မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) အား ၎င်း၏ငွေပေးချေမှုများမှ အကျိုးကျေးဇူး ခံစားနေရသောကြောင့် ပြင်သစ်စွမ်းအင်လုပ်ငန်းကြီး Total သည် မကြာသေးမီက ပြင်သစ်သတင်းစာ Le Monde တွင် ဝေဖန်ခံရသည်။ ထိုသို့ပေးချေသောငွေသည် မြန်မာစစ်ကောင်စီကို အထောက်အကူပြုနေပြီး ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း သွေးချောင်းစီးသတ်ဖြတ်မှုများကို ဆက်လက်လုပ်ကိုင်နိုင်စေကြောင်း မကြာသေးမီက သတင်းများက ဆိုထားသည်။
ယခုမူ “မြန်မာနိုင်ငံမှ မတည်ငြိမ်သော အခြေအနေများကြောင့်” ဟု အကြောင်းပြကာ Total နှင့် အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့ နှစ်ခုပေါင်း ၅၉ ဒဿမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်သော မုတ္တမ ဓါတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (MGTC) သည် အစုရှယ်ယာရှင်များသို့ ငွေခွဲဝေမှုကို ဧပြီ ၁ ရက်နေ့မှ စတင်ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း Total က ယမန်နေ့ မေလ ၂၆ ရက်၌ ကြေညာခဲ့သည်။ ထိုရေနံလုပ်ငန်းနှစ်ခုသည် MGTC ရှယ်ယာရှင်များအစည်းအဝေးတွင် ငွေပေးချေမှု ဆိုင်းငံ့ထားရေးကို ပူးတွဲအဆိုပြုခဲ့သည်ဟု ပြင်သစ် ကုမ္ပဏီက ဆိုသည်။
Le Monde သတင်းစာ၏ အဆိုအရ ဘာမြူဒါတွင် အခြေစိုက်ပြီး မြန်မာနိုင်ငံရှိ ရတနာဓာတ်ငွေ့တွင်းမှ ထိုင်းနိုင်ငံသို့ ဓာတ် ငွေ့များ ပို့ဆောင်ပေးသည့် ပိုက်လိုင်းကို လုပ်ကိုင်နေသည့် MGTC က ပင်လယ်ရပ်ခြား အခွန်ရှောင်ရှားရေး အစီအစဉ်တွင် ပါဝင်ပတ်သက်နေသည်။ MGTC ၏ အစုရှယ်ယာရှင်များမှာ Total နှင့် အတူ ထိုင်းနိုင်ငံမှ PTTEP၊ မြန်မာ မှ MOGE နှင့် အမေရိကန်ပြည်ထောင်စု မှ Chevron CVX.N တို့ ဖြစ်သည်။
ဘာမြူဒါတွင် ရရှိသည့် အစုရှယ်ယာမှ အမြတ်အစွန်းများသည် မြန်မာနိုင်ငံတွင် အခွန်အကောက် ပေးစရာမလို သောကြောင့် MGTC ၏ အစုရှယ်ယာရှင်များ အကျိုးအမြတ်ခံစားခဲ့ရပြီး မြန်မာနိုင်ငံ၏ ဘဏ္ဍာတိုက်တွင် အဆိုပါဝင်ငွေများ ဆုံးရှုံးခဲ့ရသည်ဟု Le Monde သတင်းစာက ဆိုသည်။
MGTC မှ ရရှိလာသော အကျိုးအမြတ်များအပေါ် MOGE က စီမံခန့်ခွဲမှုနှင့် အကျိုးခံစားခွင့်ရှိသူများကို မသိရှိရသည့်အပြင် MOGE တွင် ပွင့်လင်းမြင်သာမှု မရှိသော “သီးခြားငွေစာရင်းများ” တွင် ဝင်ငွေများကို ထိန်းသိမ်းထားခဲ့သည်။
ဗြိတိန်နိုင်ငံခြေစိုက် သတင်းလုပ်ငန်းဖြစ်သော Finance Uncovered နှင့် ပူးပေါင်းဆောင်ရွက်နေသည့် Justice for Myanmar က သရုပ်ခွဲလေ့လာချက်အရ MGTC သည် အကျိုးအမြတ် များလွန်းပြီး ၂၀၁၉ ခုနှစ် အထိ ၃ နှစ်တာကာလ ရှယ်ယာရှင်များကို ဒေါ်လာ ၈၇၂ ဒဿမ ၈ သန်း အမြတ်ခွဲဝေနိုင်ကြောင်း သိရသည်။
ထို့ကြောင့် MGTC တွင် ရှယ်ယာ ၁၅ ရာခိုင်နှုန်းပိုင်သော MOGE သည် ထိုကာလအတွင်း ဒေါ်လာ ၁၃၀.၉ သန်း သို့မဟုတ် တနှစ်လျှင် ဒေါ်လာ ၄၃.၆ သန်း ရရမည် ဖြစ်သည်။
ဘာမြူဒါရှိ MGTC ၏ ဘဏ္ဍာရေးသေးစိတ်များကို ဆယ်စုနှစ် နှစ်ခုကြာ လျှို့ဝှက်ထားခဲ့ပြီး ယခုနှစ်အစောပိုင်းမှသာ ထိုအချက်အလက်များကို အကျိုးအမြတ်မယူသည့် ပွင့်လင်းမြင်သာမှု စုပေါင်းလုပ်ငန်း Distributed Denial of Secrets က စုံစမ်းရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသည့် ကုမ္ပဏီများသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းသော စစ်တပ်သို့ ၎င်းတို့၏ ငွေပေးချေမှုများ ရပ်ဆိုင်းရန် လူ့အခွင့်အရေးအဖွဲ့များနှင့် မြန်မာစင်ပြိုင်အစိုးရ၏ ဖိအားကို ရင်ဆိုင်နေရသည်။
ထိုသို့ အမြတ်ငွေခွဲဝေမှု ဆိုင်းငံ့ခြင်းကို တက်ကြွလှုပ်ရှားသူအဖွဲ့ဖြစ်သော Justice for Myanmar ကထောက်ခံပြီး ထိုသို့လုပ်ခြင်းသည် စစ်ကောင်စီ၏ဝင်ငွေကို ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်းပြောသည်။
“သို့သော် ထိုငွေသည် မြန်မာနိုင်ငံရှိ Total ၏ လုပ်ငန်းများမှ စစ်ကောင်စီက ရသော ဝင်ငွေများ၏ သေးငယ်သော အစိတ်အပိုင်းသာဖြစ်သည်ဟု မှတ်ချက်ချလိုကြောင်းနှင့် ထိုဝင်ငွေများတွင် ဓါတ်ငွေ့ရောင်းရငွေမှ ဝေစု၊ ဂါရဝကြေးနှင့် လုပ်ငန်းဝင်ငွေခွန်များ ပါဝင်သည်” ဟု Justice For Myanmar မှ ဒေါ်ရတနာမောင်က ကြေညာချက်တစောင်တွင် ပြောသည်။
၎င်းတို့သည် မြန်မာတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများကို ရှုတ်ချကြောင်းနှင့် ၎င်းတို့သည် သက်ဆိုင်ရာ နိုင်ငံတကာနှင့် နိုင်ငံအာဏာပိုင်များက ချမှတ်နိုင်သည့် မည်သည့် ဆုံးဖြတ်ချက်မဆိုကို လိုက်နာမည်ဖြစ်ကြောင်း Total က ပြောကြားသည်။
သို့သော် မြန်မာနှင့် ထိုင်းနိုင်ငံများမှ ပြည်သူများအတွက် အဓိကကျသည့် လျှပ်စစ်ဓါတ်အား မပြတ်တောက်ရေး တည်ဆဲဥပဒေများနှင့်အညီ ဓါတ်ငွေ့ကို ဆက်လက်ထုတ်လုပ်နေဦးမည်ဟု Total က ဆိုသည်။
ရတနာလုပ်ကွက်တွင်လည်း ရှယ်ယာ ၃၁ ဒဿမ ၂ ရာခိုင်နှုန်း ပိုင်ပြီး အော်ပရေတာလည်း ဖြစ်သော Total က ၎င်း၏ အလုပ်သမားများကို အဓမ္မအလုပ်ခိုင်းစေခြင်းမှ ကာကွယ်ရန်နှင့် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို ထိန်းသိမ်းထားနိုင်ရန် မြန်မာနိုင်ငံတွင် ဓာတ်ငွေ့များ ဆက်လက်ထုတ်လုပ်၍ စစ်အစိုးရသို့ အခွန်များ ဆက်လက် ပေးနေရဦးမည် ဖြစ်ကြောင်း အမှုဆောင် အရာရှိချုပ် Patrick Pouyanne က Le Journal du Dimanche သတင်းစာမှ ဆောင်းပါးတခုတွင် ရေးသည်။
Total က မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ် ကတည်းက ရှိနေခဲ့ပြီး လူ ၂၅၀ ခန့်ကို အလုပ်ပေးထားသည်။ ထုတ်လုပ် ရေး ကန်ထရိုက်စာချုပ်ဖြင့် Total က လုပ်ကိုင်နေသည့် ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့တွင်းက လူဦးရေ ၅ သန်းခန့် နေထိုင်သော ရန်ကုန်မြို့တော်၏ တဝက်ခန့်ကို လျှပ်စစ်ဓာတ်အား ပေးထားပြီး ဓာတ်ငွေ့ အများစု တင်ပို့ရာ နေရာဖြစ်သော ထိုင်းနိုင်ငံ အနောက်ပိုင်းကို ဓာတ် ငွေ့ ထောက်ပံ့ ပေးနေသည်။
ဓါတ်ငွေ့ထုတ်လုပ်မှု ရပ်ဆိုင်းသွားခြင်းသည် မြန်မာနိုင်ငံသားများ၏ အသက်မွေးဝမ်းကြောင်းများကို ခြိမ်းခြောက်မည်ဖြစ်သည်။ သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု၏ ၅ ပုံ ၁ ပုံခန့်ကို ပြည်တွင်းတွင် သုံးစွဲနေပြီး အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုတွင် သုံးစွဲနေရသည်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ် ၆ ဂစ်ဂါဝပ် ထုတ်လုပ်ပေးနေပြီး ဓါတ်ငွေ့သည် မြန်မာနိုင်ငံ လျှပ်စစ်ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းရှိကြောင်း အစိုးရစာရင်းဇယားများ အဆိုအရ သိရသည်။
ရတနာသဘာဝဓါတ်ငွေ့လုပ်ကွက်ရော သဘာဝဓါတ်ငွေ့ကို ထိုင်းသို့ပေးပို့သည့် ပိုက်လိုင်းတွင်ပါ ၂၈.၃ ရာခိုင်နှုန်း ပိုင်ဆိုင်သော Chevron ကလည်း “စစ်ကောင်စီကို ထပ်မံအရေးယူရန် တောင်းဆိုမှုများ ရှိသည်။ မိမိတို့သည် အမေရိကန်ပြည်ထောင်စုက ချမှတ်သည့် မည်သည့်အရေးယူမှုကိုမဆို လိုက်နာမည်ဖြစ်သည်။ အချို့သောသူများကို ဓါတ်ငွေ့ထုတ်လုပ်မှု ရပ်ဆိုင်းရန် တောင်းဆိုပြီး အခြားသူများက မြန်မာအစိုးရပိုင် စွမ်းအင်ကုမ္ပဏီနှင့် အဓိက စည်းကမ်းထိန်းကြောင်းသည့် လုပ်ငန်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) သို့ ပေးငွေများကို တတိယအဖွဲ့အစည်းတွင် ထိန်းသိမ်းထားရန် တောင်းဆိုသည်။ မည်သည့် အရေးယူမှုမဆိုသည် ရည်ရွယ်ချက်ကောင်းသော ဆုံးဖြတ်ချက်များကြောင့် မြန်မာပြည်သူများအတွက် မရည်ရွယ်သော ကြိုတင် မခန့်မှန်းနိုင်သော အကျိုးဆက်များ မဖြစ်ပေါ်ရေးကို ထည့်သွင်းစဉ်းစားသင့်သည်” ဟုလည်း ယမန်နေ့ကပြောသည်။
You may also like these stories:
MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း
ရဲတံခွန် ဂတ်စ်ထုတ်လုပ်ရေး မလေးရှား Petronas ရပ်ဆိုင်း
စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ