သတင်း

စစ်ကောင်စီ၏ ပြည်ပသစ်တင်ဒါပွဲ အမေရိကန် ဒေါ်လာ၂ သန်းနီးပါး ရောင်းချရ

Want create site? Find Free WordPress Themes and plugins.

ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်များ လုပ်နေသည့် စစ်ကောင်စီထံ ဝင်ငွေစီးဆင်းမှု မရှိစေရေး လုပ်ငန်းရှင်များထံ တိုက်တွန်းမှုများ ရှိနေသော်လည်း ယမန်နေ့က ပြုလုပ်သည့် သစ်တင်ဒါပွဲတွင် တန် ၂၁၃၀ ကျော် အမေရိကန် ဒေါ်လာ ၁.၈ သန်းကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။

မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနအနေဖြင့် ကျွန်းသစ်လုံး ၃၉၀ တန်၊ ကျွန်းခွဲသား၂၅၀ ကုဗမီ တာနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်ထုတ် သစ်မာသစ်လုံး ပျဉ်းကတိုး၊ ကညင် တန် ၄၀၃၀ နှင့် ကျွန်းခွဲသား ၁၄၇ ကုဗမီတာတို့အား အမေရိကန်ဒေါ်လာဖြင့် အိတ်ဖွင့် တင်ဒါခေါ် ရောင်းချခဲ့ခြင်း ဖြစ်သည်။

တင်ဒါပွဲ ပုံမှန်ထက် တက်ရောက် ဝယ်ယူသူ နည်းသော်လည်း ယမန်နေ့က တင်ဒါပွဲတွင် ကုမ္ပဏီ ၉ ခုက ဝယ်ယူခဲ့ကြောင်း၊ ကုမ္ပဏီ အချက်အလက်များအား မပေါက်ကြားရန် ဌာနက တင်းကြပ်ထားသည့်အတွက် မည်သည်ကုမ္ပဏီများ ဖြစ်သည် ကို အတည်ပြုနိုင်ခြင်း မရှိပေ။

သစ်တောဌာန ဝန်ထမ်းတဦးက “လုပ်ငန်းရှင်တွေ အနေနဲ့ စစ်ကောင်စီထံ ဝင်ငွေ စီးဆင်းမှု မဖြစ်စေဖို့ ငွေမသွင်းရန် အထူး လိုအပ်ပါတယ်။ တင်ဒါအောင်ပြီးသစ်တွေအတွက် ငွေသွင်းလိုက်တာနဲ့ မြန်မာ့သစ်လုပ်ငန်းက ပုဂ္ဂလိကဘဏ်တွေကနေ တဆင့် မြန်မာ့စီးပွားရေးဘဏ် ကို account transfer နဲ့ ပေးသွင်းမှာဖြစ်လို့ အချိန်မီ တားဆီးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ သစ်တန် တသောင်းကျော်အား တင်ဒါခေါ် ရောင်းချပွဲပြုလုပ်ခဲ့ပြီး သစ်လုပ်ငန်းရှင် ၇၀ ခန့်က ဝယ်ယူခဲ့ကြကြောင်းသိရသည်။ သို့သော် ရောင်းချခဲ့ရသည့် သစ်တန်နှင့် ငွေကြေးပမာဏကိုမူ မသိရှိရသေးပေ။

ပြည်တွင်း သစ်လုပ်ငန်းရှင် တဦးက “ကျနော်ကတော့ အခု တင်ဒါတွေကို မတက်ဖြစ်ဘူး။ အခုက ဈေးကွက်က အေးနေ တာ၊ စက်မှာရှိတဲ့ သစ်လေးတွေနဲ့ လည်ပတ်ရတဲ့ အခြေအနေပဲ၊ ပြည်ပပို့မယ့် လမ်းကြောင်းကလည်း ဘယ်လိုငွေချေကြ မလဲ၊ အခုက ဘဏ်တွေကလည်း အဆင်မပြေဘူးလေ၊ လမ်းကြောင်းရှိသူ တချို့ကတော့ လုပ်ကြပါလိမ့်မယ်” ဟု ပြော သည်။

လက်ရှိ စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် မငြိမ်မသက် ဖြစ်နေချိန်တွင်လည်း သစ်မှောင်ခိုသမားများ အနေဖြင့် ပိုမို အတင့်ရဲလာကြပြီး လုပ်ငန်းရှင်တချို့နှင့် ပူးပေါင်းကာ သစ်မှောင်ခိုများ ခေါင်းထောင်လာမှုများ ရှိနေကြောင်းလည်း သစ်တောဌာန ဝန်ထမ်းတဦးကပြောသည်။

“ပြည်တွင်း ကုမ္ပဏီအချို့လည်း အခွင့်ကောင်းယူကြတာတွေ ရှိကြပါတယ်။ ဥပမာ ဌာနက လေလံပစ်တဲ့ မကောင်းတဲ့ လပ်ပုံတွေ လေလံဆွဲ။ လေလံအောင်ရင် အဲဒီ လပ်ပုံအစား တောထဲက တရားမဝင်သစ်ကောင်းတွေနဲ့ အစား ထိုး။ အဲဒီလို လုပ်ကြတာမျိုး ရှိပါတယ်။ အဲဒီတော့ တရားမဝင် သစ်ခိုးထုတ်မှုတွေ (သစ်မှောင်ခိုတွေ) ဆိုတာ ဒီလို အချိန်မှာ အများဆုံး လုပ်ကြ တာများပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် NLD အစိုးရ လက်ထက်တွင် မှောင်ခိုသစ်ဖမ်းဆီးရမိမှု အနေဖြင့် တန် ၂ သိန်းကျော်ရှိခဲ့ပြီး မြန်မာ့ သစ်လုပ်ငန်း အနေဖြင့် အဆိုပါ ဖမ်းမိသစ်များအား ရံဖန်ရံခါ တင်ဒါခေါ် ရောင်းချလျှက်ရှိရာတွင် အာဏာသိမ်းစစ် ကောင်စီအနေဖြင့် လည်း ဌာနထုတ်သစ်များနှင့်အတူ ဖမ်းမိသစ်များကိုပါ ပူးတွဲရောင်းချပြီး အာဏာသိမ်း ယန္တရားလည်ပတ်နိုင်ရေး ဝင်ငွေ ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ(EIA)၏ မေလ၂၁ ရက် က ထုတ်ပြန်ခဲ့သည့် အစီအရင်ခံစာတွင်လည်း အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံတကာဈေးကွက်သို့ သစ်များ ရောင်းချခြင်းဖြင့် “အာဏာသိမ်းမှု စရိတ်”ရှာဖွေရန် ကြိုးပမ်းနေကြောင်း ပြောဆိုထားသည်။

“နိုင်ငံပိုင် လုပ်ငန်းတခုက အခုလို ရောင်းချတာဟာ စစ်အစိုးရက မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဆက်လက်ဖိနှိပ် ထားဖို့ အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံခြားငွေ ရှာပေးဖို့ကလွဲလို့ တခြား မကြောင်းမရှိနိုင်ပါဘူး” ဟု EIA ၏ သစ်တော ရေး ရာ လှုံ့ဆော် ဆောင်ရွက်မှု ခေါင်းဆောင် ဖိတ်သ် ဒိုဟာတီက ပြောထားသည်။

တရားမဝင်မှု၊ အကျင့်ပျက် ခြစားမှုများဖြင့် နာမည်ကျော်သည့် မြန်မာ့သစ်လုပ်ငန်းအား အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့က ပိတ်ဆို့ဒဏ်ခတ်ထားပြီး မကြာသေးမီကလည်း စစ်ကောင်စီကခန့်ထားသည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီး ဦးခင်မောင်ရီအား အမေရိကန်၏ ပိတ်ဆို့ အရေးယူမှု စာရင်းတွင် ထပ်မံထည့်သွင်းခဲ့သည်။

ဥရောပသမဂ္ဂ(EU) တွင် ဗြိတိန်နိုင်ငံတို့အနေဖြင့်လည်း ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် EIA တာဝန်ရှိသူ များက တိုက်တွန်းထားသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဝင်ငွေရရှိရေးအတွက် သယံဇာတပစ္စည်းများအား လေလံတင်ရောင်းချမှုများ ဆက် တိုက် ပြုလုပ်လျှက်ရှိရာမှာ ပြီးခဲ့သည့် ဧပြီ ၁ ရက်မှ ၁၀ ရက်အထိ ကျောက်မျက် ရတနာပြပွဲ တခုကိုလည်း နေပြည်တော် တွင် ကျင်းပခဲ့ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့သည်။

ယင်းပြပွဲတွင် ပုလဲအတွဲ ၃၁၇ တွဲအား ကျပ် ၁၄၂၇.၂၆ သန်းဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၁၉၅၅ တွဲအား ကျပ် ၃၁၅၉၅.၇၉ သန်းဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲ ၅၂ တွဲအား ကျပ် ၄၂၅.၈ သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရ သည်။

ယခုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီမှ နိုင်ငံပိုင် သယံဇာတများအား ရောင်းချကာ ဝင်ငွေ ရှာဖွေနေမှုများအပေါ် ပြည် ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) တို့က ကန့်ကွက်ထားပြီး ဝင်ရောက် ဝယ်ယူသည့် ကုမ္ပဏီ လုပ်ငန်းရှင်များအား အမည်ပျက် စာရင်းသွင်းကာ အရေးယူမည်ဖြစ်ကြောင်းလည်း ကြေ ညာထားသည်။

NUG ၏ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကလည်း ပြည်သူပိုင် ပစ္စည်းများအား အလွဲသုံး စားပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီအတွက် ရန်ပုံငွေ ရှာဖွေနေမှုများအား လုံးဝ (လုံးဝ) လက်ခံမည် မဟုတ်ကြောင်း နှင့် ဆက်လက်ဆောင်ရွက်ပါက လေလံတင် ရောင်းချမှုတွင် ပါဝင်သည့် ဝန်ထမ်းများအား ပြည်သူပိုင်ပစ္စည်းဖျောက်ဖျက်မှု၊ ပြည်သူ့ ဘဏ္ဍာ အလွဲသုံးစား လုပ်မှုများဖြင့် အမည်ပျက်စာရင်း ရေးသွင်းသွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

You may also like these stories:

ရန်ကုန်မီးရထားရုံးဟောင်း ဟိုတယ်ဆောက်လုပ်ရေး တနှစ်နားမည်

ဓာတ်ငွေ့ပိုက်လိုင်း အကျိုးအမြတ် MOGE ကို ထုတ်မပေးရန် Total နှင့် Chevron သဘောတူ

အာဏာသိမ်းမှု ၃ လအတွင်း စစ်ကောင်စီလက်ချက်ဖြင့် ကလေးသူငယ် ၇၃ ဦးမက သေဆုံးခဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading