ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ဝေါလေနှင့် ဖလူးတွင် အာဏာသိမ်းစစ်တပ်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တို့ပူးပေါင်းပြီး ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်များနှင့် ဇွန်လ ၁ ရက်နေ့ကစပြီး တိုက်ပွဲများဖြစ်ပွားနေသည်။
တော်လှန်ရေးတပ်များဘက်တွင် မြဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက်အဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ BGF ခွဲထွက် အဖွဲ့များနှင့် အတူ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မြ၏ သားဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ပါဝင်သည်။
KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက “အခုကတော့ လူထုတချို့လည်း ပါတယ်။ အခုကတော့ အချိန်တန်ပြီ။ အားလုံးအောင်မြင်အောင် တိုက်ပွဲဝင်ကြပါ။ အခုကတော့ ကျနော်တို့အတွက် အချိန်ကောင်းတဲ့အတွက် အခုလုပ်ကြဖို့ပဲ။ စကားတွေ များများမပြောရဘူး။ လုပ်ဖို့ပဲ။ ခြေညီ၊ လက်ညီနဲ့ စုစုစည်းစည်းလုပ်ကြဖို့ပဲ။ တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ ပြောလို့မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့တောင်ဘက် ဝေါလေမြိုင်မြို့နယ်ရှိ ဝေါလေရဲစခန်းနှင့် မြန်မာစစ်တပ်၏ စစ်စခန်းများကို ပူးပေါင်းစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
တော်လှန်ရေးတပ်ဖွဲ့များက ပုခုံးထမ်းလောင်ချာ (RPG) ဖြင့် ဝေါလေရဲစခန်းကို စတင်ပစ်ခတ်ပြီးနောက် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံအရပ်သားများလည်း သောင်းရင်းမြစ်တဘက်ရှိ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်း ဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်တပ်ဘက်ကလည်း တော်လှန်ရေးအင်အားစုများကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေပြီး ထိုင်းနိုင်ငံဘက်အခြမ်းသို့ လက်နက်ကြီးကျည် တလုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။
ဝေါလေမြို့ တိုက်ခိုက်မှုအတွင်း BGF တပ်ဖွဲ့ဝင်အချို့သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်ရှိကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်နယ်ဒါးမြ က “တချို့ BGF ကလူတွေပါပေမယ့် တချို့လူတွေ မပါဘူး။ စစ်ကောင်စီနောက်လိုက်တဲ့ လူတွေလည်းရှိတယ်။ လူထုဘက်ကို ရပ်တည်ပြီး တိုက်ကြမယ့်လူတွေလည်းရှိတယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း BGF တပ်ဖွဲ့ဝင်များ ပါဝင်နေမှုနှင့် ပတ်သက်၍ မေးမြန်းရန် BGF တပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ၎င်း ခရီးဝေးရောက်နေသဖြင့် တိုက်ပွဲဖြစ်ပွားမှုများကို သေချာမသိကြောင်း ပြောသည်။
စစ်ဘေးရှောင်နေသည့် ဒေသခံတဦးက “လက်ရှိ အချိန်အထိ ဝေါလေ ဘက်က လက်နက်ကြီး ပစ်သံတွေ ဆက်တိုက် ကြားနေရတုန်းပဲ။ မနက် ၉ -၁၀ နာရီလောက်မှာ ထိုင်းဘက်ခြမ်းထဲ လက်နက်ကြီးတလုံးကျတယ်။ လူနေအိမ်နဲ့ နီးတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူး” ဟု ပြောကြားသည်။
ဇွန်လ ၁ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့များသည် မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာဝန်းကျင်တွင် မြန်မာစစ်တပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များဘက်မှ တပ်ဖွဲ့ဝင် ၃၂ ဦးကျဆုံးကြောင်း မြဝတီ PDF နှင့် ဗိုလ်မှူးချုပ်ကျော်သက် ဦးဆောင်သည့် DKBA ခွဲထွက်အဖွဲ့တို့က သတင်းထုတ်ပြန်ထားသော်လည်း ဧရာဝတီက အရေအတွက်အတိအကျကို အတည်မပြုနိုင်ပေ။
လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မဲ့ကော်ကေး ဒေသဘက်သို့ ထွက်ပြေးလာသော စစ်ဘေးရှောင် စုစုပေါင်း ၄၀၀ ကျော်ခန့်ရှိနေပြီး အရေအတွက် ထပ်တိုးလာနိုင်ချေလည်းရှိကြောင်း စစ်ဘေးရှောင်အချို့ထံမှ သိရသည်။
စစ်ဘေးရှောင်များကို သွားရောက်ကူညီလိုသည့် အရပ်ဘက်အဖွဲ့များရှိနေသော်လည်း ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ထိုင်းအာဏာပိုင်များက အရပ်ဘက်အဖွဲ့အစည်းများကို စစ်ရှောင်စခန်းများသို့ သွားခွင့် မပေးဘဲ ထိုင်းအာဏာာပိုင်များကသာ စစ်ရှောင်များကို လာရောက်ထောက်ပံ့ကူညီနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
You may also like these stories:
ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ