြီး ကျန်သည့် လုပ်ငန်းများကို တဆင့်ချင်း သွားရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြာသည်။

“ဒီနိုင်ငံမှာ ဖြစ်နေတဲ့ ဆူပူ အကြမ်းဖက်မှု တော်တော်များများသည် ဒီအင်တာနက် လူမှုကွန်ရက်ကနေ လှုံ့ဆော်ပြီးတော့မှ ဆောင်ရွက်တဲ့ဟာတွေကြောင့် ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ အနေနဲ့ကတော့ လုံလောက်တဲ့ အချိန် အတိုင်းအတာတခုအထိ ကန့်သတ်ထားရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာကို နှိပ်ကွပ်ထားခြင်းဖြင့် မြန်မာစစ်တပ်၏ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်များကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံ သံအမတ်ကြီးများက ပြီးခဲ့သည့် မတ် ၁၉ ရက် နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဒိန်းမတ်၊ ချက်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ် သာလန်၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှ သံအမတ်ကြီးများ ပူးပေါင်းလက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Loading