သတင်း

တရားလို စခန်းမှူး ရုံးချိန်းပျက်ကွက်၍ ရဲတိုက်အမှု ရက်ရွှေ့ဆိုင်း

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ရဲတိုက်၏ အမှုတွင် စစ်ဆေးမည့် တရားလို လသာမြို့နယ်စခန်းမှူး ခွင့်တိုင်ကြား ပျက်ကွက်ခဲ့သောကြောင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်း ရွှေ့ဆိုင်းခဲ့ကြောင်း ရဲတိုက်၏ ရှေ့နေထံက သိရသည်။

၅၀၅ (က) ဖြင့် တရားစွဲဆိုထားသော ရဲတိုက်၏ အမှုအား ယနေ့ (ဇွန်လ ၁ ရက်) တွင် လသာမြို့နယ် တရားရုံးတွင် စစ်ဆေး ရန် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ တရားလိုဖြစ်သူ ရုံးချိန်း ပျက်ကွက်သောကြောင့် ရုံးချိန်းအား ဇွန်လ ၁၅ ရက်ကို ပြန်လည် ချိန်းဆိုခဲ့ပြီး အဆိုပါ ရုံးချိန်း တွင် တရားလို စခန်းမှူးနှင့်အတူ တရားလိုပြသက်သေ ၁ ဦးတို့အား စစ်ဆေးသွားမည် ဖြစ် ကြောင်း သိရသည်။

ရဲတိုက်၏ ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က “စစ်ဆေးရမယ့် တရားလို လသာမြို့မ ရဲစခန်းရဲ့ စခန်းမှူးက ဒီကေ န့ ရုံးချိန်းကို မလာဘူးပေါ့။ လုံခြုံရေး တာဝန်တခုထမ်းဆောင်နေလို့ ဆိုပြီး ခွင့်တင်သွားတယ်။ အဲဒါကြောင့် မစစ်ရသေးပါဘူး။ သူ့ကိုစစ် ပြီးမှ တခြားသက်သေတွေကို စစ်ရမှာဆိုတော့ ဇွန်လ ၁၅ ရက်ကို ပြန်ချိန်းထားပါ တယ်” ဟု ပြောသည်။

ရဲတိုက်သည် အွန်လိုင်း မီဒီယာတခုတွင် CDM ကိစ္စနှင့် ပတ်သက်သည့် အင်တာဗျူး ဖြေဆိုခဲ့ခြင်း၊ ရဲတိုက်ဆိုသည့် အကောင့် တွင် တင်ထားသော စာသားများမှာ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအား အနှောင့်အယှက် ဖြစ်စေသည်ဟု ဆိုကာ ရဲတိုက်အား ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

လက်ရှိတွင် သရုပ်ဆောင် ရဲတိုက်အား အင်းစိန်အကျဉ်းထောင် သီးသန့်ဆောင်တွင် ထားရှိထားပြီး ကျန်းမာရေး ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

သရုပ်ဆောင် ရဲတိုက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇဝတ်ပုဒ်မ ၅၀၅ (က) ဖြင့် လသာမြို့နယ် တရားရုံးနှင့် မူးယစ် စေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတို့တွင် တရားစွဲဆိုထားသည်။

အဆိုပါ အမှု၂ မှုကို ၁ မှုလျှင် ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးမည်ဖြစ်ကြောင်း မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၅၀၅ (က)သည် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ သို့ မဟုတ် ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး မူးယစ်စေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) သည် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အတွင်း ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီက တရားစွဲထားသည့် အနုပညာရှင်များ၏ အမှုအခြေအနေ

ကြောက်တရားတွေ ဖိနှိပ်မှုတွေနဲ့ မရှင်သန်လိုဘူးဆိုတဲ့ ထားထက်ထက်နဲ့ မေးမြန်းခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading